ဆောင်းပါး

အဖြုတ်အထုတ်များသည့် မင်းအောင်လှိုင်အောက် ဘဝမရေရာသည့် စစ်ဗိုလ်ချုပ်များ

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်အောက်တွင် နေပြည်တော်ရှိ ထိပ်သီးဗိုလ်ချုပ်ကြီးများသာမက စစ်တိုင်းမှူးများပါ မကြာခဏ အဖြုတ်ခံ၊ အထုတ်ခံနေရသည်ဖြစ်ရာ ပခုံးထက်၌ အပွင့်အခက်များဝေဆာသော်လည်း ဘဝမရေမရာဖြစ်နေသည်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးတချို့ တပ်ရာထူးမှ ဖယ်ရှားခံရသည့်နည်းတူ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်ရှိ ဗိုလ်ချုပ်များလည်း အနားပေးခံရသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရဲချုပ်အပါအဝင် စစ်တိုင်းမှူးနေရာတချို့ အပြောင်းအလဲဖြစ်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်၏ လက်ရွေးစင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်မှာ ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ၁၃ လကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ ဖယ်ရှားခံလိုက်ရသည်။

ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ဇင်မင်းထက်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း ယခုလ ၂၁ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ရာ၌ ဦးဇင်မင်းထက်ဟု သုံးနှုန်းထားရာ စစ်တပ်မှပါ အပြီးအပိုင် အနားပေးလိုက်ခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် ရုတ်တရက်အနားပေးလိုက်သည်ကို မသိရသော်လည်း စစ်ကောင်စီလက်ထက် ပထမဆုံးအကြိမ် ရဲချုပ်အပြောင်းအလဲတော့ မဟုတ်ပေ။

“ရဲချုပ်အဆင့်က အမိန့်အတိအကျနာခံပြီး ကျေနပ်အောင် စွမ်းဆောင်နိုင်သူပဲ ခန့်တာ။ နိုင်ငံရေးအမှုတွေ စုံစမ်းဖမ်းဆီးရေးတွေမှာ အရင်ရဲချုပ်တွေရဲ့ စွမ်းဆောင်ရည် နည်းနေတော့ ဝန်ကြီးမကြိုက်လို့ အချိန်တိုတိုနဲ့ ထပ်ပြီးပြောင်းနေတာလို့ သုံးသပ်ပါတယ်” ဟု အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ကို စွန့်ခွာခဲ့သူ ဒုတိယရဲမှူးကျော်စန်းဟန်က မှတ်ချက်ပြုသည်။

စစ်တပ်အရာရှိကြီးများကို တပ်ထဲ၌ မထားချင်တော့သည့်အခါ အရပ်ဘက်ဝန်ထမ်းအဖြစ် ပြောင်းပေးလေ့ရှိရာ “မကောင်း ကျောင်းပို့” သဘောမျိုးဖြင့် ရဲဘက်သို့ အများဆုံးပို့ဆောင်လေ့ရှိသည်ဟုလည်း ၎င်းက ထောက်ပြသည်။

“ဒုရဲမှူးအထက်ပိုင်း အတော်များများ၊ စစ်ဘက်မှာ အသုံးမကျလို့ ထုတ်ပစ်ရင် အင်အားပြုန်းတီးလို့ ရဲဘက်ပို့ ပြောင်းပစ်တာတွေလည်း ရှိတယ်။ မကောင်း ကျောင်းပို့ မဟုတ်ဘဲ မကောင်း ရဲပို့လို့တောင် ပြောကြတာ”

ဗိုလ်ချုပ်ဇင်မင်းထက်သည်လည်း ၎င်း၏ရှေ့တွင် ရဲချုပ်ဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်နည်းတူ ရာထူးရပြီး တစ်နှစ်သာသာတွင် ဖယ်ရှားခံရခြင်းဖြစ်သည်။

စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီး နောက်တစ်ရက်၌ ရဲချုပ်ဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခဲ့သည်သာမက မကွေး၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့တွင် ခုခံတော်လှန်မှုများကို နှိမ်နင်းရေးတွင်လည်း စစ်ဆင်ရေးအထူးအဖွဲ့မှူးအနေဖြင့် အနီးကပ်ကွပ်ကဲခဲ့သူဖြစ်သည်။

