လူမှုနယ်ပယ်

ယနေ့ ရင်းနှီး မနက်ဖြန်ရှုံးရသော ဒဏ်ကို မခံနိုင်တော့သည့် တောင်သူများ

မျိုးစပါးကြဲချပြီးကာမှ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းသွားသော လယ်ကွင်းပြင်ကို ကြည့်ရင်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ အသက် ၄၀ အရွယ် တောင်သူ ဦးမြင့်* လက်မှိုင်ချနေမိသည်။ ဩဂုတ်လဆန်းပိုင်းက မထင်မှတ်ဘဲ မိုးများခဲ့ရာ ရှိစုမဲ့စုဖြင့် ပျိုးထောင်ထားရသည့် လယ်ငါးဧက ပျက်စီးဆုံးရှုံးမှု ကြုံရမည်ကို ဦးမြင့် တွေးပူနေရသည်။

အစစအရာရာ စျေးတက်နေချိန်တွင် မျိုးစပါးကို တစ်ဧက ကျပ်ခုနစ်သောင်းခွဲနှုန်း ရင်းနှီးစိုက်ထုတ်ထားရသောကြောင့် ထပ်မံကုန်ကျရဦးမည့် စရိတ်အတွက် ပူရသလို၊ ရေဝပ်ပြီး တင်ကျန်နေမည့် နုန်းများကြောင့် ပျိုးသစ်ကြဲလျှင်ပင် စပါးပင်ရှင်သန်နိုင်ခြေရှိမရှိ ဆိုသည်မှာလည်း သူ့အတွက် ခေါင်းခဲစရာဖြစ်နေသည်။

“ကြဲလိုက်တဲ့ မျိုးစေ့တွေက ရေကျသွားတော့ နုန်းတွေထဲ နစ်ပြီး မပေါက်တဲ့အပင်က မပေါက်၊ ပေါက်တဲ့အပင်က ပေါက်” ဟု ဦးမြင့်က ဆိုသည်။

“ပေါက်တဲ့နေရာတွေကို ထပ်ကြဲတဲ့မျိုး ပေါက်မပေါက်လည်း မပြောနိုင်ဘူး”

ထိုလယ်ငါးဧက စိုက်ပျိုးနိုင်ရန် အမတော်ကြေး တစ်ဧက ကျပ်တစ်သိန်းခွဲ ချေးယူထားရသည်။ သို့သော် ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အထွေထွေအရပ်ရပ် ကုန်ဈေးနှုန်း ကြားလို့မှမတော် နှစ်ဆသုံးဆ တက်နေချိန်တွင် လယ်စိုက်စရိတ်မှာ အမတော်ကြေးရငွေဖြင့် မလောက်င၍ ပြင်ပကြွေးမြီများလည်း ဦးမြင့်ထံတွင် ရှိနေသည်။

အခြားကုန်ကျစရိတ်များ လျှော့လို၍ မိသားစုဝင်တို့၏ အင်အားဖြင့်သာ လုပ်ကိုင်သည်ဖြစ်သော်လည်း ဓာတ်မြေဩဇာ၊ လယ်ယာသုံးပစ္စည်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မိုးထိ ထိုးတက်နေသည်။ မကြာသေးမီကပင် လယ်ယာသုံးစက်ယန္တရားကြောင့် ခြေထောက်ဒဏ်ရာရခဲ့ပြီး ဆေးကုသငွေ ကျပ် ၁၀ သိန်းထက်မနည်း ကုန်ကျခဲ့ပြီးဖြစ်သည်။

အာဏာမသိမ်းမီက ကုန်ဈေးနှုန်း ငြိမ်၍ ဝင်ငွေထွက်ငွေ ချိန်ဆနိုင်သည့် အခါသမယတွင် လယ်ပိုင်ရှင်ကြီးဘဝဖြင့် ချောင်ချောင်လည်လည် ရပ်တည်နိုင်ခဲ့သော်လည်း ယခုမူ အကြွေးဒီဂရီ ထပ်မတိုးသွားစေရန် အရာရာကို သတိကြီးကြီးထား၍ ချိန်ဆနေချိန်တွင် ပျိုးကြဲပြီးမှ ပျက်စီးမှုနှင့် ရင်ဆိုင်နေရသည်။

