သတင်း

စားအုန်းဆီစျေးကို စီမံခန့်ခွဲနိုင်ရန် စစ်ဗိုလ်ချုပ်များကြိုးပမ်းနေ

စားသုံးဆီ အဆမတန်စျေးတက်လာခြင်းက စစ်ကောင်စီဖွဲ့ထားသည့် ကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာပြီး စျေးပြန်ကျရန်အတွက် နည်းမျိုးစုံ သုံးနေရသည်။

စစ်ကောင်စီက အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ စျေးနှုန်းတည်ငြိမ်ရေးအတွက်ဟုဆိုကာ ထိုကော်မတီကို ဇူလိုင်လကုန်ပိုင်းတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ ဖွဲ့ပြီး တစ်လကြာသော်လည်း စားဆီအပါအဝင် ကုန်ပစ္စည်းစျေးနှုန်းများ အတက်ဘက်သို့သာ ဦးတည်နေသည်။

စစ်ကောင်စီက စားအုန်းဆီကို လက်ကားစျေး တစ်ပိဿာလျှင် ၄၁၅၅ ကျပ်ဖြင့် ရောင်းဝယ်ရန် သတ်မှတ်ထားသော်လည်း လက်လီစျေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀ အထိ ပြည်သူများ ပေးဝယ်နေရသည်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ဒီဇင်ဘာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၂၂၀၀  ဝန်းကျင်သာ ရှိခဲ့သည်။

စစ်ကောင်စီသတ်မှတ်စျေးဖြင့် စားအုန်းဆီခွဲတမ်းရရန် တန်းစီနေကြသည့် နေပြည်တော်မှ ပြည်သူများကို ၂၀၂၃ ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

၎င်းတို့သတ်မှတ်စျေးထက် နှစ်ဆခွဲခန့် ကြီးမြင့်နေသည့် စားအုန်းဆီစျေးကို ထိန်းနိုင်ရန်အတွက် သတ်မှတ်သည့်စျေးထက် စျေးတင်ရောင်းခြင်း၊ အများအပြားသိုလှောင်ခြင်းတို့ကို ပြုလုပ်ပါက ဖမ်းမည်ဟု ကြေညာထားသော်လည်း စျေးပြန်မကျသည့်နောက် ဆီကုန်သည်အချို့ကို စစ်ကောင်စီက သြဂုတ် ၃၀ ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်။

ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌနှင့် စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးသည် သြဂုတ် ၃၀ နံနက်ပိုင်းက ဆီကုန်သည်ကြီးများကို နေပြည်တော်သို့ ခေါ်ကာ စျေးချပြီး ရောင်းကြရန် သတိပေးခဲ့ပြီးနောက် ထိုအစည်းအဝေး အပြီးတွင် ကုန်သည်တချို့ ခေတ္တဖမ်းဆီးခံခဲ့ရကြောင်း ဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

ဖမ်းခံရသူများထဲတွင် စားသုံးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် ဆီကုန်သည်တချို့ ပါဝင်ပြီး ၎င်းတို့ကို စသုံးလုံးဟု အတိုကောက် ခေါ်ကြသည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

“ဖမ်းဆီးခံရတာတော့ မဟုတ်ပါဘူး။ တာဝန်ရှိသူတွေက သိချင်တာတွေ မေးမြန်းစုံစမ်းဖို့အတွက်ကို ခေါ်ယူသွားခြင်းဖြစ်တယ်လို့ ထင်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆီကုန်သည်က ဆက်ပြောသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်တွင်မူ ဦးဆန်းလင်းနှင့်အတူ သွင်းခွင့်ပါမစ်ရဆီကုန်သည်များဖြစ်သည့် ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ ဖမ်းခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ရေးသားသည်။

ထိုသတင်းအတွက် Myanmar Now က ဆီကုန်သည်အသင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းကို အတည်မပြုသလို ငြင်းဆန်ခြင်းလည်း မပြုခဲ့ပါ။

စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဆီကုန်သည်များကို ဖမ်းထားသည်ဆိုသည့် သတင်းကို One News Myanmar သတင်းဌာနမှတစ်ဆင့် သြဂုတ် ၃၁ တွင် ငြင်းဆိုထားသည်။ သို့သော် စားဆီအသင်းဥက္ကဋ္ဌနှင့် ဆီကုန်သည်တို့ နေပြည်တော်ရောက်နေသည်၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးခြင်း မူဝါဒဆိုင်ရာ အစည်းအဝေးများ လာတက်ခြင်းဖြစ်ကြောင်း ပြောသည်။