စစ်တပ်ကို ပုန်ကန်သည့် ညီအရင်းကို စစ်ကြောရေးတွင် သတ်ဖြတ်လိုက်သည်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် သစ္စာရှိကြောင်း ပြသခဲ့သော်လည်း ဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ လွန်ခဲ့သည့်နှစ် မေလ ၂ ရက်နေ့တွင် ရာထူးမှ ရုတ်တရက် ဖြုတ်ချခံခဲ့ရသည်။ မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်စေမည်ဟု စစ်ကောင်စီတာဝန်ရှိသူက ဆိုခဲ့သော်လည်း ၎င်းနှင့် ပတ်သက်၍ ယနေ့အချိန်ထိ သတင်းအစအန မကြားရတော့ပေ။​

၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက ပြုလုပ်သည့် ဒုရဲအုပ်လောင်းသင်တန်းဆင်းပွဲတွင် တွေ့ရသည့် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်။

ဝါရင့်ဗိုလ်ချုပ်ကြီးသန်းလှိုင်၏နေရာကို နေပြည်တော်စစ်ရုံးချုပ်တွင် တွဲဖက်စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ဇင်မင်းထက်ဖြင့် အစားထိုးခဲ့သည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၂ တက်ရောက်ခဲ့သူ ဗိုလ်ချုပ်ဇင်မင်းထက်မှာ ၂၀၁၀ မတိုင်မီက ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ ၂၀၁၉ ခုနှစ်တွင်မှ တွဲဖက်စစ်ရေးချုပ်ဖြစ်လာသည့် အသက် ၅၀ စွန်းစွန်းအရွယ် စစ်ဗိုလ်ချုပ်မှာ အခြားဗိုလ်ချုပ်ကြီးများကို ကျော်ဖြတ်ကာ ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ရဲချုပ်တာဝန်ဖြင့် ပြီးခဲ့သည့်နှစ်အတွင်းက အိန္ဒိယတွင် ပြုလုပ်ခဲ့သော အကြိမ် ၉၀ မြောက် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ညီလာခံကို ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်တက်ရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း အိမ်နီးချင်းနိုင်ငံအချို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးသန့်တွေ့ဆုံကာ စစ်ကောင်စီအကျိုး သယ်ပိုးခဲ့သည်ကို တွေ့ရသည်။

ယခုနှစ် မေလအတွင်းက ရုရှားတွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တက်ရောက်ခဲ့ရာ၌ ရဲချုပ်ဖြစ်သူ ဇင်မင်းထက်လည်း လိုက်ပါသွားခဲ့သည်။

လက်နက်ကိုင်ရဲတပ်ဖွဲ့တစ်ခုလုံးကို ဦးစီးဦးဆောင်ပြုနေသည့် ဗိုလ်ချုပ်ဇင်မင်းမင်းထက်သည် စစ်ခေါင်းဆောင် အထူးအားထားသည့် လူငယ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ဟု ယူဆခဲ့ရသော်လည်း ၁၃ လသာသာ အကြာတွင် သာမန်ဝန်ကြီးဌာနသို့ ရွှေ့ပြောင်းခံရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့် နှိုင်းယှဉ်ပါက ဗိုလ်ချုပ်ဟောင်းဇင်မင်းထက်အတွက် အားကစားဝန်ကြီးဌာနတွင် မည်မည်ရရ လုပ်ကိုင်စရာမရှိပေ။ သို့သော် စစ်ရေးချုပ်တာဝန်ယူစဉ်က ရုရှားတွင် ပြုလုပ်သော စစ်တပ်အားကစားပြိုင်ပွဲများ၌ စစ်တီးဝိုင်းအဖွဲ့ကို ဦးဆောင်ခဲ့ဖူးရာ အနည်းငယ်မျှ နီးစပ်မှုရှိနိုင်သည်။

သို့သော်ငြားလည်း စစ်ရေးစစ်ရာသာမက စာပေကျမ်းဂန်မှသည် ဘာသာရပ်ပေါင်းစုံ နှံ့စပ်ကျွမ်းကျင်သူများဟု ကိုယ့်ကိုယ်ကိုယ် အထင်ရောက်လေ့ရှိသော စစ်ဗိုလ်ချုပ်များဖြစ်ရာ အမှန်တကယ်တတ်မြောက်ခြင်း မရှိသည့်တိုင် မဖြစ်မနေ အခွင့်အရေးယူရန် ဝန်လေးကြမည် မဟုတ်ပေ။