“ခု မျိုးစပါးကြဲပြီး ပျက်စီးတော့ ကုန်ကျစရိတ်က များပြီ။ ပိုးသတ်စျေး မြေဩဇာစျေးတွေကလည်း နှစ်ဆမကဘူး တက်နေတာ၊ ပိုခက်ခဲသွားပြီ”

စပါးဈေးမှာ အာဏာမသိမ်းမီကထက် တက်လာသည့် အခြေအနေရှိသော်လည်း စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချရာတွင် ကုန်ကျသည့် ရင်းနှီးငွေပမာဏ တိုးမြင့်လာမှုက စပါးဈေးထက် ပိုဆိုးနေသည်။ အာဏာမသိမ်းမီကပင် ကုန်သည်ပွဲစားတို့၏ စပါးဈေးကစားမှုဒဏ်ကို ကြုံနေရသည့် တောင်သူတို့မှာ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မီးတောက်နေချိန်၊ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေချိန်တွင် ကူရာကယ်ရာမဲ့ အခြေအနေသို့ ဆိုက်လာသည်။

စစ်ကောင်စီကို တော်လှန်နေသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း တွေ့ရသည့် စပါးခင်းတစ်ခု။ ဓာတ်ပုံ – Myanmar Now

အာဏာမသိမ်းမီက စပါးဈေး တင်း ၁၀၀ လျှင် ကျပ် ၇ သိန်းဝန်းကျင်သာ ရှိသည်။ ထိုဈေးမှာ ထုတ်လုပ်မှုကုန်ကျစရိတ် ကာမိရုံသာမက ပိုလျှံ၍ အမြတ်အစွန်းရသည်။ မီးဖိုဆောင်စရိတ်၊ ကျောင်းစရိတ်၊ ဆေးကုသစရိတ် စသည်တို့မှာလည်း ရုတ်ခြည်း တက်သွားလေ့မရှိသဖြင့် ဦးမြင့်တို့ မိသားစုမှာ ကိုယ့်ဝင်ငွေနှင့်ကိုယ် ရပ်တည်နိုင်စွမ်းရှိသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကျပ် ၆၀,၀၀၀ တန် ဓာတ်မြေဩဇာမှာ ယခု ၁၀၀,၀၀၀ ကျော်၊ လယ်ထွန်စက်ငှားရမ်းခမှာ ၄၀,၀၀၀ မှ ၈၀,၀၀၀၊ အလုပ်သမားတစ်ဦးစရိတ် ကျပ် ၃,၀၀၀ မှ ၆,၅၀၀ ဖြစ်နေသည်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်ဈေးတို့မှာ သုံးဆဝန်းကျင် တက်သွားသည်။

ဦးမြင့်နည်းတူ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စပါး ဧက ၂၀ ကျော် စိုက်ပျိုးထုတ်လုပ်နေသူ ဦးမောင်*က တောင်သူတို့မှာ ယခင်ကကဲ့သို့ စပါးကို ဈေးခေါ်ရောင်းနိုင်သည့် အခြေအနေတွင် မရှိတော့ဟု ပြောသည်။ စိုက်ပျိုးစရိတ် ဆတိုးတက်လာသည်ဖြစ်၍ မဖြစ်မနေ ချေးယူထားရသည့် ငွေများအတွက် ပေးနေရသည့် အတိုးနှုန်းထဲတွင် ဘဝမနစ်မွန်းသွားစေရန် စပါးရိတ်သိမ်းပြီးသည်နှင့် ရရာဈေးဖြင့် ထိုးရောင်းကာ အကြွေးဆပ်နေရခြင်းဖြစ်သည်။

“မကိုင်ထားနိုင်ဘူး၊ အကြွေးဆပ်ဖို့နဲ့ စားဖို့က ရှိနေတော့ ရောင်းလိုက်တယ်။ တောင်သူတွေလက်ထဲက ရောင်းပြီး ပွဲစားကုန်သည်တွေလက်ထဲ ရောက်တာနဲ့ စျေးက တက်တော့တာပဲ” ဟု ဦးမောင်က ပြောသည်။

စပါးရောင်းပြီး ငွေပေါ်လာလျှင် ချေးငွေတို့အတွက် အတိုးအရင်းပေးပြီးနောက် ကံဖေးမ၍ ပိုလျှံသည်ဆိုလျှင်ပင် နိစ္စဓူဝ တိုး၍တက်နေသည့် အထွေထွေအရပ်ရပ်ကုန်ဈေးနှုန်းကြောင့် ဝင်ငွေထွက်ငွေ မျှခြေမရှိဖြစ်နေရာ အာဏာသိမ်းပြီးနောက်တွင် အခြားသော ပြည်သူများနည်းတူ တောင်သူများသည်လည်း ဒုက္ခတွေ့နေကြသည်။

