နေပြည်တော်သည် အာဏာသိမ်းထားသူများ၏ ဌာနချုပ် ဖြစ်သောကြောင့် လုံခြုံမှုအရှိဆုံးမြို့ဖြစ်သည်ဟု ယူဆရသည်။
သို့သော်လည်း ၁၀၂၇ စစ်ဆင်ရေး လျှပ်တစ်ပြက်ထိုးစစ်ကြောင့် စစ်ကောင်စီတပ် တစ်မြို့ပြီးတစ်မြို့ ဆုတ်ခွာလာရခြင်း၊ ထိုဖြစ်ရပ်မတိုင်မီ တော်လှန်ရေးအင်အားစုက “လမ်းများအားလုံး နေပြည်တော်သို့” ဟု ကြွေးကြော်လာခြင်းတို့ကြောင့် ဌာနဆိုင်ရာဝန်ထမ်းတို့ အခြေစိုက်ရာ မြို့တော်ကြီးသည်လည်း နောက်ကျောမလုံသည့်အခြေအနေ ဖြစ်လာသည်။
ဇန်နဝါရီ ၂၄ နှင့် ၂၅ ရက်တွင် နေပြည်တော်ကို တော်လှန်ရေးအဖွဲ့များ ဝင်တိုက်မည်ဟူသော ကောလာဟလကြောင့် ကလေးကို ကျောင်းမပို့သည့် မိဘများ၊ အလုပ်ဆင်းရန် ပျက်ကွက်သူများပင် ရှိခဲ့ကြသည်။
အာဏာသိမ်းပြီး သုံးနှစ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်သည် ဒေသအများအပြားမှ စစ်တပ်မိသားစုဝင်များ၊ စစ်ဘေးရှောင်များ ခိုလှုံသည့် မြို့ ဖြစ်လာခဲ့သည်။
လူဦးရေထူထပ်လာချိန်တွင် သိန်း ဆယ်ဂဏန်းသာ တန်ဖိုးရှိသည့် ဗုဗ္ဗသီရိမြို့နယ်ရှိ မြေဈေးများမှာလည်း ရာဂဏန်း၊ ထောင်ဂဏန်းအထိ မြင့်တက်ခဲ့သည်။
ပြောင်းရွှေ့လာသူများထဲတွင် လွန်ခဲ့သည့် ၂ နှစ်ကျော်က ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်မှလာသည့် ဒေါ်ငယ်ငယ်တို့ မိသားစုလည်း ပါဝင်သည်။
အာဏာသိမ်းပြီးနောက်တွင် ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုများကြောင့် နေရထိုင်ရ မသက်မသာဖြစ်လာရာ အငြိမ်းစားဒုအရာခံဗိုလ်ခင်ပွန်းနှင့် ဒေါ်ငယ်ငယ်က ဌာနဆိုင်ရာဝန်ထမ်းဖြစ်နေသော သားသမီးများ ရှိရာသို့ ရောက်လာခြင်း ဖြစ်သည်။
“ရန်ကုန်က အိမ်နားမှာ ဗုံးပေါက်တော့ သားသမီးတွေက နေပြည်တော်ကို လာခဲ့၊ ဒီမှာက ပိုလုံခြုံတယ်ဆိုလို့ ပြောင်းလာကြတာ” ဟု အသက် ၆၅နှစ်အရွယ် ဒေါ်ငယ်ငယ်က ပြောသည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်သည် တိုက်ပွဲမရှိသည့်အပြင်၊ လူအများအပြား ပုံမှန်လှုပ်ရှားနေမှု၊ မကြာခဏ တွေ့ရသည့် ပွဲလမ်းသဘင်များကြောင့် နေချင်စဖွယ်မြို့ဟု ထင်မြင်ခဲ့သော်လည်း နီးကပ်လာသော တိုက်ပွဲများကြောင့် တော်လှန်ရေးအင်အားစု၏ အဓိကပစ်မှတ်မှာ နေပြည်တော်ဖြစ်ကြောင်း သတိပြုမိလာပြီး စိတ်မသက်မသာဖြစ်ရကြောင်း ဒေါ်ငယ်ငယ်က ဖွင့်ဟသည်။
“နေပြည်တော်သိမ်းခံရမယ် သတင်းတွေကြားပြီဆိုရင် အခြားမြို့က အသိတွေနဲ့ အမျိုးတွေက ရှောင်ဖို့၊ သူတို့ဆီ ပြန်လာနေဖို့ ခေါ်ရင်လေ၊ နေပြည်တော်ထက် အခြားနေရာတွေက ပိုလုံခြုံပါ့မလားလို့ တွေးမိတယ်” ဟု ဒေါ်ငယ်ငယ်က ဆိုသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်မှ လွဲ၍ ကျန်သည့် တိုင်းနှင့်ပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကရင်နီနှင့် ပဲခူးတိုင်းတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