အမည်ဆိုးဖြင့် ကျော်ကြားသူ ရဲချုပ်သစ်

စစ်ကောင်စီလက်ထက်တွင် တတိယမြောက်ရဲချုပ်ဖြစ်လာသူမှာ ထိုင်း-မြန်မာနယ်စပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်နီလင်းအောင်ဖြစ်သည်။ အရပ်သားအစိုးရလက်ထက်ကတည်းက ရှိနေသော ရဲချုပ်ကို ၂၀၂၁ အာဏာသိမ်းပြီး နောက်တစ်ရက်တွင် ဖြုတ်ချခဲ့ရာ နီလင်းအောင်မှာ စစ်ကောင်စီ၏ စတုတ္ထမြောက်ရဲချုပ်ဟု ဆိုနိုင်သည်။

ယခုတစ်ကြိမ်တွင် စစ်တိုင်းမှူးတစ်ဦးကို ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးကာ ရဲချုပ်ခန့်လိုက်ခြင်းဖြစ်ပြီး ရှေ့ရဲချုပ်များနည်းတူ ဒုပြည်ထဲရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးနှစ်ဦးရှိသည့်အနက် ရှိပြီးသားတစ်ဦးမှာ ဒုတိယစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်မှ ကူးပြောင်းလာသူ ဗိုလ်ချုပ်တိုးရီဖြစ်သည်။ ရဲချုပ်နှင့် ဒုပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ နီလင်းအောင်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးထားရာ အာဏာသိမ်းခေါင်းဆောင်က တစ်ဆင့်မြင့်ရာထူး ထပ်ပေးနိုင်သည့် အလားအလာလည်းရှိသည်။

ရဲချုပ်သစ် ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ တက်ရောက်ခဲ့သူဖြစ်ရာ အသက် ၅၀ ခန့်သာ ရှိသေးသည်။ ၂၀၂၀ ဒီဇင်ဘာအထိ ရန်ကုန်၊ မင်္ဂလာဒုံရှိ စစ်ဆေးတက္ကသိုလ်၌ ကျောင်းအုပ်အဖြစ် ရှိနေဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံတိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် ဆက်တိုက်ပြောင်းရွှေ့ခန့်ထားခံရကာ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ် ရဲချုပ်ဖြစ်လာခြင်းပင်။

ယခုနှစ် မေလအတွင်းက ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ပြုလုပ်သော ဘုရားအနေကဇာတင်ပွဲ၌ ဝစီပိတ်ဆရာတော်၊ အာဏာသိမ်းခေါင်းဆောင်တို့နှင့်အတူ တွေ့ရသည့် တြိဂံတိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်။

နှစ်နှစ်ကျော်ဖြင့် စစ်တိုင်းမှူးမှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရောက်လာခြင်းဖြစ်သည်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း တြိဂံတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးတာဝန် ယူခဲ့ဖူးသူဖြစ်သည်။

ဗေဒင်ယတြာအားကိုးသူ အာဏာသိမ်းခေါင်းဆောင်၏ အကြံပေးတစ်ဦးမှာ ယတြာအစီအမံအားဖြင့် ကျော်ကြားသည့် ကျိုင်းတုံအခြေစိုက် ဝစီပိတ်ဆရာတော်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဝစီပိတ်ဆရာတော်ထံ အကြိမ်ကြိမ်သွားရောက်ခဲ့ရာ၌ တြိဂံတိုင်းမှူးဖြစ်သူ နီလင်းအောင်သည် စစ်ခေါင်းဆောင်အလိုကျ အနီးကပ်ဆောင်ရွက်ပေးရသူဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော်၏ ကျောင်းဝင်းအတွင်း စစ်ခေါင်းဆောင်က မဟာဗောဓိဘုရား တည်ဆောက်လှူဒါန်းခဲ့သည်။ ယခုနှစ် မေလအတွင်း ပြုလုပ်သော ထိုဘုရား အနေကဇာတင်ပွဲတွင် ဝစီပိတ်ဆရာတော်၊ အာဏာသိမ်းခေါင်းဆောင်တို့နှင့်အတူ ဗိုလ်ချုပ်နီလင်းအောင်ကို အနီးကပ်တွေ့ရသည်။

စကခမှူးဘဝကတည်းက ချမ်းသာလာသူ

ရဲချုပ်ဖြစ်လာသည့် တြိဂံတိုင်းမှူး နီလင်းအောင်မှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တွင် တပ်မမှူး တာဝန်ထမ်းဆောင်စဉ်ကတည်းက တရားမဝင်စီးပွားရေးလုပ်ငန်းများဖြင့် ချမ်းသာလာသူဖြစ်ကြောင်း ကချင်ပြည်နယ် ဗန်းမော်အခြေစိုက် ထိုတပ်တွင် နီလင်းအောင်နှင့် ဆုံခဲ့ဖူးသည့် စစ်တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