နေပြည်တော်မှ တောင်သူတစ်ဦး၏ ဇနီးသည် မမျိုး*က “အဆင်ကတော့ မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကုန်စျေးနှုန်းကြီး တက်နေသရွှေ့တော့ အဆင်ကတော့ ပြေမှာမဟုတ်ဘူး။ ရတာနဲ့ ပြန်ဝယ်စားနေရတော့ လုံးချာကို လည်နေတာပဲ” ဟု ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ဆန်စပါးဈေးမှာ အတက်အကျ ကြမ်းလေ့ရှိပြီး တောင်သူများ နစ်နာပြီးရင်း နစ်နာနေသည်ကို တွေ့ရသည်ဟု လုပ်သက် ၁၀ နှစ်ဝန်းကျင်ရှိ စပါးကုန်သည် ဦးတင့်*က ပြောသည်။

“ကုန်သည်တွေက စျေးမတက်တက်အောင် ဆွဲတင်တယ်၊ ခုက စျေးဆွဲတင်လို့ ကောင်းတဲ့အချိန်ပဲ။ (နိုင်ငံရေး) အပြောင်းအလဲတစ်ခုပေါ် မူတည်ပြီး စျေးက လိုသလိုကစားလို့ရတယ်” ဟု ၎င်းက ဆိုသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ မြင့်မားနေချိန်၊ ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်သို့ စစ်မီးကူးမလာစေရန်ပင် စစ်ကောင်စီက အသည်းအသန် လုံးပန်းနေရချိန်၊ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် စစ်ကောင်စီ ဝင်ငွေရလမ်း အခက်တွေ့နေချိန်တွင် ကုန်ဈေးနှုန်းမှာ ဆိုဖွယ်ရာမရှိ ထိုးတက်နေသည်။

စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် နိုင်ငံရေးမတည်ငြိမ်ဘဲ နိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေချိန်တွင် ဆင်တစ်ကောင်ကို အကြောင်းပြု၍ ဗိုလ်ချုပ်ကြီးများ အသစ်ထုတ်ဝေလိုက်သည့် နှစ်သောင်းတန် ငွေစက္ကူက ကျပ်ငွေတန်ဖိုးကျဆင်းနေမှုကို အဆင်း ဘီးတပ်ပေးလိုက်ပြန်သည်။

အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ဝန်းကျင် တန်ဖိုးရှိသော်လည်း အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း ကျပ် ၃,၃၀၀ အထိ ဖြစ်လာသည်အထိ ကျပ်ငွေတန်ဖိုးမှာ သုံးဆနီးပါး ကျဆင်းလာခဲ့ပြီးဖြစ်သည်။ ထိုဂယက်မှာ အခြေခံစားကုန်နှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် စက်သုံးဆီနှင့် မော်တော်ယာဉ်တန်ဖိုးတို့ကိုသာမက ရွှေဈေးကိုပါ ကသောင်းကနင်း ထိုးတက်သွားစေသည်။

 စီးပွားရေးမြို့တော် ရန်ကုန်တွင် အရည်အသွေးမပြည့်မီသော စားအုန်းဆီကိုပင် တိုးဝှေ့ဝယ်ယူနေရသည်ကို ၂၀၂၂ စက်တင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

နေ့စဉ်လူမှုဘဝကို သက်ရောက်မှုကြီးများသည့် အထက်ပါ ကုန်စည်များ၏ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး ဈေးနှုန်းကွာဟချက်ကို ကြည့်လျှင် ကျပ်ငွေတန်ဖိုးကျဆင်းမှု မည်မျှဆိုးရွားသည်ကို ထင်သာမြင်သာတွေ့နိုင်သည်။

စစ်အာဏာမသိမ်းမီက ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်းကျင်ရှိရာမှ ယခုအခါ ၃၆ သိန်း၊ စက်သုံးဆီဈေးမှာ တစ်လီတာ ကျပ် ၆၀၀ ၊ ၇၅၀ ဝန်းကျင်မှ ၂၁၀၀ မှ ၂၃၀၀ အထိ ရှိလာသည်။ ထိုကွာဟချက်များမှာ အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း ပေါ်ပေါက်လာသည့် အခြေအနေဖြစ်သည်။

