လူမှုနယ်ပယ်

ဝမ်းရေးခက်နေကြသည့် နိုင်ငံရေးအမှု အခမဲ့လိုက်သည့် ရှေ့နေများ

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာချိန်တွင် နိုင်ငံရေးအမှု အခမဲ့လိုက်ပေးသည့် ရှေ့နေများမှာ ရာဇဝတ်မှု၊ တရားမမှုစသော နိုင်ငံရေးနှင့် မသက်ဆိုင်သည့် အမှုများ အကျိုးဆောင်ခွင့် ဆုံးရှုံးနေကြ၍ ဝမ်းရေးခက်နေကြသည်။

မည်သို့သော ရှေ့နေမျိုးဆိုလျှင် စစ်ကောင်စီ မျက်မုန်းကျိုးနိုင်သည်ကို အမှုသည်တို့ သိရှိထားသည်၊ အမှုကိစ္စအပေါ် ဆိုးကျိုးသက်ရောက်လာမည်ကို စိုးရိမ်ပြီး အမှုအပ်နှံရန် စိုးရိမ်ပူပန်နေကြသည်ဟု နိုင်ငံရေးအမှု အခမဲ့လိုက်ပေးသည့် ရှေ့နေ သုံးဦးက ပြောသည်။ 

အောင်မြင်မှု မှတ်တမ်းကောင်းရှိ၍ ရှေ့နေလောကတွင် အတန်အသင့်ထင်ရှားသူ၊ အလုပ်မရှားသူ စာရင်းဝင်သည့် အသက် ၄၀ အရွယ် ဦးကိုကို*သည် ထိုသို့အဖြစ်မျိုး ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအမှုလိုက် ရှေ့နေများထဲတွင် ပါသည်။ ၎င်းမှာ တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၀ နှစ်ကျော်အတွင်း အမှုပေါင်း ၄၀၀ နီးပါးကို အကျိုးဆောင်ပေးခဲ့သူဖြစ်သည်။

လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ရှေ့နေအလုပ်ကို ရွေးချယ်ခဲ့သည့် ဦးကိုကိုနှင့် အခြားရှေ့နေနှစ်ဦးက ၎င်းတို့ ရင်ဆိုင်နေရသည့် ဒုက္ခမျိုးစုံကို ဖွင့်ပြပြောဆိုကြသော်လည်း စစ်ကောင်စီ ရန်ရှာမည်စိုး၍ ၎င်း၏ နေရပ်၊ အမည်ရင်းနှင့် အသေးစိတ်အချက်အချို့ကို ထုတ်မပြောလိုကြပေ။ အရပ်သားအစိုးကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် သူတစ်ပါးကို အခမဲ့ကူညီရင်း ကိုယ်ပါ ဒုက္ခကြုံတွေ့ရသူများထဲတွင် နိုင်ငံရေး အမှုလိုက်သည့် ရှေ့နေများ ထိပ်ဆုံးမှ ပါနေသည်။ အကြောင်းမျိုးစုံ ရမယ်ရှာ၍ ဖမ်းဆီးနေသည့် စစ်ကောင်စီခေတ်တွင် သူတစ်ပါးကို အမှုလိုက်ပေးရင်း အခန့်မသင့်လျှင် ကိုယ်ပါ အချုပ်သား၊ အကျဉ်းသား ဖြစ်သွားရမည့်ကိန်းဆိုက်နေကြသည်။

နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများကို ရှေ့နေလိုက်ပေးရင်း ဖမ်းဆီးခံလိုက်ရသည့် နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နာမည်ကျော် ရှေ့နေ ဒေါ်ရွက်နုအောင်၏ ဖြစ်စဉ်မှာ အထင်အရှားရှိသည်။