“စကခ-၂၁ မှာ ဆုံတာ။ အဲဒီမှာ သူက တပ်မမှူး။ ကျွန်တော်က ၂၀၁၈ နှစ်လပိုင်းမှာ အဲဒီတပ်မကို ပြောင်းပြီး အဲဒီကနေပဲ G3 (စစ်ဦးစီးအရာရှိ တတိယတန်း) ဖြစ်တာ” ဟု အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်တပ်ကို စွန့်ခွာခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးထက်မြတ်က ပြောသည်။

“ပြောရရင် တအားကောင်းစားနေတာဗျ။ သူတက်သွားတဲ့နေရာတွေက ထိတ်ထိတ်ကြဲ အရမ်းအဆင်ပြေတဲ့နေရာတွေဗျာ။ စကခ-၂၁ မှာကတည်းက သူက အရမ်းကို ချမ်းသာသွားတာ။ သူ့အောက်မှာ အပတ်စဉ် ၄၆ က ဗိုလ်ကြီးဇာနည်စိုးဆိုပြီး တစ်ယောက်ရှိတယ်။ PSO (ကိုယ်ရေးအရာရှိ) ပေါ့။ တရားမဝင်လုပ်ငန်း အကုန်လုံးကို လုပ်ကြတာ သူတို့ ဆရာတပည့်နှစ်ယောက်ပေါ့နော်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ဗိုလ်ကြီးထက်မြတ်က ဆိုသည်။

“မူးယစ်ဆေးဝါး၊ သစ်မှောင်ခို၊ ကျောက်စိမ်း၊ လူကုန်ကူးတာ၊ လိုင်စင်မဲ့တရုတ်ကားတွေ သွင်းတာ၊ ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းသုံးယန္တရားတွေပေါ့” ဟုလည်း ၎င်းက ရဲချုပ်သစ်အကြောင်း ဖြည့်စွက်ပြောဆိုသည်။

ဗိုလ်ချုပ်နီလင်းအောင်သည် လက်အောက်ငယ်သားများအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုရိုက်နှက်လေ့ရှိသူတစ်ဦးဖြစ်ကာ မြင်ရုံဖြင့် ကြောက်နေအောင် လုပ်လေ့ရှိကြောင်း၊ ၎င်း၏ဇနီးမှာ ဒေါ်လဲ့လဲ့မာဖြစ်ပြီး သားတစ်ဦး၊ သမီးတစ်ဦးရှိကြောင်းလည်း သိရသည်။

“သူ့မိန်းမက ဘယ်လောက်ဆိုးလည်းဆိုရင် ရေချိုးတာကို အများသူငါသုံးတဲ့ရေကို ချိုးတာမဟုတ်ဘူး။ တပ်ထဲမှာ ရေသန့်စက်ရုံရှိတယ်။ တပ်ထဲက လူတွေအတွက် လုပ်ပေးထားတဲ့ ရေသန့်စက်ပေါ့နော်။ အဲဒီရေသန့်စက်အထိ ကားနဲ့ လာခပ်ခိုင်းပြီးတော့ အဲဒီရေသန့်နဲ့ ချိုးတာ။ ပြောရင် ယုံမှာမဟုတ်ဘူး။ အဲဒီလောက်ထိ ဆိုးတာ” ဟု ဗိုလ်ချုပ်နီလင်းအောင်၏ အမျိုးသမီးနှင့် ပတ်သက်၍ ဗိုလ်ကြီးထက်မြတ်က ပြောပြသည်။

ဗိုလ်ချုပ်နီလင်းအောင်မှာ ရဲချုပ်မဖြစ်မီကပင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ကရင်နီဒေသ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး အရပ်သား ၃၅ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာတွင် တာဝန်ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် ၎င်းကို ဥရောပသမဂ္ဂက ပြီးခဲ့သည့်နှစ်အတွင်း ဒဏ်ခတ်အရေးယူခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်အလိုကျ ဆောင်ရွက်မည့် လက်ရဲဇက်ရဲ စစ်ဗိုလ်ချုပ်တစ်ဦး ရဲချုပ်ဖြစ်လာသည့်အတွက် သတိထားရမည့်သူဖြစ်သည်ဟုလည်း CDM  ဒုရဲမှူးကျော်စန်းဟန်က ဆိုသည်။