စစ်ကောင်စီကမူ ၎င်းတို့ ထုတ်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟုသာ ဆိုနေဆဲဖြစ်သည်။

ထိုစကားကို ပြည်သူတို့ ယုံမည်မဟုတ်ဟု ဆန်ကုန်သည် ဦးတင့်က ပြောသည်။

“ပြည်သူက မယုံကြည်ဘူး။ ဒေါ်လာစျေး ရွှေစျေး တက်တယ်၊ သူတို့ထိန်းလေ စျေးက ပိုတက်လေပဲ၊ ခုလည်း ဆန်စျေးက အဲအတိုင်းပဲ၊ လှောင်ပြီး စျေးကစားတဲ့ ကုန်သည်တွေပဲ နောက်ဆုံး အမြတ်ရတယ်” ဟု ဆန်ကုန်သည် ဦးတင့်က ပြောသည်။

အာဏာသိမ်းပြီးနောက် တိုင်းပြည်မတည်ငြိမ်ချိန်တွင် ကောလာဟလမျိုးစုံထွက်နေရာ မြန်မာလူထု၏ အဓိကအခြေခံစားကုန်ဖြစ်သည့် ဆန်ဈေးကွက်ကို အထူးဂယက်ရိုက်နေခြင်းဖြစ်သည်။

“အစိုးရိမ်လွန်ပြီး ဝယ်တယ်၊ မလိုအပ်ဘဲ စုဆောင်းတယ်ဆိုရင် စျေးမတည်ငြိမ်ဘဲ စျေးကစားချင်တဲ့သူတွေအတွက် ပိုကောင်းသွားနိုင်တာကို သတိပြုစေချင်တယ်” ဟု ဦးတင့်က ပြောသည်။

ဆန်စပါးကို အာဏာမသိမ်းမီက ပြည်တွင်းစားသုံးမှု ပိုလျှံပမာဏကိုသာ ပြည်ပသို့ ထုတ်ရောင်းရန် မူဝါဒရှိသော်လည်း စစ်အသုံးစရိတ်ကြောင့် နိုင်ငံခြားငွေလိုအပ်ချက်မြင့်နေသည့် စစ်ကောင်စီက မည်သို့မည်ပုံ စီမံခန့်ခွဲနေသည်ကို မည်သူမျှ အတိအကျမသိနိုင်ပေ။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသော စာရင်းများအရ ၂၀၂၂-၂၀၂၃ ဧပြီလမှ မတ်လကုန်အထိ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၂.၃ သန်းနီးပါးရှိကာ အမေရိကန်ဒေါ်လာ ၈၅၀ မီလျံကျော် ရခဲ့ကြောင်း၊ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂.၅ သန်း တင်ဖို့ကာ ဒေါ်လာ သန်း ၁,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ပြည်ပသို့ ပို့သည့် ဆန်စပါးအများစုမှာ မြန်မာနှင့် အိမ်နီးချင်းဖြစ်သည့်၊ လူဦးရေများပြားသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အတွက်ဖြစ်သည်၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကပါ ဝယ်လိုအားရှိနေလျှင် ဆန်စပါး ဈေးကောင်းပိုရလေ့ရှိသော်လည်း ထိုအကျိုးကို တောင်သူများ ရလေ့မရှိဟု ဦးတင့်က ပြောသည်။

အကြောင်းမှာ မိုးစပါး စတင်ထွက်သည့် နိုဝင်ဘာလဆန်းဆိုလျှင် ကုန်သည်များ မဝယ်ကြသဖြင့် ဈေးထိုးကျတတ်သည်။ ကုန်ကျစရိတ်နှင့် ကြွေးမြီဒုက္ခကြောင့် တောင်သူတို့က ရရာဈေးဖြင့်သာ ထိုးရောင်းကြသည့် မိုးစပါးပေါ်ကာစချိန်မှ ကုန်သည်တို့က ဈေးနှိမ်ဝယ်ယူသည်။ တောင်သူတို့ လက်ဝယ် စပါးလက်ကျန်နည်းသွားသည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လတို့တွင် စပါးဈေး ပြန်မြင့်လာသည်မှာ မရိုးနိုင်သော အစဉ်အလာဖြစ်သည်။

ကရင်နီပြည်နယ်အတွင်း ဧပြီလက  စစ်ကောင်စီတပ်ဖွဲ့ မီးရှို့သွားသည့် စပါးကျည်။ ဓာတ်ပုံ-KNDF