လည်ပတ်နေသည့် ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားနေသည့် နေပြည်တော်တွင် တိုက်ပွဲသံ၊ ဗုံးသံ မရှိသော်လည်း နေပျော်သည့်အခြေအနေ မရှိသေးဟု သူက ဆိုသည်။
ပြောင်းရွှေ့ရန် အစီအစဉ်မရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများထံမှ စစ်ပွဲအတွေ့ကြုံများကို မေးမြန်းပြီး ကြိုတင်လေ့လာနေသည်ဟု ဆိုသည်။
ခင်ပွန်းသည်၏ပင်စင်လစာဖြင့် ထိုင်စားနေရသည့် ဒေါ်ငယ်ငယ်က အာဏာသိမ်းဗိုလ်ချုပ်ကြီးများ၏ စီမံခန့်ခွဲနိုင်စွမ်းကိုလည်း သံသယဖြစ်မိသေးသည်။
“အခြေအနေမကောင်းလို့ ပင်စင်မပေးတော့ရင် ဘာနဲ့စားရမှာလဲ” ဟု ဒေါ်ငယ်ငယ်က ပြောသည်။
နေပြည်တော်သို့ တိုက်ပွဲများ အချိန်မရွေးရောက်လာနိုင်သည်ကို မျှော်လင့်ထားပြီး နိုင်ငံအနှံ့အပြားတွင်လည်း တိုက်ပွဲများ ဖြစ်နေ၍ ကြုံတွေ့လာသမျှကို ရင်ဆိုင်ရန်သာ ဆုံးဖြတ်ထားကြောင်း ဒေါ်ငယ်ငယ်က ဆိုသည်။
စစ်တပ်ထဲတွင် နေထိုင်စဉ်က တက်ရောက်ခဲ့ရသည့် စစ်သင်တန်းတွင် လက်နက်ငယ် ဖြုတ်ခြင်း၊ တပ်ခြင်း၊ လက်ဖြောင့်သေနတ်ပစ် ကျွမ်းကျင်ခြင်းအတွက် ပထမဆုရခဲ့သည့် ဒေါ်ငယ်ငယ်သည် လိုအပ်နေသည့် တပ်မတော်အင်အားအတွက် အလုပ်လုပ်ပေးရန် ဆန္ဒမှာ လယ်မယားနှစ်ယောက်လုံးတွင် မရှိတော့ပေ။
လူအင်အား လိုသည့် စစ်တပ်က စစ်မှုထမ်းဟောင်းများကို လစာရမည်ဟု မက်လုံးပေး ခေါ်ယူနေသော်လည်း နှစ်ပေါင်း ၄၀ ကျော် တပ်မတော်တွင် နေထိုင်ခဲ့သည့် ဖိအားဒဏ်နှင့် မွန်းကျပ်မှုများကြောင့် တပ်ထဲသို့ ပြန်မသွားလိုတော့ကြောင်း ဒေါ်ငယ်ငယ်က ပြောသည်။
အရာရှိကတော်များထံတွင် အိမ်အကူပမာ အောက်ခြေသိမ်း အလုပ်လုပ်ပေးရသည်မှာ ရံဖန်ရံခါ ညသန်းခေါင်မှ အိမ်ပြန်ရသည်၊ ထိုသို့သော အနိုင်ကျင့်ခံရမှုများကြောင့် ကာလရှည်နေထိုင်ခဲ့ဖူးသော တပ်စခန်းထဲသို့ပင် အလည်မသွားသည်မှာ ၅ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း ဆိုသည်။
ပြည်ပသို့ သွားရောက်နေထိုင်ရန် အခြေအနေမပေးသလို ပြည်တွင်းတွင်လည်း ပြေးစရာနေရာ နည်းပါးလာနေချိန်တွင် နေပြည်တော်၌သာ အကြောက်တရားနှင့် နေထိုင်သွားတော့မည်ဖြစ်ကြောင်း ဒေါ်ငယ်ငယ်က ဖွင့်ဟသည်။
“တပ်ရဲ့နောက်ဆုံးခံတပ်က နေပြည်တော်၊ တော်လှန်ရေးအဖွဲ့တွေရဲ့ နောက်ဆုံးပစ်မှတ်က နေပြည်တော်ဆိုတော့ မကြာခင် စစ်ပွဲတွေရောက်လာတော့မှာ၊ ဒီကနေလည်း ပြေးစရာလည်း မရှိတော့လို့ ဒီမှာပဲ ဆက်နေတော့မယ်ပဲ ဆုံးဖြတ်ထားတယ်” ဟု ဒေါ်ငယ်ငယ်က ပြောသည်။
လုယူခိုးယူမှု
နေပြည်တော်တွင် တိုက်ပွဲ၊ သေနတ်သံ မရှိသော်လည်း တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေကို ခိုးဆိုးလုယက်မှု ဖြစ်ရပ်များက ပြသနေသည်။
ဇန်နဝါရီလဆန်းပိုင်းက ပျဉ်းမနားမြို့နယ်တွင် အမျိုးသမီး သုံးဦးသာရှိသည့်အိမ် ဖောက်ထွင်းခံရသည်။