“သဘောဆိုးရှိတဲ့ နီလင်းအောင်က ရဲချုပ်ဖြစ်လာပြီဆိုတော့ သူ့ကို ကျေနပ်ချီးကျူးအောင် ဘီလူးဆိုင်းတီး သူ့လက်စွမ်းပြဖို့ နိုင်ငံရေးသမားတွေကို အဖမ်းအဆီးများနိုင်ပါတယ်။ ပြည်သူတွေ သတိပိုထားလို့ရအောင် သတိပေးချင်ပါတယ်”

ဗိုလ်ချုပ်နီလင်းအောင်ကို ရဲချုပ်ခန့်လိုက်ပြီးနောက် စစ်ကောင်စီက တြိဂံတိုင်းမှူးသစ်အဖြစ် ဗိုလ်ချုပ်အောင်ခိုင်ဝင်းဆိုသူကို ခန့်အပ်လိုက်သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ကျောင်းဆင်း ဗိုလ်ချုပ်မှာ ယင်းမတိုင်မီက ကလောရှိ စစ်ဦးစီးတက္ကသိုလ်၏ ကျောင်းအုပ်ကြီးဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားတွင် စစ်တိုင်းမှူးသစ်ခန့် 

နေပြည်တော်တွင် ရဲချုပ်အပြောင်းအလဲဖြစ်သည့်နေ့၌ပင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်လည်း တိုင်းမှူးအသစ် ရောက်လာသည်။

နိုင်ငံမြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲပြန်ဖြစ်နေချိန် မြစ်ကြီးနားတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အရာရှိတချို့ အရေးယူခံသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် တိုင်းမှူးသစ်ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။

မြစ်ကြီးနားတိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ်စိုးလှိုင်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) တွင် တပ်မမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းမှာ ကချင်ပြည်နယ် ဗန်းမော်အခြေစိုက် စကခ-၂၁ နှင့် မိုးကောင်းအခြေစိုက် စကခ-၃ တို့တွင် တာဝန်ကျဖူးသည်ဟု VOA သတင်းဌာနက ရေးသားသည်။

ကချင်တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်စိုးလှိုင် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ယခုလ ၂၄ ရက်နေ့ ထုတ်ပြန်သည့် သတင်းများတွင် တွေ့ရသည်။

မြစ်ကြီးနားတိုင်းမှူးနေရာမှ ဗိုလ်ချုပ်ကိုကိုမောင် ဖယ်ရှားခံရခြင်းမှာ စင်ဆင်ရေးကိစ္စများနှင့် မသက်ဆိုင်ဘဲ စီးပွားရေးကြောင့်ဖြစ်သည်ဟု CDM အရာရှိတစ်ဦးက ဆိုသည်။

“အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ ဗိုလ်ချုပ်ညီညီဆွေ၊ ၂၀၁၉ ဝန်းကျင်လောက်က။ အခု ကိုကိုမောင်ကိစ္စလည်း မှောင်ခိုပဲ။ ဖားကန့်ဘက်မှာရော ဗန်းမော်ဘက်မှာရော စီးပွားရေးကိစ္စတွေ၊ စစ်ဆင်ရေးကြောင့်တော့ မဟုတ်ဘူး” ဟု အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“စစ်ဆင်ရေးမှာတော့ တိုင်းမှူးက အာဏာဖီဆန်ရင် တန်းပြီးအဖြုတ်ခံရမယ်ဆိုတာ သူတို့လည်း သိတယ်။ စီးပွားရေးကိစ္စ။ မင်းအောင်လှိုင်က အောက်ခြေက စစ်တိုင်းမှူးတွေကို စီးပွားရေး မလုပ်ကြဖို့ မှာတယ်၊ သူက လုပ်မှမလုပ်တာ။ သူ့သားပဲ လုပ်တာ။ အဲလိုအဲလို ကိစ္စကြောင့်ပါ။ စီးပွားရေးမှောင်ခိုကိစ္စကြောင့်ပါ”