ထိုအခြေအနေတွင် ဦးကိုကိုကဲ့သို့ နိုင်ငံရေးအမှုလိုက် ရှေ့နေများမှာ စစ်ကောင်စီ၏ ရန်ရှာမှုမှ လွတ်မြောက်နေသော်လည်း စစ်ကောင်စီ မကြည်ဖြူမည်စိုး၍ အမှုသည်များက အလုပ်မအပ်ဘဲ နေကြရာ ဘဝရပ်တည်ရေးအတွက် မကြုံစဖူးလောက်အောင် ဒုက္ခများနေသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ တရစပ်လုပ်နေချိန်၊ ကလေးများ၏ အသက်ပင် မြေဇာပင်ဖြစ်ရချိန်၊ စစ်ကောင်စီက ၎င်းတို့ အလိုနှင့် ဆန့်ကျင်လျှင် မည်သူ့ကိုမဆို ရန်ရှာရန် ဝန်မလေးချိန်တွင် နိုင်ငံရေးအမှုလိုက်ရှေ့နေများ၏ လက်သို့ သူတို့၏ ကံကြမ္မာကို ဝကွက်မအပ်ရဲသည့် အမှုသည်များအပေါ် ဦးကိုကိုက အပြစ်မမြင်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံရေးအမှုများကိုသာ ဇောက်ချ အကျိုးဆောင်ပေးနေစဉ် ကာလတစ်လျှောက်လုံး ကျောင်းနေအရွယ် ကလေးများအပါအဝင် စုစုပေါင်း မိသားစုဝင်ငါးဦးရှိသည့် မိသားစုစားဝတ်နေရေးကို သူ၏ ဇနီးနှင့် ဇနီးဘက်က ဆွေမျိုးများ၏ ထောက်ပံ့ကူညီမှုများကိုသာ အားပြု၍ ဦးကိုကို ရပ်တည်ခဲ့သည်။

“အဲဒီနှစ်နှစ်အတွင်းမှာလည်း အရင်ရှာထားတဲ့ ဝင်ငွေ၊ မိန်းမဝင်ငွေနဲ့ ရပ်တည်ခဲ့ရတာပဲ”။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ရှေ့နေများကို၂၀၂၁ ဖေဖော်ဝါရီတွင် ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

ဝင်ငွေအတွက် အခြားအမှုများ လိုက်ပါ အကျိုးဆောင်တော့မည်ဟု ဆုံးဖြတ်လိုက်သည့် ယခုအချိန်တွင်လည်း အမှုသည်များက ၎င်း၏ နိုင်ငံရေးအမှုလိုက်မှတ်တမ်းကြောင့် အလုပ်မအပ်၊ ရှောင်ဖယ်ကြသည်ဖြစ်ရာ မိသားစုရပ်တည်ရေးအတွက် ဦးကိုကို၏ ဇနီးဖြစ်သူကသာ ဆက်၍ ထောက်ကန်ပေးနေရသည်။

“မိန်းမကတော့ အကောင်းဆုံးပါရမီဖြည့်ဖက်ပါပဲ။ သူလက်မခံဘဲ ကျွတ်တော်ယုံကြည်ရာကို ဘယ်လုပ်လို့ရမလဲ။ (အာဏာသိမ်းစမှာ) နိုင်ငံရေးအမှုတွေ စလိုက်မယ်ဆုံးဖြတ်ခဲ့တုန်းကလည်း အချိန်မရွေး အဖမ်းခံရနိုင်တယ်။ မိန်းမလက်ခံလား တိုင်ပင်ပြီး လုပ်ခဲ့ရတာပဲ”။

နိုင်ငံရေးအမှုများစွာကို လိုက်ပါဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို မပြောပြဘဲ ထိမ်ချန် လုပ်ကိုင်လျှင် သာမန်အမှုများ လက်ခံဆောင်ရွက်၍ ရနိုင်သော်လည်း တရားမျှတမှုအတွက် ကိုယ်ရွေးချယ်လုပ်ဆောင်ခဲ့သည့် ကိစ္စများအပေါ် မည်သည့်အခါမျှ နောင်တမရ၊ ဖုံးကွယ်ထားရန်မရှိဟု ဦးကိုကိုက ပြောသည်။

