သတင်း

တိုင်းမှူးနေရာမှ ဖယ်ရှားခံရသည့် ဗိုလ်ချုပ်မြတ်သက်ဦး လာအိုသံအမတ်ဖြစ်လာ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနေရာမှ ဖယ်ရှားခံရသည့် ဗိုလ်ချုပ်မြတ်သက်ဦးကို စစ်ကောင်စီက ယခုလ ၁၆ ရက်တွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။

ဗိုလ်ချုပ်မြတ်သက်ဦးမှာ ကရင်နှင့် မွန်ပြည်နယ်တို့တွင် လုံခြုံရေးနှင့် စစ်ဆင်ရေးကိစ္စများအတွက် အဓိကတာဝန်ရှိသည့် မော်လမြိုင်အခြေစိုက်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် လွန်ခဲ့သည့် မတ်လကုန်ပိုင်း၌ ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်များနှင့် အဆက်မပြတ် တိုက်ပွဲဖြစ်ပွားနေသည့် ထိုဒေသတွင် တိုင်းမှူးရာထူး တစ်နှစ်မပြည့်မီ ဖယ်ရှားခံရခြင်းဖြစ်သည်။

လက်နက်ကိုင် ခုခံတော်လှန်မှုများကြောင့် စစ်ရေးအရ အထိနာလာသည့် စစ်ကောင်စီက မတ်လကုန်တွင် တိုင်းမှူးအပြောင်းအလဲ ပြုလုပ်ခဲ့သည်သာမက ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းရှိ စစ်ဆင်ရေးကိစ္စများကို ကိုင်တွယ်သည့် အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ကိုလည်း အစားထိုးခဲ့သည်။

အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ညွန့်ဝင်းဆွေကို အမှတ် (၄) ကစထမှူးအဖြစ် ရာထူးတိုးပေးကာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဆေးရေးကိစ္စနှင့် ပတ်သက်၍ အနီးကပ်ကိုင်တွယ်စေခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်မြတ်သက်ဦးမှာ လွန်ခဲ့သည့်နှစ် ဩဂုတ်လတွင် မော်လမြိုင်တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခံရသည်။

ဗိုလ်ချုပ်မြတ်သက်ဦးကို တိုင်းမှူးရာထူးမှ ဖယ်ရှားပြီးနောက် စစ်ကောင်စီက တာဝန်ပေါ့လျော့မှုဖြင့် ဖမ်းဆီးအရေးယူသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုမရပေ။ နှစ်လကျော် ကြာပြီးနောက် ၎င်းကို သံအမတ်အဖြစ် ခန့်အပ်သည့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တိုင်းမှူးရာထူးမှ ဖယ်ရှားပြီး သံအမတ်ခန့်အပ်ခြင်းမှာ စစ်တပ်ထုံးတမ်းစဉ်လာအရ အပြစ်ပေး ချောင်ထိုးခြင်းဖြစ်သည်ဟု အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

“သံအမတ်ခန့်တယ်ဆိုတာ တစ်ခုခု ကြီးကြီးမားမား ငြိလို့ပဲ။ တိုင်းမှူးဆိုတာက ဘုရင်ခံနယ်စားလို့ပဲ ခေါ်တာကိုး။ စစ်ဆင်ရေးရလဒ်တွေ မကြိုက်လို့ ခေါ်တယ်။ စစ်ရင်တောင် စစ်ဦးမယ်။ ပြီးမှ လာအိုသံအမတ်ခန့်လိုက်တယ်ဆိုတာ အပြစ်ပေးတဲ့သဘောမျိုးတောင် ပြောလို့ရပါတယ်”

“လာအိုလိုနိုင်ငံမျိုးကို ပို့တယ်ဆိုတော့ ပါဝါ တော်တော်ကျသွားတာပေါ့။ အနားပေးလိုက်တာမှ တော်ဦးမယ်။ ဘာမှ တက်လမ်းမရှိတော့ဘူး။ စစ်သုံးစကားနဲ့ ပြောမယ်ဆိုရင်တော့ ဂိမ်းဘောဖြစ်သွားတာပေါ့” ဟုလည်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်းဖြစ်သူ ဦးကိုကိုနိုင်မှာ မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုနိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအနေအထားဖြင့် ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက စစ်ရေးအရ ထိခိုက်မှုကြီးမားသည့် ဒေသများ၌ စစ်တိုင်းမှူးအပြောင်းအလဲ ပြုလုပ်လေ့ရှိသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွက် အဓိကတာဝန်ရှိသည့် မုံရွာအခြေစိုက် အနောက်မြောက်စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို လွန်ခဲ့သည့်နှစ် ဇန်နဝါရီလတွင် ရာထူးမှ ဖယ်ရှားခဲ့သည်။

လက်ရှိတွင်လည်း ဗိုလ်ချုပ်မြတ်သက်ဦး ရာထူးမှ ဖယ်ရှားခံရသည့် မော်လမြိုင်အခြေစိုက်တိုင်းမှူးနေရာ အပြောင်းအလဲရှိသည်ဟု နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဗိုလ်ချုပ်မြတ်သက်ဦးကို လာအိုသံအမတ်ခန့်တယ်။ ကရင်ဂွင်က တိုင်းမှူးအပြောင်းအလဲဖြစ်တယ်။ တိုင်းမှူးအသစ် ဘယ်သူလဲတော့ မသိသေးဘူး။ တိုင်းမှူးနေရာတင်မဟုတ်ဘဲ အခြား လေးနေရာလောက် အပြာင်းအလဲဖြစ်မှာပဲ” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button