သတင်း

ဗိုလ်ချုပ်ကြီးသန်းလှိုင် ပြီးနောက် ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ 

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ဖယ်ရှားလိုက်ပြီးနောက် ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် အာဏာသိမ်းခေါင်းဆောင် ခန့်လိုက်သူမှာ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ဖြစ်သည်။

စစ်ကောင်စီက မေ ၂ ရက်စွဲဖြင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ကို အပြောင်းအလဲပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီးသန်းလှိုင်၏နေရာကို စစ်ရေးချုပ်တာဝန်ယူထားသူ အငယ်တန်းဗိုလ်ချုပ်တစ်ဦးနှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို မူလစစ်ဘက်တာဝန်ထမ်းဆောင်စေသည်ဟု ဆိုသည်။ 

အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူဟုဆိုကာ ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ် မတ်လအတွင်း ဒဏ်ခတ်အရေးယူခဲ့သည်။ 

အာဏာသိမ်းပြီးစတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ဆန္ဒပြမှုများကို ပစ်ခတ်ဖြိုခွင်းရာ၌ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၏ ဦးဆောင်မှုအောက်တွင် ရဲတပ်ဖွဲ့က ရေပိုက်၊ ရာဘာကျည်ဆန်နှင့် မျက်ရည်ယိုဗုံးများအပြင် သေစေနိုင်သော ကျည်အစစ်များ အသုံးပြုခဲ့သည်ဟု အမေရိကန်၏ ပိတ်ဆို့အရေးယူကြောင်းကြေညာချက်တွင် ဖော်ပြသည်။ 

စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်ရက်တွင် ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ်အဖြစ် ခန့်အပ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ဒီမိုကရေစီလိုလားသူများကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခဲ့သည်သာမက မကွေး၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကို နှိမ်နင်းရေးကို အနီးကပ်ကြီးကြပ်ခဲ့သူဖြစ်သည်။ 

စစ်တက္ကသိုလ်အပတ်စဉ် ၂၉ ကျောင်းဆင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်တိုင်းမှူးဖြစ်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီးမှာ နိုင်ငံအနောက်မြောက်ပိုင်းဒေသများရှိ ခုခံတော်လှန်သူများကို ဖြိုခွင်းရေးတွင် သွားရောက်ကူညီနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုဖူးသည်။

ဗိုလ်ချုပ်ကြီးသန်းလှိုင်ကိုယ်တိုင် အနီးကပ်ကြီးကြပ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်ခုခံတော်လှန်မှုများ လျော့ကျမသွားဘဲ ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။ စစ်ကိုင်းတိုင်းမြို့တော် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်တပ်ရှာထူးမှ ဖယ်ရှားခံရသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း ရဲချုပ်အဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ညီလာခံတက်ရောက်ခဲ့စဉ်။ (ဓာတ်ပုံ​ – Progressive Voice) 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စစ်ခေါင်းဆောင်က ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီး ပူးတွဲတာဝန်ယူထားသော ဝါရင့်စစ်ဗိုလ်ချုပ်ကြီးကို ဖယ်ရှားလိုက်သည်။ 

နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ခုခံတော်လှန်သူများကို လိုက်လံနှိမ်နင်းရာ၌ စစ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များကိုပါ ထည့်သွင်းအသုံးပြုလာရချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ရုံးမှ အနီးကပ် လူငယ်ဗိုလ်ချုပ်တစ်ဦးကို ရဲချုပ်အဖြစ် အစားထိုးလဲလှယ်သည်။ 

ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်ဇင်မင်းထက်မှာ လက်ရှိတွင် တွဲဖက်စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ စစ်တပ်က ထုတ်ပြန်သော သတင်းမှတ်တမ်းများအရ ထိုရာထူးကို ၂၀၁၉ ခုနှစ်တွင် စတင်ရရှိခြင်းဖြစ်သည်။

တွဲဖက်စစ်ရေးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇင်မင်းထက်၏ လှုပ်ရှားမှုများတွင် တပ်တွင်းအားကစားပြိုင်ပွဲနှင့် စစ်တီးဝိုင်းပြိုင်ပွဲများ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ 