နာမည်ကျော် ရွှေဘိုပေါ်ဆန်းမွှေး၊ တောင်ပျံ စသည့် ဆန်ချောများထွက်ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးဒေသများတွင် စစ်ကောင်စီကို ခုခံတော်လှန်စစ် မြင့်မားနေပြီး စစ်ကောင်စီကလည်း ရွာစဉ်လှည့် မီးရှို့၊ သတ်ဖြတ်၊ တောင်သူတို့၏ စပါးကျီများကို ဖျက်ဆီးနေသည်။ ထိုအခြေအနေကြောင့် စပါးထွက်နှုန်းကျနေသော်လည်း နေပြည်တော်၊ ပဲခူး၊ ဧရာဝတီကဲ့သို့ စိုက်ပျိုးနိုင်ဆဲဖြစ်သည့် ဒေသများမှ တောင်သူတို့ တွက်ခြေကိုက်သည့် စပါးဈေးနှုန်းကို ခံစားခွင့်မရပေ။ ခေတ်ပျက်တိုင်း မျက်နှာသာပိုရလေ့ရှိသည့် ကုန်သည်ပွဲစားနှင့် ကုမ္ပဏီကြီးများသာ ပန်းပန်နေဆဲဖြစ်သည်။

ထိုသို့ ပြည်တွင်းတောင်သူများ ဒုက္ခမျိုးစုံတွေ့နေရသည့် အခြေအနေတွင် နိုင်ငံတကာဈေးကွက်သို့ ကိုယ်တိုင်တင်ပို့နိုင်စွမ်းရှိသည့် တရုတ်ကုမ္ပဏီများက တစ်နိုင်ငံလုံးတွင် လုံခြုံရေးအတင်းကျပ်ဆုံးဖြစ်သည့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လယ်ယာမြေများ ငှားရမ်းကာ စပါးစိုက်နေကြသည်။

မျက်ဖြူဆိုက်နေသည့် လယ်သမားများမှာ အထွက်နှုန်းကောင်းလေ့ရှိသည့် မိုးစပါးစိုက်ပျိုးကာလ (ဇူလိုင်မှ နိုဝင်ဘာဝန်းကျင်) တစ်ရာသီစာအတွက် တစ်ဧကလျှင် ကျပ်ငါးသိန်းခွဲ ဝန်းကျင်သာရှိသော နှုန်းထားဖြင့် တရုတ်များထံ လယ်ငှားသည့်နည်းကို ရွေးချယ်၍ စားဝတ်နေရေး ဖြေရှင်းနေကြသည်။

“တောင်သူတွေက လယ်မြေပဲ ငှားရတာ၊ မျိုးစပါးနဲ့ မြေဩဇာ ကျန်တာအားလုံးက တရုတ်တွေက အကုန်လုပ်တာ၊ မြေဩဇာကလည်း အများကြီးသုံးတော့ ထွက်နှုန်းလည်း ကောင်းတယ်” ဟု ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး လပိုင်းအကြာကတည်းက တရုတ်နိုင်ငံသားထံ လယ်ငါးဧက ငှားရမ်းထားသူ ဦးမျိုးမင်း*က ပြောသည်။

တရုတ်နိုင်ငံသားများက တစ်ရက် ကျပ် ၇,၀၀၀ နေ့စားခပေးကာ ပြန်ခိုင်းစေမှုကို အစစအရာရာ မပြေလည်သည့် တောင်သူများက သွားရောက်လုပ်ကိုင်နေရသည်။ လုပ်ငန်းခွင်သို့ ကားအကြိုအပို့ပင် ရှိသေးသည်။ သို့သော် တရုတ်တို့၏ လယ်များတွင် အလုပ်သမားခေါင်းအဖြစ် တာဝန်ယူသူတို့၏ ကိုယ့်နိုင်ငံသားအချင်းချင်း ခေါင်းပုံဖြတ်မှုကို တောင်သူတို့ ကြုံရပြန်သည်။ နေ့စားခ တစ်ရက် ကျပ် ၇,၀၀၀ တွင် ၆,၅၀၀ သာ လုပ်သားများက ရပြီး ကျပ် ၅၀၀ ကို အလုပ်သမားခေါင်းက ဝန်ဆောင်ခ ယူသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ရှားတော၊ ဂုဏ်မင်းအင်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ အလျင်လိုရွာတို့တွင် တရုတ်နိုင်ငံသားတို့ ထိုနည်းဖြင့် လုပ်ကိုင်နေသည့် လယ်ဧက ငါးရာကျော်ရှိသည်ဟု စုံစမ်းသိရှိရသည်။

