လူမှုနယ်ပယ်

သောက်သုံးရေ ခက်ခဲနေသော ကရင်နီ စစ်ရှောင်များ

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ “လက်ပံကုန်း” ဟု အမည်တွင်သည့် စစ်ဘေးရှောင်စခန်းတွင် ပူပြင်းသော ဧပြီလလယ် နေရောင်မကျသေးသည့် မွန်းလွဲ လေးနာရီခန့်ဖြစ်သည်။

တာလပတ်စိမ်းဖြင့် အမိုးအကာလုပ်ထားသည့် တဲစုလေးများထဲမှ စစ်ဘေးရှောင် ကလေးလူကြီးများပါမကျန် ရေပုံးအလွတ်လေးများ ကိုင်ကာ အလျှိုလျှို ထွက်လာကြသည်။

တချို့က ရေပုံးငယ်များကို လက်တွန်းလှည်းဖြင့် တွန်းလာပြီး တချို့က မိမိတို့ နိုင်သလောက် ရေပုံးအလွတ်များ သယ်လာကြသည်။

မိသားစုအတွက် တစ်နေ့တာဝေစုအဖြစ် ရရှိသည့်ရေကို ဘုံရေကန်တွင် လာရောက်သယ်ယူကြခြင်းဖြစ်သည်။ ရေကန်ဆိုသည်မှာ တာလပတ် မိုးကာစကြီးကို ဝါးခြံခတ်ထားသည့် နေရာတွင် ထားပြီး ရေသိုလှောင်ထားခြင်းဖြစ်သည်။

ကုန်ကျစရိတ်သက်သာသော၊ ရေစိမ့်ယိုထွက်ကျမှုမရှိသော ထိုရေကန်သည် မကြာခဏ တိမ်းရှောင်ထွက်ပြေးရသည့် စစ်ဘေးရှောင်များအဖို့ အသုံးတည့်သည့် ရေသိုလှောင်သည့်နေရာ ဖြစ်သည်။ အရေးပေါ် ချက်ချင်း တည်ဆောက်နိုင်ပြီး နေရာ အလွယ်တကူ ရွှေ့ပြောင်းနိုင်သည်။

အလှူရှင်များ၏ ကူညီမှုကြောင့် လက်ပံကုန်းစစ်ဘေးရှောင်စခန်းသို့ ရောက်လာသည့်ရေကို လူနှစ်ဦးလျှင် ငါးဂါလန်ဆံ့ ရေတစ်ပုံးနှုန်း နေ့စဉ် ဖြန့်ဝေပေးနေသည်။

၂၀၂၂ ဧပြီလက ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းတစ်ခုအတွင်း တာလပတ်စများဖြင့် ခြံခတ်ထားသော ကန်အတွင်း လာရောက်ရေထည့်နေစဉ်။ (ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now)

စစ်ရှောင်တစ်ဦးဖြစ်သည့် ဒေါ်မူလုံးက ၎င်းတို့ မိသားစု ၇ ယောက်အတွက် ရသည့် ရေကို ထမင်းဟင်း ချက်ရာတွင် စိစစ်ချွေတာပြီး သုံးစွဲရသည်၊ သောက်ရေအတွက်လည်း ထိုရေကို ကျိုချက်၊ အအေးခံပြီး သုံးရသည်ဟု ပြောသည်။

“ဘဝက ဒီအဆင့်တောင် ရောက်လာလားလို့၊ တော်တော်ခံစားရတယ်” ဟု တာလပတ်မိုး တာလပတ်ကာဖြင့် ယာယီဆောက်လုပ်ထားသော စစ်ရှောင်တဲလေး၏ တံခါးဝတွင် ထိုင်နေသည့် အသက် ၄၃ နှစ်အရွယ် ဒေါ်မူလုံးက ပြောသည်။