ထို့ပြင် အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံရေးခိုင်ခိုင်မာမာရှိနေသည့် ရုရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ်က ပြုလုပ်သော စစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲ (Army Games) သို့ သွားရောက်ယှဉ်ပြိုင်သည့် စစ်တီးဝိုင်းအဖွဲ့ကို တွဲဖက်စစ်ရေးချုပ် ဦးဆောင်ဖူးသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၂ တက်ရောက်ခဲ့သူ ဗိုလ်ချုပ်ဇင်မင်းထက်မှာ စစ်ရေးချုပ်မဖြစ်ခင်က မည်သည့်စစ်ဘက်တာဝန်များ ထမ်းဆောင်ဖူးသည်ကို အတိအကျမသိရသော်လည်း ရှမ်းပြည်နယ် ဟိုပုန်းမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တွင် ကျောင်းအုပ်ကြီးဖြစ်ခဲ့ဖူးကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ 

“တွဲဖက်စစ်ရေးချုပ်က အရေးပါတာပေါ့။ တွဲဖက်စစ်ရေးချုပ်နဲ့ တွဲဖက်စစ်ထောက်ချုပ်က တပ်မတော်မှာ အရေးပါတဲ့ရာထူးတွေပဲ” ဟုလည်း ၎င်းက ပြောသည်။

တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှာ ပြီးခဲ့သည့်လများအတွင်းက ရန်ကုန်တောင်ပိုင်းမှ မြေကွက်များချထားပေးမှုနှင့် ပတ်သက်ပြီး နာမည်ကြီးခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းလှဌေးဝင်း၏သမက် သန့်စင်ဦး (ခ) သန့်စင်ဟိန်းနှင့် စစ်တက္ကသိုလ်အပတ်စဉ်တူဖြစ်သည်ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။ 

ပြီးခဲ့သည့် မတ်လအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးကို စစ်ကောင်စီက အနားပေးခဲ့ခြင်းမှာ ဗိုလ်ချုပ်ကြီးဟောင်းလှဌေးဝင်း၏ သမက်ကို မြေကွက်များချထားပေးခြင်းအပါအဝင် စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုများ ပါသည်ဟု ဆိုသည်။​

အသက် ၅၀ စွန်းစွန်းအရွယ်ရှိ ရဲချုပ်နှင့် ဒုပြည်ထဲရေးဝန်ကြီးသစ်၏ ဇနီးဖြစ်သူမှာ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံမှ ဆီးနှင့် ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာသဇင်ခိုင်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ရင်းနှီးကျွမ်းဝင်ဖူးသူတစ်ဦးက ပြောသည်။

“သူ့ညီမကလည်း ဆရာဝန်ပဲ။ ညီတစ်ယောက်က အင်္ဂလန်မှာ နေတာ။ မွေးချင်းသုံးယောက်လား လေးယောက်လား မသိဘူး။ သမီးနှစ်ယောက်ရှိတယ်။ မိဘတွေက အစိုးရဝန်ထမ်းတွေပဲ။ အမေက ကုန်သွယ်ရေးကထင်တယ်။ ပြည်ဇာတိ” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်ဇင်မင်းထက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၁၉၉၇ မှ ၂၀၀၃ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကတ်စိန်ထံတွင် ကိုယ်ရေးအတွင်းရေးမှူး (PSO) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“သူက စစ်သံမှူးဖြစ်ချင်တာ။ PSO ဘဝကနေ စစ်ရုံးပြန်ရောက်။ ဗိုလ်မှူးဖြစ်။ အဲဒီကနေ လောက်ကိုင်ဘက်ကို ဒုတပ်ရင်းမှူးအနေနဲ့ ရောက်သေးတယ်” ဟု ၎င်းက ပြောသည်။ 

အာဏာမသိမ်းမီကတည်းက တပ်တွင်းဩဇာထူထောင်ရင်း စိတ်ကြိုက်ပြင်ဆင်ခဲ့သူ စစ်ခေါင်းဆောင်မှာ အာဏာသိမ်းပြီးနောက်လည်း ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများကို ရာထူးမှ ရုတ်တရက်ဖယ်ရှားပစ်သည်။ 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးအချို့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ​ – EPA/EFE) 

သွေးရိုးသားရိုးမဟုတ်သော လုပ်ရပ်များနှင့် အကျွမ်းဝင်ပြီးဖြစ်သော အာဏာသိမ်းခေါင်းဆောင်၏ ရာထူးအဖြုတ်အခန့်လမ်းစဉ်တွင် ရဲချုပ်နှင့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ်မှ ဖယ်ရှားခံရသူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ ပထမဦးဆုံး မဟုတ်ပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပစားပေးခဲ့သော ဗိုလ်ချုပ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ယခုနှစ်ဆန်းပိုင်းတွင် ရာထူးမှ ရုတ်တရက်ဖယ်ရှားခံရသည်။