“စာအုပ်ကြီးအတိုင်းလုပ်တော့ အမှုမရဘူးပေါ့ဗျ”။

နိုင်ငံရေးအမှုလိုက် အခမဲ့ရှေ့နေဆိုသော သူ၏ ဂုဏ်သိက္ခာကို သိရှိသူ မိတ်ဆွေအချို့က ငွေအားဖြင့် ထောက်ပံ့ကူညီရန် ကမ်းလှမ်းမှုများရှိသော်လည်း လိပ်ပြာလုံချင်၍ လက်ခံခြင်းမပြုခဲ့ကြောင်း ဦးကိုကိုက ဆိုသည်။ လက်ရှိအခြေအနေတွင် ဦးကိုကို၏ မိသားစုအတွက် အကြီးဆုံးအခက်အခဲမှာ ကလေးများ၏ ပညာရေးပင်။ စစ်ကောင်စီက ထိန်းချုပ်ထားသည့် အစိုးရကျောင်းများတွင်လည်း သူ၏ သားသမီး များကို အပ်နှံရန် ဦးကိုကို ဆန္ဒမရှိ။ ဇနီးဖြစ်သူ၏ အမ၊ သူ၏ မရီးက ဖြည့်ဆည်းပေးထား၍သာ တော်တော့သည်။

“အာဏာသိမ်းပြီး အစိုးရကျောင်းမှာလည်း မထားချင်တော့ ကလေးတွေက နှစ်နှစ် ကျောင်းနား ပြီးတဲ့နောက်မှာ မိန်းမအစ်မက ကျောင်းထားပေးလို့ အပြင်ကျောင်းမှာ ထားနိုင်တာ”။

နိုင်ငံရေးအမှုလိုက်ရှေ့နေတို့၏ လတ်တလော အခက်အခဲမှာ အထက်ပါကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းသာမက လူနေမှုဘဝနှင့် စီးပွားရေးဆိုင်ရာ အခြားသက်ရောက်မှုများ ရှိနေသေးသည်။ စားဝတ်နေရေးအတွက် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြေကွက်ကို ထုတ်ရောင်းရန် ကြိုးပမ်းသည့် ရှေ့နေ ဦးနောင်နောင်* ၏ အဖြစ်မှာ ကြားရ နားဝပင် မချမ်းသာ။

အရောင်းအဝယ် အားလုံးပြီးမြောက်ခါနီး၊ စာချုပ်ချုပ်ခါနီးမှ ပိုင်ဆိုင်သူမှာ နိုင်ငံရေးအမှုလိုက်ရှေ့နေ ဦးနောင်နောင်မှန်းသိသွား၍ လက်လွှဲဝယ်ယူမည့် သူက စိတ်ပြောင်းသွားခြင်းဖြစ်သည်။

“ဝယ်မဲ့သူက နောက်နေ့ကတော့ မဝယ်တော့ဘူး ဖုန်းဆက်တာပဲ၊ ပွဲစားမေးကြည့်တော့ နောက်တစ်ချိန် နိုင်ငံရေးကိစ္စတွေနဲ့ ရှုပ်လာမှာဆိုပြီး မဝယ်တော့တာတဲ့။ (လူလူချင်း) သတ်မှတ်တဲ့ တန်ဖိုးတွေ စံနှုန်းတွေ မတူတာပေါ့” ဟု အသက် ၃၀ အရွယ် ဦးနောင်နောင်က ပြောသည်။

အမတ်များ တည်းခိုနေသည့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းကို ပိတ်ဆို့ထားသည့် စစ်သားများကို အာဏာသိမ်းပြီး နောက်တစ်ရက် ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ− EPA

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းကြောင်း ကြေညာချိန်ကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အာဏာသုံးရပ်စလုံးကို ထိန်းချုပ်လိုက်ပြီဟု ကြေညာထားသည့် စစ်ကောင်စီလက်ထဲတွင် လူ့အသက်ပင် အချိန်မရွေး ကြက်ပျောက်ငှက်ပျောက်ဖြစ်နေသဖြင့် ၎င်းကဲ့သို့ နိုင်ငံရေးအမှုလိုက်ရှေ့နေထံမှ မြေဝယ်မိလျှင် မတော် ဒုက္ခတွေ့နိုင်သည်ကို လက်လွှဲဝယ်မည့်သူက စိုးရိမ်ခြင်းဖြစ်နိုင်သည်ဟုသာ ဦးနောင်နောင် ဖြေတွေးနေရသည်။