ဒေါ်မူလုံးနည်းတူ ကရင်နီဒေသရှိ သိန်းနှင့်ချီသော စစ်ဘေးရှောင်များသည် ရေရှားသည့်ဒဏ်ကို နှစ်စဉ် မိုးကုန်ပြီဆိုလျှင် ခံစားကြရသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ မတ်လကုန်အထိ မှတ်တမ်းအရ ကယားပြည်နယ်အပါအဝင် နယ်မြေဆက်စပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိကြောင်း သိရသည်။

၂၀၂၂ အတွင်း စစ်ရှောင်စခန်းရှိ ကိုယ်ထူကိုယ်ထရေကန်အနီး တွေ့ရသော ကလေးငယ်တစ်ဦး။ (ဓာတ်ပုံ -ခွန်လှဉာဏ်/ Myanmar Now)

“ရေက အဲဒီလောက် တန်ဖိုးကြီးသလား”

တောင်ပေါ်ဒေသဖြစ်သည့်အတွက် ရေရှားသောကြောင့် ဒေသခံများက မိုးရာသီတွင် ရေလှောင်ကန်ကြီးများဖြင့် သိုလှောင်ထားပြီး နွေရာသီတွင် သုံးကြသည်။

သို့သော် ပြည်နယ်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် စစ်ဘေးရှောင်နေရသည့် အခြေအနေတွင် ဒီးမော့ဆိုမြို့နယ်ရှိ နည်းပါးသည့် ရေအရင်းအမြစ်ကို ထောင်နှင့်ချီသော စစ်ဘေးရှောင်များ မျှဝေသုံးစွဲရသည်။

၎င်းတို့ ခိုလှုံရာနေရာတွင် အဝီစိတွင်း တူး၍မရချေ။ ရေအရင်းအမြစ်များမှာ ချောင်းများနှင့် ရေငုတ်များသာဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်မှ ပြောင်းရွှေ့လာသော ဒေါ်မူလုံးတို့ မိသားစုမှာ မေလ ၂၀ ရက်နေ့တွင် စစ်ဘေးရှောင်သက်တမ်း ၂ နှစ် ပြည့်တော့မည်ဖြစ်သည်။ ဒေါငံခါးရပ်ကွက်သည် ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်ကို ပထမဆုံး ခုခံတော်လှန်ခဲ့သည့် နေရာလည်းဖြစ်သည်။

လက်ရှိ နေထိုင်သည့် စစ်ဘေးရှောင်စခန်းသည် ဒေါ်မူလုံးတို့ မိသားစုအတွက် သုံးခုမြောက် စခန်းဖြစ်သည်။ ပထမစခန်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးသဖြင့် ပြောင်းရွှေ့ရပြီး ဒုတိယစခန်းမှာ ရေအလွန်ရှားသဖြင့် ပြောင်းရွှေ့ရခြင်းဖြစ်သည်။ 

“ရေက အဲဒီလောက် တန်ဖိုးကြီးသလား” ဟု ဒေါ်မူလုံးက မေးခွန်းထုတ်သည်။

ရွာတွင် နေစဉ်က အဝီစိတွင်းရေကို ဗုံးပေါလအော သုံးခဲ့ကြောင်း၊ စစ်ရှောင်ဘဝရောက်မှသာ ရေတန်ဖိုးကြီးသည်ကို နားလည်လာကြောင်း ဝမ်းနည်းဟန်ဖြင့် ပြောသည်။

“ကိုယ် ရွာမှာ နေတဲ့အချိန် ရေတန်ဖိုးမရှိဘူး ပြောရမှာပေါ့။ မော်တာစက်နဲ့ သုံးတာဆိုတော့ ကြိုက်သလောက် သုံးလို့ရတယ်။ ရေတစ်ကန် တစ်ယောက်သုံးလည်း ရတယ်”

