သတင်း

အဝေးထိန်းစနစ်ဖြင့် မောင်းသည့်ကား နေပြည်တော်တွင် တွေ့၊ မိုင်းရှင်းအဖွဲ့ သွားရောက်ရှင်းလင်း

ရှရှား၊ ကိုရီးယား အဆိုတော်များ ပါဝင်မည့် သင်္ကြန်ပွဲ အကြီးအကျယ်လုပ်ရန် ပြင်နေသည့် နေပြည်တော်တွင် မောင်းသူမဲ့ကား မသင်္ကာဖွယ် ရပ်ထားသဖြင့် မိုင်းရှင်းရေးအဖွဲ့ အလုပ်များသွားသည်။

ရှရှား၊ တောင်ကိုးရီးယားနိုင်ငံတို့မှ အဆိုတော်များကို ဖိတ်ခေါ်၍ သင်္ကြန်ပွဲအကြီးအကျယ်လုပ်ရန် ပြင်နေသည့် နေပြည်တော်တွင် ဝိုင်ယာကြိုးများတပ်ဆင်ထားပြီး အဝေးထိန်းစနစ်ဖြင့် မောင်းနိုင်သည့်ကား တွေ့ခြင်းကြောင့် စစ်တပ်က မိုင်းရှင်းလင်းရေးအဖွဲ့ကို ခေါ်ယူရှင်းလင်းခဲ့ရသည်။

အမြန်လမ်းတိုးဂိတ်မှ ဝင်ရောက်လာပြီး သပြေကုန်းအဝိုင်းသို့ သွားသည့် ရာဇသင်္ဂဟလမ်းပေါ်ရှိ NAVATA HOTEL ရှေ့တွင် ဝိုင်ယာကြိုးများတပ်ထားသည့် Toyota Passo အမျိုးအစားကားကို မတ်လ ၁ ရက်နေ့က တွေ့ရခြင်းဖြစ်သည်။ ရန်ကုန်လိုင်စင်နံပါတ်နှင့် ထိုကားတွင် ယာဉ်မောင်းထိုင်ခုံ ဖြုတ်ထားပြီး လက်ကိုင်စတီယာရင်တွင် သစ်သားတန်းများတပ်ဆင်၍ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်သည့် ပုံစံပြုလုပ်ထားကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် ရဲကြေးနန်းတွင် ဖော်ပြထားသလို အွန်လိုင်းသို့ ရောက်လာသည့် မှတ်တမ်းဓာတ်ပုံများတွင်လည်း အလားတူ တွေ့ရသည်။

ဒက္ခိဏသီရိမြို့နယ်မှ ရဲများ သွားရောက်စစ်ဆေးရာ ကားအတွင်း ဝါယာကြိုးများ တပ်ဆင်ထားသည်ကို တွေ့ရသည်၊ မိုင်းရှင်းအဖွဲ့ဝင် ၉ ဦး ရောက်လာပြီး ရှင်းလင်းခဲ့ရသည်ဟု ဆိုသည်။

ဝိုင်ယာကြိုးများတပ်ထားသည့် Toyota Passo အမျိုးအစားကားအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

ထိုကားသည် မတ်လ ၂၄ ရက်နေ့ကတည်းက NAVATA HOTEL ရှေ့တွင် ထားရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲကြေးနန်းတွင် ပါရှိသည်။ မကွေးတိုင်း ရေစကြိုမြို့နယ်မှ ဒေသခံတစ်ဦး ပိုင်သည့်ကားဟု အတည်ပြုနိုင်ပြီး လိုင်စင်မဲ့ကားဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မိုင်းခွဲဖို့ လာထားတယ်ဆို အဲလောက်ရက်အကြာကြီး ရပ်ထားမှာ မဟုတ်ဘူးလေ၊ လာထားပြီး တန်းလုပ်မှာပေါ့၊ ခုက သိပ်မရိုးဘူးလို့တော့ ခံစားမိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ထိုဖြစ်ရပ်မှာ မိုင်းထောင်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်ဟူသော အချက်ကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုကားတွေ့ရှိခြင်းသည် စစ်တပ်အာဏာသိမ်းရာမှ လူအများစားဝတ်နေရေးကျပ်တည်းခြင်း၊ စိတ်သောကရောက်ရခြင်းတို့ကို ဖုံးဖိရန် ယခုနှစ်တွင် ပြည်ပမှ အနုပညာရှင်များကို ခေါ်ယူကာ သင်္ကြန်ပွဲကို အများစိတ်ဝင်စားအောင် လုပ်ဆောင်နေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

လက်ရှိတွင်လည်း နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များကိုလည်း မတ်လကုန်ပိုင်းမှစ၍ စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။

မတ် ၂၉ ရက်နေ့ နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီအစည်းအဝေးတွင် စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်သင်္ကြန်တွင် ရုရှား၏ ပူးပေါင်းဆောင်ရွက်မှု ပါဝင်မည်၊ K-POP အဆိုတော်များလည်း လာမည်ဟု ပြောသည်။

ဝိုင်ယာကြိုးများတပ်ထားသည့် Toyota Passo အမျိုးအစားကားအတွင်းပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

“ယခုနှစ်သင်္ကြန်တွင် ထူးထူးခြားခြားအနေဖြင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံသံရုံးမှ မဏ္ဍပ်တစ်ခုနှင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း” ဦးမောင်မောင်အုန်းက ပြောသည်ဟု သူ၏ ဌာနက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် ပြည်သူအများအပြား ဖမ်းဆီး၊ သတ်ဖြတ်ခံနေရသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သင်္ကြန်ပွဲတော်ကို လူစည်းကားရန် အထူးစည်းရုံး လှုံ့ဆော်ခဲ့သော်လည်း လူအများစိတ်မဝင်စားသည့် သင်္ကြန်ပွဲတော်များအဖြစ် မှတ်တမ်းဝင်နေသည်။

အရပ်သား NLD အစိုးရလက်ထက်က စည်ကားခဲ့သည့် မြို့နယ်လမ်းလျှောက်သင်္ကြန်နှင့် ဟိုတယ်ဇုန်များတွင် သင်္ကြန်မဏ္ဍပ်များကို အာဏာသိမ်းပြီး ၂၀၂၁ ကတည်းက ဆောက်လုပ်ပြီး ရေကစားခြင်းမရှိတော့သည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button