ဗိုလ်ချုပ်ကိုကိုမောင်မှာ လွန်ခဲ့သည့်နှစ် ဩဂုတ်လအတွင်း မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြစ်ကြီးနားအပို့ခံရခြင်းဖြစ်သည်။ ၎င်းနှင့် နေရာချင်း အလဲခံရသည့် ဗိုလ်ချုပ်မြတ်သက်ဦးသည်လည်း မော်လမြိုင်တိုင်းမှူးအဖြစ်မှ ဖယ်ရှားခံရပြီးနောက် စစ်ဆေးအရေးယူခံရသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လလယ်ပိုင်းက နေပြည်တော်တွင် တည်ဆောက်နေသည့် ကျောက်ဆင်းတုဘုရားအတွင်း အာဏာသိမ်းခေါင်းဆောင်နှင့် နောက်လိုက်စစ်ဗိုလ်ချုပ်များကို တွေ့ရစဉ်။

ကရင်နှင့် မွန်ပြည်နယ်တို့ရှိ စစ်ဆင်ရေးကိစ္စများအတွက် အဓိကတာဝန်ရှိသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် လွန်ခဲ့သည့် မတ်လကုန်၌ ရာထူးမှ ဖယ်ရှားခံရသည်။​ ထို့နောက် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်မြတ်သက်ဦးကို လာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

လုပ်ထုံးလုပ်နည်းအရ စစ်ဘက်ဆိုင်ရာရာထူးများအတွက် ကကထူး ခေါ် စစ်ရာထူးခန့်ချုပ်ရုံးက အမှတ်ပေးစည်းမျဉ်းအတိုင်း ပညာအရည်အချင်းမှစ၍ နောက်ကြောင်းရာဇဝင်နှင့် လုပ်ဆောင်ချက်ကို စစ်ဆေးပြီးမှ ရာထူးတိုးပေးလေ့ရှိသော်လည်း လက်ရှိတွင် အာဏာသိမ်းခေါင်းဆောင်က သူ့စိတ်ကြိုက် လုပ်ဆောင်နေသည်ဟု ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

“အခုကျတော့ ဒီလိုမဟုတ်တော့ဘူး။ မင်းအောင်လှိုင်က ဟစ်တလာထက် ဆိုးသွားတဲ့ အနေအထားပဲ။ ဘာကြောင့်လဲဆိုတော့ သူ့အမိန့်ကို မနာခံရင်၊​ သူနဲ့ လက်မတွဲရင်၊ သူခိုင်းတဲ့အတိုင်း မလုပ်ရင် ဖြုတ်ထုတ်သတ်ပဲ။ အခု စစ်ဗိုလ်ချုပ်တွေရဲ့ဘဝက ကြိုးတန်းပေါ် လမ်းလျှောက်နေရတဲ့အဖြစ်ပဲ”

အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ပွားများဖြစ်သော စစ်တိုင်းမှူးနေရာပြောင်းရွှေ့မှု အများဆုံးဖြစ်နေသည့်အချက်ကို ဗိုလ်ကြီးဇင်ယော်က ထောက်ပြခြင်းပင်။

“တိုင်းမှူးဆိုတာ ကိုယ်ပွားပဲ။ သူ့ကိုယ်ပွားတွေကို မယုံတဲ့အတွက် ခဏခဏဖြုတ်နေတယ်”

သွေးရိုးသားရိုးမဟုတ်သော လုပ်ရပ်များနှင့် အကျွမ်းဝင်ပြီးဖြစ်သော အာဏာသိမ်းခေါင်းဆောင်၏ စစ်ဗိုလ်ချုပ်များ အဖြုတ်အခန့်လမ်းစဉ်၌ ရဲချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ဗိုလ်ချုပ်ဇင်မင်းထက်၊ မြစ်ကြီးနားတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ မော်လမြိုင်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့မှာ ပထမဆုံးမဟုတ်ပေ။

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဖြိုးသန့်သည်လည်း ၂၀၂၂ ဇန်နဝါရီလတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ပြင်းထန်သော လက်နက်ကိုင် ခုခံတော်လှန်မှုများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာချိန်တွင် နမခတိုင်းမှူးကို နယ်စပ်ရေးရာဝန်ကြီးဌာန၌ ဒုဝန်ကြီးအဖြစ် ပြောင်းရွေ့ကာ သက်တူရွယ်တူဖြစ်သော စကခ-၁၀ တပ်မမှူး ဗိုလ်မှူးချုပ်သန်းထိုက်ကို တိုင်းမှူးသစ်အဖြစ် ခန့်အပ်ခဲ့သည်။