အာဏာသိမ်းခေါင်းဆောင် အလိုရှိပါက ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ လေတပ်အကြီးအကဲအဖြစ် ၂ နှစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရှိမည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ စစ်တပ်ရာထူးမှ အနားပေးခံရသည်။ 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမှာ ကောင်စီဝင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလဆန်းပိုင်း အတည်ပြုပြောဆိုခဲ့သော်လည်း မကြေညာမီရက်ပိုင်းကတည်းက ပျောက်ကွယ်နေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို အကန့်အသတ်မဲ့ပြင်ဆင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေတပ်အကြီးအကဲအပါအဝင် အခြားထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးအချို့ကိုလည်း စစ်ဘက်ရာထူးများမှ ဖယ်ရှားခဲ့သည်။

တပ်မတော်၌ နံပါတ်သုံးအဆင့်ဖြစ်သော ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အာဏာသိမ်းပြီးလျှင်ပြီးချင်း စစ်တပ်ရာထူးမှ အနားပေးကာ ကာကွယ်ရေးဝန်ကြီးအဖြစ်သာ ခန့်အပ်သည်။

ထို့အတူ ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုလည်း စစ်တပ်ရာထူးမှ ဖယ်ရှားကာ စစ်ကောင်စီအဖွဲ့ဝင်နှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်သည်။

လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တစ်ချိန်တည်း စစ်ဘက်ရာထူးမှ အနားပေးခံရသူမှာ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ဖြစ်သည်။ ၎င်းသည် အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူးဖြစ်သည်။​

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာလွှဲပေးခါနီး ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့သူ မင်းအောင်လှိုင်က ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများကို စစ်ဘက်ရာထူးမှ ဖယ်ရှားကာ များစွာငယ်ရွယ်သော အသက် ၄၀ ကျော် ၅၀ စွန်းစွန်းရှိ စစ်ဗိုလ်ချုပ်များကို အလွန်အရေးပါအရာရောက်သော စစ်တပ်ထိပ်တန်းရာထူးများ ပေးထားသည်။ 

တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်ထက် ၁၀ နှစ်ကျော် ငယ်ရွယ်သူဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၁၉ တက်ရောက်ခဲ့သူဖြစ်ကာ မိုးမြင့်ထွန်း၏ အပတ်စဉ်မှာ ၃၀ ဖြစ်သည်။ ရဲချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ဇင်မင်းထက်မှာ မိုးမြင့်ထက်ပင် ငယ်ရွယ်သေးသည်။ 

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်သာမက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း မင်းအောင်လှိုင်က ခန့်အပ်ထားသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်နှင့် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးသည်လည်း ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သဖြင့် အသက် ၅၀ ကျော်သာ ရှိသေးသည်။ 

အာဏာသိမ်းပြီးနောက် ရေတပ်အကြီးအကဲဖြစ်လာသူ ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် လက်ရှိစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူများဖြစ်ပြီး စစ်ခေါင်းဆောင်ထက် ကိုးနှစ်နီးပါး ငယ်ရွယ်သည်။ 

ထိပ်တန်းစစ်ဘက်ရာထူးတစ်ခုဖြစ်သော စစ်ထောက်ချုပ်အဖြစ် မင်းအောင်လှိုင်ခန့်အပ်ထားသူမှာ အပတ်စဉ် ၃၅ တက်ရောက်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ကာ အသက် ၅၀ နီးပါးသာ ရှိသေးသည်။

ထို့ပြင် အာဏာသိမ်းခေါင်းဆောင်က ၎င်း၏လုံခြုံရေးအတွက် အရေးကြီးဆုံးသော တိုင်းစစ်ဌာနချုပ်ဖြစ်သည့် နေပြည်တော်၌ တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သူ ဗိုလ်ချုပ်ဇော်ဟိန်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ တက်ရောက်ခဲ့သူဖြစ်သဖြင့် အသက် ၄၀ ကျော်အရွယ်သာ ရှိသေးသည်။ 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း နေပြည်တော်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဗိုလ်ချုပ်ဇော်ဟိန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်းဖြစ်ကာ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ချုပ်ဟောင်း ဦးသိန်းအောင်၏ သားဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button