စစ်ကောင်စီက လီဆယ်သည့် ပုဒ်မမျိုးစုံဖြင့် ထောင် ၃၃ နှစ် ချထားသည့် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေများကိုဆိုလျှင် အာဏာသိမ်းစ ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက အမှုအကြောင်း ပြောရေးဆိုခွင့် ပိတ်ပင်ခံထားရသည့် အခြေအနေ၊ ဖမ်းဆီးမည်ဟု မကြာခဏ ခြိမ်းခြောက်ခံရလေ့ရှိသည့် အခြေအနေကလည်း ရှိနေသည်။

ထိုအခြေအနေများအတွင်း လတ်တလောတွင် ဝင်ငွေမရသော်လည်း အသက်နဲ့ကိုယ် အိုးစားမကွဲသေးဘဲ၊ ထောင်တန်းမကျသေးဘဲ နိုင်ငံရေးအမှုများ လိုက်ပါဆောင်ရွက်ခွင့်ရှိနေသေးသည်ကိုပင် ဦးကိုကိုတို့ကဲ့သို့ နိုင်ငံရေးအမှုလိုက် အခမဲ့ရှေ့နေများက ဝမ်းသာနေရသည်။

“အမှုသည်တွေကို ဥပဒေအခွင့်အရေး၊ လူအခွင့်အရေးပေးတယ်၊ ဥပဒေအရ ပွင့်လင်းမြင်သာတယ်ဆိုတာ (စစ်ကောင်စီက) နိုင်ငံတကာကို ပြချင်လို့ ရှေ့နေလိုက်ခွင့် ပေးထားသေးတာ။ ဒီပြင်ဆို (မဟုတ်ရင်) ဒီလို (နိုင်ငံရေး)အမှုလိုက်ခွင့်တောင် ရမှာမဟုတ်ဘူး” ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးမျိုးမျိုး*က ပြောသည်။

လတ်တွေ့တွင်မူ အကျဉ်းထောင်များ၊ တရားဝင်များနှင့် ပတ်သက်၍ စစ်ကောင်စီ၏ လုပ်ဆောင်မှုများမှာ အမှောင်တိုက်ထဲတွင်သာ ရှိနေပြီး မည်သူမျှ တွေ့မြင်၊ သိရှိခွင့် မရကြ။ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်းတွင် အများပြည်သူ မပြောနှင့် စွပ်စွဲခံရသူတို့၏ မိသားစုဝင်များပင် ဝင်ရောက်နားထောင်ခွင့် မရှိသည့် စစ်ခုံရုံးများ၊ ထောင်တွင်းတရားရုံးများကိုသာ သုံး၍ နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက တိတ်တဆိတ် ထောင်ဒဏ်ချနေသည်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးနောက် ၎င်းတို့အလိုကျ တရားစီရင်မည့် အထူးတရားရုံးများ ပေါ်ထွက်လာသည်။ ထောင်တွင်းက ပရိဝုဏ်အတွင်းရှိ ဓမ္မာရုံ၊ အားကစားရုံလို အဆောက်အအုံများတွင် ဖြစ်သလို အခန်းဖွဲ့ထားသည့် တရားခွင်များဖြစ်သည်။

ဆယ်ပေပတ်လည်မျှပင် မရှိသော အခန်းငယ်ကို လိုက်ကာစဖြင့် ခြားကာ အထူးတရားရုံးအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ စားပွဲတစ်လုံးနှင့် ထိုင်ခုံသုံးလေးခုံသာ ရှိသည့် တရားခွင်ဖြစ်သည်။ အခန်းတစ်ခုလုံးတွင် အခမ်းနားဆုံး နေရာယူထားသည်မှာ နိုင်ငံတော်အမှတ်တံဆိပ်သာဖြစ်သည်။​