အာဏာမသိမ်းမီကတည်းက တရုတ်နိုင်ငံသား လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ နေပြည်တော်တွင် အခြေချလာခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် တစ်ဟုန်ထိုး တိုးတက်များပြားလာနေသည်။ အသေးစိတ်အချက်အလက်များကိုမူ အတည်မပြုနိုင်သေးပေ။

စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင်လည်း စပါးစိုက်ရန် တရုတ်ကုမ္ပဏီများ လာရောက်စည်းရုံးနေကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ဩဂုတ် ၉ ရက် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

မြန်မာပြည်မြောက်ပိုင်းနှင့် ဆက်လျက်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုက စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်းရုံး၌ တောင်သူလယ်သမားများအတွက် အသိပညာနှီးနှောဖလှယ်ပွဲဟူသော ခေါင်းစဉ်ဖြင့် တောင်သူ ၅၀ ခန့်ကို ခေါ်ယူစည်းရုံးခဲ့ကြောင်း ထိုသတင်းက ဆိုထားသည်။

နေပြည်တော်တွင် တရုတ်နိုင်ငံသားထံ လယ်ငါးဧက ငှားရမ်းထားသူ ဦးမျိုးမင်းက တရုတ်များက ထွက်နှုန်းကောင်းစေရန် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အများအပြားသုံး၍ စိုက်ပျိုးသဖြင့် မြေဆီလွှာပျက်စီးကာ ၎င်းတို့လုပ်ငန်း ထွက်ခွာသွားချိန်တွင် ကိုယ်ပိုင်သည့် လယ်မြေ စိုက်ပျိုးမရသည့်အခြေအနေသို့ ရောက်နိုင်သည်ဟု ပြောသည်။ သို့သော် မဖြစ်လာသေးသည်ကို တွေးပူနေမည့်အစား လတ်တလော ဝမ်းရေးပြေလည်ရန် သူပိုင်လယ်များကို တရုတ်လက်သို့ ဦးမျိုးမင်းက ထိုးအပ်ခဲ့ပြီးဖြစ်သည်။

“စပါးထွက်ရင် တရုတ်တွေက ဒီမှာ မကြိတ်ဘူး။ ဟိုကို ယူသွားကြတာ”။

အာဏာသိမ်းမှုဂယက်ကြောင့် အရပ်ရပ်အထွေထွေ မတည်ငြိမ်မှု ဂယက်ထနေချိန်တွင် စပါးဈေး နှစ်ဆရသော်လည်း အခြားကုန်ကျစရိတ်များ ထို့ထက်မက မြင့်နေမှု၊ ကြွေးနွံနစ်မှုတို့ကြောင့် တောင်သူတို့မှာ ဗလောင်ဆူနေကြရရာ တရုတ်တို့က ထိုအခြေအနေကို အခွင့်ကောင်းယူနေသည်ဟု နေပြည်တော်မှ တောင်သူတစ်ဦးဖြစ်သူ မမျိုးက ပြောသည်။

“ခုက စပါးဈေးက ၁၀ သိန်း အထက်ရှိတော့ ပုံမှန်ဆိုရင် နှစ်ဧကစိုက်ရင် တစ်ဧကမြတ်တယ်။ ဒါပေမဲ့ အကြွေးရှိတော့ စားဖို့တောင် စပါးမချန်ရဘဲ (ရရာဈေးနဲ့ အမြန်) ရောင်းလိုက်တော့ (ဆန်) ပြန်ဝယ်စားတဲ့အခါ (ဈေးတွေတက်တော့) အဆင်မပြေဘူး။ ဒါကြောင့် တောင်သူအချို့ကလည်း မစိုက်ဘဲ ငှားပဲ စားကြတော့တာပဲ” ဟု မမျိုးက ပြောလိုက်သည်။ 

စစ်ကိုင်းတိုင် ခင်ဦးမြို့နယ်အတွင်း စစ်တပ်ရန်ကြောင့် လယ်ယာနှင့် အိုးအိမ်ကို စွန့်ခွာထွက်ပြေးနေရသူများကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

(*လုံခြုံရေးအရ အမည်လွှဲထားသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button