မြင့်ခြံမြို့တွင် ဆီတိုးနေကြသည့် ပြည်သူများကို ၂၀၂၃ ဇွန်လ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

စားသုံးဆီတင်သွင်းရာတွင် လိုအပ်သော နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာတစ်ဝက်ကို စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ကျပ် ၂,၁၀၀ နှုန်းဖြင့် ရောင်းချပေးကာ ဆီတင်သွင်းလာပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဆီဈေးအတိုင်း ရောင်းချရန် သတ်မှတ်ထားသည်။

စစ်ကောင်စီရောင်းပေးသော ဒေါ်လာဖြင့် ဆီတင်သွင်းခွင့်ရပါက စားသုံးဆီ တစ်ပိဿာအရင်းဈေးနှုန်းမှာ ကျပ် ၄၁၀၀ ကျော်ရှိပြီး ပြင်ပဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်ပါက ကျပ် ၆၃၀၀ ကျသင့်နိုင်သော်လည်း စားသုံးဆီတင်သွင်းသူတိုင်းကို ဒေါ်လာလုံလုံလောက်လောက် မရောင်းပေးနိုင်ကြောင်း ရန်ကုန်မြို့မှ လုပ်သက်ရင့် စားသုံးဆီဖြန့်ဖြူးရောင်းချသူတစ်ဦးက ဆိုသည်။

ထို့ကြောင့် ပြည်ပပေါက်ဈေးဖြင့် ဒေါ်လာဝယ်ယူကာ ဆီတင်သွင်းရောင်းချသူရှိသလို စစ်ကောင်စီ၏ ဒေါ်လာကို မျှော်ကိုး၍ ဆီတင်သွင်းသူများမှာလည်း လိုအပ်သူများလက်ထဲ ရောက်အောင် မဖြန့်နိုင်သဖြင့် ဆီဈေးနှုန်း ကမောက်ကမဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

“လက်သင့်ရာ လျှောက်ပေးတော့ အကုန်ကမောက်ကမဖြစ်တာပေါ့။ ဟန်ပဲပေါ့။ ဟန်လုပ်တဲ့သူတွေကို သွားပေးတာကိုး။ တကယ်ရောင်းတဲ့သူတွေကိုလည်း နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ် သွားလုပ်လိုက်တော့ တကယ်ရောင်းတဲ့သူ နစ်နာတဲ့အပြင် ပြည်သူပါ နစ်နာသွားတာ” ဟု ၎င်းက ဆိုသည်။

ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် မူတည်သည့် ဈေးကွက်စီးပွားရေးစနစ်မှ ဒေါ်လာအကျပ်အတည်းကြောင့် အရာရာထိန်းချုပ်မောင်းနှင်နေသည့် စစ်ကောင်စီက စားသုံးဆီဖြန့်ဖြူးမှုကို ပိုမိုတင်းကျပ်ကာ ဈေးကျရန် ဆောင်ရွက်နေကြောင်း ယမန်နေ့အစည်းအဝေးတွင် စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်ဟု ယနေ့ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် တွေ့ရသည်။

တင်သွင်းခြင်း၊ နေ့စဉ် ဆီလက်ကျန်သတင်းပို့ခြင်း၊ လက်ကားနှင့် လက်လီဈေး ကွာဟမှုလျော့ချခြင်း၊ မြို့ကြီးများအလုပ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူရောင်းချရန် ကြပ်မတ်မည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက အထွေထွေကုန်ဈေးနှုန်း မိုးထိုးတက်နေခြင်းမှာ ၎င်းတို့၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုများကြောင့် မဟုတ်ဘဲ လောဘကြီးသည့် စီးပွားရေးသမားများကြောင့် ဖြစ်သည်ဟု မကြာခဏ စွပ်စွဲပြစ်တင်လေ့ရှိသည်။

ရွှေ၊ ဒေါ်လာနှင့် အထွေထွေကုန်ဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်လာချိန်များတွင်လည်း စစ်ကောင်စီက ရွှေကုန်သည်၊ ဒေါ်လာနှင့် ငွေကြေးစျေးကွက်မှ ကုန်သည်များကို မကြာခဏ ဖမ်းဆီး စစ်ဆေးလေ့ရှိသည်။

၎င်းတို့သတ်မှတ်စျေးထက် နှစ်ဆခွဲခန့် ကြီးမြင့်နေသည့် စားအုန်းဆီစျေး ပြန်ကျလာစေရန် စစ်ကောင်စီ စီမံခန့်ခွဲနိုင်မည်လော ဆိုသည်မှာ စစ်ကောင်စီ ဖြေရခက်သည့် မေးခွန်းဖြစ်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button