အခွင့်အာဏာအရမူ အပြင်လူ ဝင်ခွင့်မရှိသည့် တရားခွင်ဖြစ်သည်။ အကျဉ်းသားများကို လက်ထိတ်ခတ်၍ အချုပ်ကားဖြင့်ဖြစ်စေ၊ လမ်းလျှောက်၍ဖြစ်စေ ရဲများက ခေါ်ဆောင်လာရသည်။ အများစုမှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။ နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများ၊ တော်လှန်သူများ ဖြစ်သည်။

ရှေ့နေများရှိသော်လည်း ၎င်းတို့အမှုသည်များအတွက် ခုခံချေပခွင့် မရှိပေ။ သဘောအဖြစ်သာ ရှေ့နေဝတ်စုံဖြင့် လာရောက်ရသူများဖြစ်သည်။ စီရင်ချက်သည် စာအိတ်အတွင်းမှ လာသည်။ ထိုစာအိတ်ကိုဖွင့်ကာ ထောင်ဒဏ်မည်မျှ ချမှတ်ကြောင်း တရားသူကြီးက ဖတ်ပြသည်။ အမှုအောင်နိုင်ရေး သို့မဟုတ် လွတ်မြောက်ရေးမှာ စစ်ကောင်စီသာလျှင် ဆုံးဖြတ်ပေးနိုင်သည်။  

တရားစွဲတင်ရန် လုံလောက်သည့်အခြေအနေ မရှိပါက ကနဦးကြားနားမှု စတင်ချိန်ကတည်းက ပယ်ချကာ စွပ်စွဲခံရသူကို လွှတ်ပေးရမည်ဖြစ်သည်။ စစ်တပ်လက်အောက်တွင် ထိုသို့ မဟုတ်ပေ။ တရားသူကြီးများ ၏ စီရင်ချက်မှာ “အထက်အမိန့်အရ” သာဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရန်ကုန်မြို့အင်းစိန်ထောင်ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ထို့အတူ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံထားရသူအားလုံးကို မိသားစုနှင့် တွေ့ခွင့် (ထောင်ဝင်စာ) ပိတ်ပင်ထားဆဲဖြစ်သည်။ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီက မျိုးစုံဖိနှိပ်နေသည်၊ ရိုက်နှက်နေသည်၊ အချိန်မီဆေးကုသခွင့် မပေး၍ အသက်ဆုံးရှုံးရသူများလည်း ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတောင်ဘက်စွန်းမှ တနင်္သာရီတိုင်းအတွင်း နိုင်ကျဉ်းများဆိုလျှင် စစ်ကောင်စီ၏ ဖိအားများကြောင့် အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေပင် ရှာမရဘဲ ကိုယ်တိုင် ရင်ဆိုင်နေရသည့် အခြေအနေကို အာဏာသိမ်းစ ၂၀၂၁ နှစ်ကုန်ပိုင်းတည်းက ရင်ဆိုင်နေရသည်။ Myanmar Now ကလည်း သတင်းဖော်ပြဖူးသည်။

“တရားမျှတမှုမရှိတဲ့ ခေတ်ကြီးမှာ တရားမျှတမှုအတွက် အလုပ်နေနေတဲ့ ကျွန်တော်တို့အတွက်တော့ မလွယ်ကူဘူး” ဟု ဦးကိုကိုက ပြောသည်။

“(နိုင်ငံရေးမဟုတ်တဲ့) အမှုသည်တွေကလည်း ကျွန်တော်တို့လို တရားမျှတမှုအတွက် လုပ်နေတဲ့ ရှေ့နေတွေကို ငှားရင် တရားခွင် အနိုင်ကျင့်ရမှာတွေ၊ သူတို့အမှု ရှုံးမှာ ကြောက်တော့ မငှားရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။

(*လုံခြုံရေးအရ အမည်လွှဲထားသည်)

Show More

Related Articles

Back to top button