အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီတိုင်းအတွင်း  ၅ နေရာထက်မနည်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေ

နိုင်ငံတောင်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ မရှိသေးသော်လည်း စစ်ရေးဆက်လက် ပြင်းထန်လာနိုင်သည်ဟု လေ့လာသူများက ဆိုသည်၊ ထားဝယ်မြို့ ရဲစခန်းတစ်ခုကို တော်လှန်ရေး အင်အားစုက သိမ်းပိုက်လိုက်သည်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဆက်ဖြစ်နေသည့် နေရာ ငါးနေရာရှိပြီး လောင်းလုံမြို့နယ်အတွင်း ရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဝန်းကျင်အပါအဝင်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတစ်လျှောက်နှင့် နယ်စပ်ကုန်သွယ်ရး ဂိတ်သို့သွားရာ တနင်္သာရီ – မောတောင်လမ်းတစ်လျှောက်တို့တွင် တိုက်ပွဲဖြစ်နေသည်ဟု တနင်္သာရီတိုင်းအခြေစိုက်  ဒေသတွင်း အဖြစ်အပျက်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Fe5 Tanintharyi သုတေသနအဖွဲ့ကဆိုသည်။

“သူတစ်ပြန်ကိုယ်တစ်ပြန်ပဲ ကြိုးစားနေကြတဲ့အနေအထားရှိတယ်။ အဲဒီလမ်းတစ်လျှောက်ကတော့ တိုက်ပွဲ တောက်လျှောက်ပြင်းထန်နေတယ်” ဟု အဖွဲ့၏ အယ်ဒီတာ တာဝန်ယူထားသူက Myanmar Now ကိုပြောသည်။

ထို့ပြင် တနင်္သာရီ- မောတောင်ကားလမ်းနှင့် ထားဝယ်မြို့အနောက်မြောက်ဘက် ၁၆ မိုင်ခန့် အကွာတွင်လည်း စစ်တပ်က ထိုးစစ်ဖော်ဆောင်နေရာ တော်လှန်ရေးတပ်များက ခံစစ်ဖြင့် တိုက်ခိုက်နေသည်ဟုလည်း သူက ပြောသည်။

အဆိုပါနေရာ နှစ်ခုတွင် စစ်တပ်က တစ်နေရာလျှင် အင်အား ၅၀၀ ခန့်စီဖြင့်  ထိုးစစ်ဆင်နေကြောင်း ၎င်းက ခန့်မှန်းသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ မောတောင်နှင့် တနင်္သာရီမြို့တို့တွင် စစ်တပ်ရှိပြီး လမ်းပိုင်းကို KNU နှင့် တော်လှန်ရေးတပ်များက စိုးမိုးထားသည်။

တိုက်ပွဲအခြေအနေ ပိုမိုသိနိုင်ရန် KNU တပ်မဟာ ၄ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားအား Myanmar Now က အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ “မြေပြင်အခြေအနေ အသေးစိတ်မသိသေး” ဟု အကြောင်းပြန်ထားသည်။

KNU တပ်မဟာ ၄၊ မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနကမူ  အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ မောတောင် – တနင်္သာရီ ကားလမ်းရှိ သိန်းခွန်ရွာဝန်းကျင်  လေကြောင်းမှ တိုက်ခိုက်ခံရသည်ဟု သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ်များ ပျက်စီးပြီး အရပ်သားများ ဘေးလွတ်ရာထွက်ပြေး နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

NUG အစိုးရ တနင်္သာရီတိုင်းစစ်ဌာန၏ နည်းဗျူဟာ (၃၅) က မြိတ်-တနင်္သာရီ – ဘုတ်ပြင်း လမ်းပိုင်းတွင်  စစ်ရေးပြင်းထန်လာနိုင်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်ရေးအခြေအနေကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့မှစတင်ကာ အရပ်သားများ ကားလမ်း အသုံးမပြုကြရန်လည်း တော်လှန်ရေး အင်အားစုက တိုက်တွန်းထားသည်။

တနင်္သာရီမြို့နယ် ပကဖ နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးကမူ တနင်္သာရီမြို့နယ် ဖားနီရွာနှင့် ဇဝဲရွာဝန်းကျင်တွင် ထိတွေ့တိုက်ပွဲဖြစ်ထားပြီး စစ်ရေးပြင်းထန်နေကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) (DDMSC) ၏ လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးကလည်း တနင်္သာရီတိုင်းတွင် KNU သုံးသည့်  နည်းလမ်းမှာ  အမှည့်ခြွေစစ်သာ ဖြစ်သည်ဟု ဆိုသည်။

“တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာမျိုးတော့ တွေ့ရတာပေါ့။ KNU ကလည်း ခြွေစစ်ကိုပဲ အဓိကထားတာဆိုတော့ မြို့သိမ်းတိုက်ပွဲ ဖော်လာဖို့ဆိုတာက နည်းနည်း အလှမ်းဝေးသေးတယ်လို့မြင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်က တနင်္သာရီတိုင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် အများအားဖြင့် မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။

တိုက်ပွဲကြောင့် လမ်းများပိတ်သဖြင့် ကုန်ဈေးနှုန်းတက်သည့်ဒဏ်ကို ပြည်သူလူထုက ခံနေရသည်ဟု ၎င်းက ပြောသည်။

“သယ်ယူပို့ဆောင်စရိတ်က တော်တော်များလာတဲ့အနေအထားပေါ့။ ဂိတ်တွေများလာပြီး ဂိတ်တွေမှာ ဂိတ်ကြေးပေးရတာများလာတယ်ဆိုတဲ့အခါကျတော့ ကုန်ဈေးနှုန်းက နဂိုထက် ပိုတက်တယ်ဆိုတာမျိုးပေါ့” ဟု ကိုမင်းလွင်ဦးက မှတ်ချက်ပေးသည်။

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်အများအပြား ရရှိခဲ့သည်ဟု စခန်းသိမ်းပြီး ၄ ရက်အကြာ အောက်တိုဘာ ၃၀ တွင် NUG အစိုးရ၏ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းတပ်၏ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၁) တွင် တနင်္သာရီတိုင်းရှိ ထားဝယ် ၊ မြိတ် ၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များ ပါဝင်သည်၊ ဇန်နဝါရီ ၁၁ အပိုင်း (၂) တွင် ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ် ပါဝင်သည်ဟု သိရသည်။

ထိုမြို့များကို ဆက်သွယ်ထားသော အမှတ် (၈) ပြည်ထောင်စုကားလမ်းကို စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးစားနေသဖြင့်  တိုက်ပွဲဆက်လက် ပြင်းထန်မည့် အလားအလာရှိကြောင်း Fe5 Tanintharyi မှ အယ်ဒီတာတစ်ဦးက သုံးသပ်သည်။

တနင်္သာရီတိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၄) လက်အောက်ခံတပ်ဖွဲ့ဝင်များ ၊ မွန်တော်လှန်ရေးတပ်အချို့ ၊ ကော်သူးလေတပ် (KTLA)၊ ဒေသကာကွယ်ရေးအဖွဲ့ (Local PDF) နှင့် NUG အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ လှုပ်ရှားနေကြသည်။

Related Articles

Back to top button