ယခုမူ ရေအလှူရှင် မရှိပါက ဆိုင်ကယ်ဖြင့် သွားလျှင် ငါးမိနစ်ခန့်သာ ကြာသည့် ရေငုတ်တွင် ရေသွားသယ်ရသည်။ အလုပ်အကိုင်နှင့် ဝင်ငွေမဲ့သည့် စစ်ဘေးရှောင်ဘဝတွင် ဆိုင်ကယ်ဆီဖိုး မရှိသဖြင့် ဒေါ်မူလုံးတို့က ထိုခရီးကို လမ်းလျှောက်ကြရသည်။

“သားတို့ သမီးတို့ ထမင်းသွားချက်လိုက်၊ အမေ ရေသွားခပ်မယ်။ အကြီးဆုံးတစ်ယောက်လည်း ခေါ်သွားတယ်။ သုံးယောက်တူတူသွား၊ သုံးဘူးရတာပေါ့” ဟု ဒေါ်မူလုံးက ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ၎င်းနှင့် အမျိုးသားဖြစ်သူအပြင် အသက် ၂၀ ခန့်အရွယ် အကြီးဆုံးသမီးကိုပါ ခေါ်၍ ငါးဂါလန်ရေပုံးများဖြင့် နံနက်စောစော ရေသွားခပ်ကြပုံကို ပြောပြသည်။

ရွာခံများနှင့် မျှဝေသုံးစွဲရသဖြင့် တစ်ဦးလျှင် ရေနှစ်ပုံးအထိသာ ခွင့်ပြုထားပြီး ရေတစ်ပုံးအတွက် စက်တင်ခ ဆီဖိုး ကျပ် ၁၅၀ ပေးရသည်။

တစ်ဦးလျှင် ငါးဂါလန် ရေပုံးနှစ်ပုံးသာ သယ်ယူခွင့် ပြုထားသည်။ (ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now)

ရွာတွင် နေစဉ်က ၁၅၀ ကျပ်မှာ ကလေးမုန့်ဖိုးပင် မရှိသော်လည်း ဝင်ငွေမရှိတော့မှ ငွေ ကျပ် ၁၅၀ ၏ တန်ဖိုးကို နားလည်လာကြောင်း ဒေါ်မူလုံးက ကယန်းသံ ခပ်ဝဲဝဲဖြင့် ပြောသည်။

ကလေးများကို ဦးစားပေးရသဖြင့် ဒေါ်မူလုံးမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ရေချိုးရသည်။ အဝတ်မှာ သုံးလေးရက်ကြာ ဝတ်ပြီးမှ ရေအလွန်ချွေတာကာ လျှော်ရသဖြင့် ဒေါ်မူလုံးအပါအဝင် စစ်ဘေးရှောင်များ၏ အဝတ်အစားများမှာ ညစ်ညစ်ထည်းထည်းရှိလှသည်။

“အခုဆို ဖုန်ထတယ်ရော။ အကြာကြီးဝတ်လို့ အဆင်မပြေဘူး။ ရေတစ်ဘူး (ငါးဂါလန်) ဆို အဝတ် ၁၀ ထည်လောက် လျှော်ရတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လျှော်လျှော်ပြီးမှ ရေဖြူအောင် မသုံးရဘူး။ ရေညှစ်တဲ့အချိန်ဆို ရေနီနီကြီးနဲ့ ဒီတိုင်းပဲ လှမ်းကြတာ။ ကျွန်မတို့ အဝတ်လည်း အရောင်မတောက်နိုင်တော့ဘူး” ဟု ဒေါ်မူလုံးက ဆိုသည်။

ရေရရှိရေး ကိုယ်ထူကိုယ်ထ စီမံခန့်ခွဲကြ

လက်ပံကုန်းစစ်ဘေးရှောင်စခန်းအပြင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပျိုးခင်းသစ်နှင့် ငြိမ်းတောင်စစ်ဘေးရှောင်စခန်းများသို့ Myanmar Now က သွားရောက်ခဲ့ပြီး ၎င်းတို့သည်လည်း ရေရှားသည့်ဒဏ်ကို ရင်ဆိုင်ကြရသည်ကို တွေ့ရှိခဲ့ရသည်။