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသက်တမ်းကို အကန့်အသတ်မရှိ ပြင်ဆင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရဲချုပ်နှင့် စစ်တိုင်းမှူးများကိုသာမက ဗိုလ်ချုပ်ကြီးအဆင့် အရာရှိကြီးများကိုလည်း ဖယ်ရှားခဲ့ဖူးသည်။

အာဏာသိမ်းခေါင်းဆောင်၏ အနီးကပ်လူယုံတော် ဗိုလ်ချုပ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည်လည်း လွန်ခဲ့သည့် နှစ်ဆန်းပိုင်းတွင် ရာထူးမှ ဖယ်ရှားခံရသည်။ လေတပ်အကြီးအကဲအဖြစ် နှစ်နှစ်ဆက် တာဝန်ထမ်းဆောင်ခွင့်ရှိသော်လည်း ရုတ်တရက်အနားပေးခံခဲ့ရသည်။

လေတပ်ဗိုလ်ချုပ်ကြီးသည် ကောင်စီဝင်အဖြစ် ဆက်ရှိနေမည်ဟု စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ပတ်သက်၍ ယနေ့အချိန်ထိ တစ်စုံတစ်ရာ မကြားရတော့ပေ။ လက်ရှိ လေတပ်ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးထွန်းအောင်ဖြစ်သည်။

လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တစ်ချိန်တည်း စစ်ဘက်ရာထူးမှ အနားပေးခံရသူမှာ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဖြစ်သည်။ ၎င်းသည် အာဏာသိမ်းသည့်နေ့မှ လက်ရှိအချိန် စစ်ကောင်စီအတွင်းရေးမှူးအဖြစ် ဆက်ရှိနေသည်။

တပ်မတော်၌ နံပါတ်သုံးအဆင့်ဖြစ်သော ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး (ညှိကွပ်) ဗိုလ်ချုပ်ကြီးမြထွန်းဦးသည်လည်း အာဏာသိမ်းပြီးလျှင်ပြီးချင်း စစ်တပ်ရာထူးမှ အနားပေးခံရကာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးနောက် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာသူမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးဖြစ်သည်။ ၎င်းမှာ လေ့ကျင့်ရေးအရာရှိချုပ်ဟောင်းဖြစ်ပြီး လတ်တလောတွင် အာဏာသိမ်းခေါင်းဆောင် ဦးစားပေးသည့် ထိပ်သီးဗိုလ်ချုပ်တစ်ဦးဖြစ်လာသည်။

အာဏာသိမ်းပြီးနောက် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည်လည်း စစ်တပ်ရာထူးမှ စွန့်လွှတ်ခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင်နှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ်သာ ဆက်ရှိနေခဲ့သည်။

၎င်း၏နေရာတွင် နာမည်ကျော် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးအောင်သောင်း၏ သား ဗိုလ်ချုပ်ကြီးမိုးအောင်ကို မင်းအောင်လှိုင်က ရေတပ်အကြီးအကဲအဖြစ် ခန့်အပ်ထားသည်။​

၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သူ မင်းအောင်လှိုင်သည် ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများကို စစ်ဘက်ရာထူးမှ ဖယ်ရှားကာ ၎င်းထက် များစွာငယ်ရွယ်သည့် အသက် ၄၀ ကျော်၊ ၅၀ စွန်းစွန်းအရွယ် စစ်ဗိုလ်ချုပ်များကို အလွန်အရေးပါအရာရောက်သော ထိပ်တန်းရာထူးများ ပေးထားသည်။

တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးအပါဆုံးရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ထမ်းဆောင်နေသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်ထက် ၁၀ နှစ်ကျော် ငယ်ရွယ်သူဖြစ်သည်။ မိုးမြင့်ထွန်းမှာ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးအဖြစ်သာမက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ပေးခံထားရသည်။

အာဏာသိမ်းခေါင်းဆောင် အထူးအားထားသည့် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးသည်လည်း ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ကာ အသက် ၅၀ ကျော်အရွယ်သာ ရှိသေးသည်။ ၎င်းသည် လက်ရှိအချိန်ထိ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်လည်းဖြစ်သည်။

ထို့အတူ ထိပ်တန်းစစ်ဘက်ရာထူးတစ်ခုဖြစ်သော စစ်ထောက်ချုပ်အဖြစ် မင်းအောင်လှိုင်ခန့်ထားသူမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ တက်ရောက်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပြီး အသက် ၅၀ နီးပါးသာ ရှိသေးသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button