သတင်း

စစ်ကောင်စီက ဗိုလ်မှူးချုပ်တစ်ဦးနှင့် စီးပွားရေးသမားများကို ဖမ်းဆီးအရေးယူ

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု အကျိုးဆက်အနေဖြင့် မြို့ကြီးများတွင် လျှော့စျေးဖြင့် ရောင်းချသည့် ဆန်၊ ဆီ ဝယ်ယူရန် လူအများ တိုးဝှေ့တန်းစီနေရချိန်တွင် ကုန်သွယ်ရေးလုပ်ငန်းမှ အရေးပါသည့် ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် စီးပွားရေးသမားတချို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးအရေးယူလိုက်သည်။

အရေးယူခံရသည့် စစ်အရာရှိမှာ ပို့ကုန်သွင်းကုန်လိုင်စင်နှင့် ဒေါ်လာဝယ်ယူခွင့်ကိစ္စများတွင် အရေးပါသူတစ်ဦးဖြစ်သော၊ စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတွင်လည်း တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ဗိုလ်မှူးချုပ်ရန်နောင်စိုးဆိုသူဖြစ်သည်။

ဗိုလ်မှူးချုပ်ရန်နောင်စိုးကို စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကာ ယနေ့အချိန်ထိ ပြန်မလွတ်သေးကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် ကုန်သည်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

စက်သုံးဆီ၊ စားသုံးဆီ၊ ပို့ကုန်သွင်းကုန်လိုင်စင်အပါအဝင် နိုင်ငံခြားငွေဝယ်ယူမှုကိစ္စများနှင့် ပတ်သက်၍ စစ်ဆေးခံနေရခြင်းဖြစ်ကာ စီပွားကူးသန်းဝန်ကြီးဌာနမှ အရာရှိသုံးဦးသည်လည်း ပြောင်းတင်ပို့မှုလိုင်စင်နှင့် ပတ်သက်၍ စစ်ဆေးခံရသည်ဟု တရုတ်-မြန်မာနယ်စပ်မှ ထိုကုန်သည်က ဆိုသည်။

“ပါမစ်ပေးတာ မှားတယ်ရယ်၊ နောက်ပြီး (ပို့ကုန်ရငွေ) ပြန်သွင်းခိုင်းတာ မသွင်းတာရယ်ကြောင့်ပေါ့” ဟု စစ်ဆေးခံရသည့် အကြောင်းရင်းကို ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့် အရေအတွက် ရာဂဏန်းရှိနေပြီ၊ ထိုအထဲတွင် ဗိုလ်မှူးချုပ်ရန်နောင်စိုးနှင့် ကုန်သွယ်ရေးအရာရှိများအပြင် ဆန်၊ ဆီ၊ ပြောင်းနှင့် ငွေကြေးဈေးကွက်မှ လုပ်ငန်းရှင်များလည်း ပါဝင်သည်ဟု ပြည်တွင်းသတင်းဌာနများက ရေးသားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရကို ဆက်သွယ်မေးမြန်းရာ၌ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ပြောဆို၍မရကြောင်း တုံ့ပြန်သည်။

နိုင်ငံတကာ၏ ပိတ်ဆို့မှုများနှင့် ဝိသမလောဘသားများကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွားရှာသူများကို အရေးယူထားကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လားရှိုးမြို့တပ်မိသားစုဝင်များကို စက်တင်ဘာ ၉ ရက်နေ့က သွားရောက် တွေ့ဆုံရာ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌနှင့် စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးသည် ဆီကုန်သည်ကြီးများကို နေပြည်တော်သို့ ဆင့်ခေါ်ကာ စျေးချပြီးရောင်းရန် သတိပေးခဲ့သည်။ နောက်တစ်ရက်တွင် စားသုံးဆီအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် ဆီကုန်သည်တချို့ကို စသုံးလုံးက ဖမ်းဆီးစစ်ဆေးခဲ့သည်။

ကုန်ဈေးနှုန်းတက်နေခြင်းမှာ လောဘကြီးသည့် စီးပွားရေးသမားများကြောင့်ဖြစ်သည်ဟု စွပ်စွဲပြစ်တင်သည့် စစ်ကောင်စီက ဖမ်းဆီးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာသည်။

ကုန်ဈေးနှုန်းကို အကြောင်းပြုဖမ်းဆီးသလို ပို့ကုန်လုပ်ငန်းရှင်များကိုလည်း ပြီးခဲ့သည့် လေးနှစ်အတွင်း ပို့ကုန်ရငွေများ မဖြစ်မနေပြန်ထည့်ခိုင်းနေခြင်းကြောင့် ကုန်သည်အများအပြား တိမ်းရှောင်နေကြသည်ဟု တရုတ်-မြန်မာနယ်စပ် ကုန်သည်တစ်ဦးက ဆိုသည်။

“Back Date လို ဖြစ်ပြီးတော့ ပြန်သွင်းခိုင်းတာက အဆင်မပြေတော့ဘူး။ ပစ္စည်းကလည်း ရောင်းပြီးပြီ။ ပိုက်ဆံကလည်း အကုန်ယူပြီးပြီ။ ဘယ်နေ့က တင်ပို့မှုနဲ့ အကျုံးဝင်တယ်ဆိုပြီးတော့ လုပ်တယ်။ တချို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” ဟု သူက ဆိုသည်။

ပို့ကုန်ရငွေပြန်မထည့်သည့် ကုမ္ပဏီများကို တရားစွဲမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန်လိုင်စင်ပိတ်သိမ်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ရန်နောင်စိုးက ဖမ်းဆီးစစ်ဆေးမခံရမီ ဩဂုတ် ၁၉ ရက်နေ့က ပြုလုပ်သည့် နေပြည်တော်ဆွေးနွေးပွဲတစ်ခုတွင် ပြောဆိုထားသည်။

ဗိုလ်မှူးချုပ်ရန်နောင်စိုးသည် လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ လူယုံတစ်ဦးဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာသည့်အပြင် ဘက်ပေါင်းစုံပိတ်ဆို့ခံရခြင်းကြောင့် နိုင်ငံခြားငွေ တစ်နေ့တစ်ခြား လျော့နည်းလာရာ ဒေါ်လာထွက်ငွေ အကြီးအကျယ်ကန့်သတ်လာချိန် ဒေါ်လာအသုံးပြုတင်သွင်းရသည့် သွင်းကုန်ပါမစ်ရရှိရေးအတွက် ဗိုလ်မှူးချုပ်ရန်နောင်စိုး၏ ခွင့်ပြုချက်သည် အခရာကျကြောင်း ၎င်းတို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button