ပျိုးခင်းသစ်စခန်းမှာ စစ်ဘေးရှောင်သက်တမ်း တစ်နှစ်နှင့် ငြိမ်းတောင်စခန်းမှာ စစ်ဘေးရှောင်သက်တမ်း တစ်နှစ် လေးလခန့် ရှိပြီဖြစ်သည်။

“ရေဖိုးက မလောက်နိုင်ဘူးလေ။ ဒီမှာ အလှူရှင်က အဲဒီလောက် မရှိဘူး” ဟု ပျိုးခင်းသစ်စစ်ဘေးရှောင်စခန်း တွဲဖက်တာဝန်ခံ ဒေါ်ဒဲမြာက ဆိုသည်။

စစ်ရှောင်စခန်းတိုင်းက ကော်မတီများဖွဲ့၍ ရေအတွက် ကိုယ်ထူကိုယ်ထ စီမံခန့်ခွဲကြသည်ကို တွေ့ရသည်။

စစ်ဘေးရှောင်စခန်းထဲရှိ စာသင်ကျောင်းအတွက်မူ ပြည်ပအလှူရှင်အချို့ လှူဒါန်းသည်ဟု ဒေါ်ဒဲမြာက ပြောသည်။

ရေဖိုးအတွက် တစ်အိမ်လျှင် တစ်ထောင်ကျပ်နှုန်း ငွေကောက်ခံကြောင်း၊ CDM Fire Department အဖွဲ့က ရေလာထည့်ပေးပြီး တစ်ခေါက်လျှင် ဆီဖိုး ၂၅၀၀၀ ပေးရသည်ဟု ဆိုသည်။ ကယားပြည်နယ်မှ မီးသတ်တပ်ဖွဲ့ဝင် ၆၀ ရာခိုင်နှုန်းမှာ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားပြီး ထိုအထဲမှ မီးသတ်သမားတချို့က ထိုအဖွဲ့ကို ဖွဲ့ထားခြင်း ဖြစ်သည်။

ရပ်ကွက် ၂ ခု ခွဲထားသည့် ငြိမ်းတောင်စစ်ရှောင်စခန်းတွင်မူ ရပ်ကွက် (၁) တွင် ထိုအဖွဲ့က လာဖြည့်ပေးသည့် ရေကို အချိုးကျ ခွဲဝေကြရသည်၊ ရပ်ကွက် (၂) တွင် ရေသယ်ရန် ဆီဖိုးအဖြစ် တစ်လ ၂၀၀၀ နှုန်း ကောက်ခံကြောင်း ထိုစခန်းတွင် စာသင်နေသည့် CDM ဆရာမတစ်ဦးက ရှင်းပြသည်။

CDM မီးသတ်တပ်ဖွဲ့ဝင်များ ရေကုသိုလ်အဖြစ် ဒီးမော့ဆိုစစ်ရှောင်စခန်းတစ်ခုသို့ လာရောက်ပို့ပေးနေစဉ်။ (ဓာတ်ပုံ-ခွန်လှဉာဏ်/ Myanmar Now)

စာသင်ခန်းထဲက ထွက်လာသည့် ဆရာမ၏ မျက်နှာတွင် ချွေးအနည်းငယ်စို့နေသည်။ အသက် ၅၀ ကျော်အရွယ်ဖြစ်သော်လည်း နှာတံပေါ်ပေါ်ဖြင့် ဆံထုံးကို သေသေသပ်သပ်ထုံးထားသည့် ဆရာမမှာ အသက်နှင့် မလိုက်အောင် သွက်သွက်လက်လက် ရှိလှသည်။

စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းလှသည့်အပြင် ရေရှားသည့်ဒဏ်ကြောင့် နေ့စဉ် စိတ်ဖိစီးမှုများ ရှိနေသည်။

“လူတိုင်း စိုးရိမ်စိတ်ရှိတယ်။ ဒါပေမဲ့ ကိုယ်က တောင့်ခံရမှာပဲလေ၊ ဒီလိုဖြစ်သွားပြီဆိုတော့။ ကိုယ်လုပ်စရာရှိ လုပ်သွားတယ်။ ကျွန်မတို့ ကျောင်းဆရာမဆိုတော့ ကလေးကို တတ်သလောက် သင်ပေးလိုက်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ CDM ဆရာမက ပြောသည်။

စစ်ဘေးရှောင်များကိုယ်တိုင်သာမက ရေရရှိရေးအတွက် ကူညီရုန်းကန်ပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်း ရှိသည်။

၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းထားသည့် CDM Fire Department သည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၅၃ ခုကို အခမဲ့ ရေဖြန့်ဝေပေးနေသည်။

ထိုအဖွဲ့၏ အဓိကလုပ်ငန်းစဉ်မှာ စစ်ဘေးရှောင်များအတွက် သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်း ဖြစ်သည်။

“ကျွန်တော်တို့ စစ်ဘေးရှောင်ဆို လုံးလုံးမယူဘူး အခမဲ့ကူညီတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူဆိုရင်တော့ ဆီဖိုး ပြန်ကောက်တယ်” ဟု ထိုအဖွဲ့၏ တာဝန်ခံဖြစ်သူ မောင်သာချိုက ပြောသည်။

နိုဝင်ဘာလမှစ၍ တစ်နေ့လျှင် ကားတစ်စီးကို ၆ ခေါက်အထိ ရေသယ်ပေးရကြောင်း၊ လက်ရှိတွင် ကားနှစ်စီးဖြင့် လည်ပတ်နေကြောင်း ၎င်းက ပြောသည်။

ဆီဖိုးအတွက် ဒေသအသီးသီးမှ အလှူရှင်များကို အားကိုးနေရပြီး လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်၊ အဖွဲ့ဝင်များ စားရေးသောက်ရေးအတွက်မူ စစ်ဘေးရှောင်များက ဆန်နှင့် ထင်းများ ပြန်လည်ထောက်ပံ့ပေးသည်ဟု ဆိုသည်။

တာလပတ်စရေကန် ပြင်ဆင်နေစဉ်နှင့် ထိုရေကန်အတွင်း ရေထည့်နေသည့် နေရာအနီးရှိ စစ်ရှောင်ကလေးငယ်တချို့။ (ဓာတ်ပုံ-ခွန်လှဉာဏ်/Myanmar Now)

CDM Fire Department အဖွဲ့ဝင်များမှာ မိုးတွင်းတွင်လည်း မနားရပေ။ ရေလိုအပ်ချက်က နွေကာလလောက် မများသော်လည်း ကြီးမားနေဆဲဖြစ်သည်။

“မိုးတွင်းလည်း လုံးလုံးမနားရဘူး။ သွားရသေးတယ်။ အလှူရှင်မလာတော့ ပိုပြီးခက်ခဲတယ်။ (စစ်ရှောင်) တဲက မိုးကာနဲ့ နေရတော့ ရေစုလို့ မလွယ်ဘူး။ မိုးရွာသလောက်လည်း မရဘူး။ သွပ်နဲ့ မတူဘူး” ဟု မောင်သာချိုက ရှင်းပြသည်။

ရေရှားသည့် အကျိုးဆက်အနေဖြင့် စစ်ဘေးရှောင်များမှာ တစ်ကိုယ်ရေသန့်ရှင်းမှု ချို့တဲ့ကြပြီး နောက်ဆက်တွဲအနေဖြင့် ယားနာနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလေ့ရှိသည်။

ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Golden Future ဆေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ CDM သူနာပြုတစ်ဦး၏ ပြောပြချက်အရ ၎င်းတို့ ကုသပေးသည့် လူနာ ၅၀ ရာခိုင်နှုန်းအထိ ယားနာဖြစ်ပွားနေကြောင်း သိရသည်။

“အရေပြားကူးစက်ရောဂါတွေ အဖြစ်များတဲ့အပြင် ကုသဖို့လည်း ခက်တယ်။ ဘာလို့ဆိုတော့ ဆက်ပြီး မကူးစက်ဖို့ သန့်သန့်ရှင်းရှင်းနေထိုင်မှ ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်။ ဝမ်းပျက်ဝမ်းလျှောလည်း တူတူပဲ၊ လက်သန့်ရှင်းဖို့ ရေသုံးပေးရမယ်။ အိမ်သာမှာ ရေသုံးပေးနိုင်ရမယ်။ ဒါတွေ မသုံးနိုင်တဲ့အတွက်ကြောင့် ကူးစက်များတယ်” ဟု ၎င်းက ဆိုသည်။

တစ်မိသားစုလုံး ယားနာကူးစက်သည့် စစ်ဘေးရှောင်များကိုလည်း တွေ့ရပြီး ရှက်ကြောက်စိတ်ကြောင့် ယားနာ ပြသရန် တွန့်ဆုတ်ကြကြောင်း အထက်ပါသူနာပြုက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက စစ်ရှောင်စခန်းများအတွက် ရေနှင့် သန့်ရှင်းရေး အသိပညာပေးဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး ရေသန့်ရှင်းမှု မရှိပါက ဝမ်းပျက်ဝမ်းလျှောနှင့် ဝမ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား၊ ပိုလီယို၊ အရေပြားရောဂါများ၊ အာဟာရချို့တဲ့မှုပြဿနာများ ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

ကျန်းမာရေးပြဿနာအပြင် လုံခြုံရေးနှင့် အခြားပြဿနာများလည်း ကြုံတွေ့နိုင်ကြောင်း ဖော်ပြထားသည်။ 

ဒီးမော့ဆိုရှိ အရေပြားရောဂါဝေဒနာရှင် ကရင်နီစစ်ရှောင်တချို့ကို ၂၀၂၂ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Golden Future ဆေးအဖွဲ့)  

ကရင်နီဒေသတွင် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး အလုပ်လက်မဲ့ဖြစ်သွားသည့် စစ်ဘေးရှောင် ပြည်သူလူထုသည် လူမှုစီးပွားဒုက္ခများကို ရင်ဆိုင်နေရသည်မှာ အချိန် နှစ်နှစ်ခန့် ကြာပြီဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုများကို အသက် ဖက်နှင့် ထုပ်လျက် နေ့စဉ်နှင့်အမျှ အန်တုနေထိုင်ကြရသည်။

ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး အချက်အလက်များကို ထုတ်ပြန်နေသည့် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းတပ်က သတ်ဖြတ်လိုက်သည့် အရပ်သား ၃၁၃ ဦးရှိကြောင်း၊ စစ်ဘေးရှောင်နေစဉ် သေဆုံးသူ ၁၃၄ ဦးရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်သည် ကရင်နီတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၁၀ ပြုလုပ်ခဲ့ကြောင်း PKPF က ဆိုသည်။

ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီကို တော်လှန်နေသည့် တိုက်ပွဲတွင် စစ်ဘေးရှောင်လူထု၏ အခက်အခဲများကို အားလုံးက ဝိုင်းဝန်းဖြေရှင်းပေးကြရန် CDM Fire Department တာဝန်ခံ မောင်သာချိုက တောင်းဆိုလိုက်သည်။

“ပြည်သူတွေ တောင့်ခံနိုင်မှပဲ ကျွန်တော်တို့တော်လှန်ရေး ရှေ့ဆက်လို့ရမယ်” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button