သူခိုးဝင်ရောက်သည်ကို သိရှိသော်လည်း အန္တရာယ်ပြုခံရမည်ကို စိုးသဖြင့် အိမ်နီးချင်းများကို အကူအညီမတောင်းခဲ့ကြောင်း၊ ငွေသားနှင့် အိမ်တွင်းပစ္စည်းအချို့ ပါရှိသွားကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးကို သွားတိုင်တော့ ရပ်ကွက်ထဲ အခိုးခံရတာ ခြောက်အိမ်လောက်ရှိပြီ။ ရဲစခန်းတော့ မတိုင်နဲ့၊ တိုင်လည်း မထူးဘူးပြောတယ်” ဟု အိမ်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။
လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးကလည်း လုံခြုံရေးကောင်းသည်ဟု အခြားဒေသများက ယူဆထားကြသည် နေပြည်တော်တွင် ဓားပြတိုက်ခံရမည်ကို စိုးရိမ်သဖြင့် သတိထားနေရသည်ဟု ဆိုသည်။
ငွေသားကို ပိုက်ဆံအိတ်ဖြင့် မထည့်ဘဲ အတွင်းခံဘောင်းဘီထဲ ထည့်ထားရသည့် အခြေအနေမျိုးနှင့်လည်း ကြုံရတတ်သည်ဟု သူက ဆက်ပြောသည်။
အခြားမြို့ရွာများနှင့် ဆင်တူသည့်အချက်မှာ ဆိုင်ကယ်ခိုးမှု ပေါများခြင်းပင်။
သာမန်ရပ်ကွက်များတွင်သာမက ဝန်ထမ်းအိမ်ရာများတွင်လည်း ဆိုင်ကယ်ကို သံကြိုးများဖြင့် ချည်နှောင်ခတ်ထားရကြောင်း ဆိုင်ကယ်ခိုးခံရဖူးသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသည့် ဟွန်ဒါအမျိုးအစား ဆိုင်ကယ်ဆိုလျှင် စျေးပိုကြီးသဖြင့် ပိုမို ခိုးယူခံရတတ်သည်ဟု ဆိုသည်။
အခြားမြို့များကဲ့သို့ပင် … ဆိုင်ကယ်ပျောက်မှုသည် ဖြစ်ရိုးဖြစ်စဉ်အမှုမျိုး ဖြစ်လာသည်။ အာဏာသိမ်းမှုဆန့်ကျင်သူ၊ လက်နက်ကိုင် တော်လှန်သူတို့ကိုသာ ဂရုစိုက်နေရသော ရဲစခန်းများအတွက်လည်း ဆိုင်ကယ်ပျောက်ဆုံးမှုက အမှုသေးမျိုး ဖြစ်နေတတ်သည်။
ရဲစခန်းများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့် အခြေအနေကြောင့် ရဲစခန်းသို့ သွားရောက် တိုင်ကြားလိုသူကလည်း စခန်းသို့သွားရန် နှစ်ကြိမ်မက စဉ်းစားကြရသည်။
နေပြည်တော်ရှိ ရဲစခန်းများသည်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် သံဆူးကြိုးများနှင့် ကာရံထားလေ့ရှိရာ အများပြည်သူ ဝင်ထွက်ရန် အဟန့်အတား ဖြစ်လာသည်။
အာဏာမသိမ်းမီကာလက အများပြည်သူကြား ပေါ့ပေါ့ပါးပါးတွေ့ရသော ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေးဂိတ်များထဲတွင်သာ ပိုတွေ့လာရသည်၊ ရံဖန်ရံခါ လှည့်ကင်းကားများဖြင့် သွားလာနေတတ်သည်။
NUG ငွေတိုက်စာချုပ် အဝယ်ပြထားလိုသူ
နေပြည်တော်ရှိ များပြားလှစွာသော ဌာနဆိုင်ရာဝန်ထမ်းများထဲတွင်လည်း နိုးနိုးကြားကြား ရှိနေကြသည်ကို တွေ့ရသည်။ စစ်ကောင်စီ အရေးမသာသည့် အပြောင်းအလဲ ဖြစ်ပေါ်လာပြီး အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်လျှင် အဆင်ပြေစွာ ဆက်လက်ရပ်တည်လိုသည့်သဘောကို ဌာနဆိုင်ရာ အရာရှိတစ်ဦးထံတွင် တွေ့ရသည်။
သူက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရောင်းချနေသော ငွေတိုက်စာချုပ်ကို ဝယ်ယူရန် စိတ်ဝင်စားဟန်ပြသည်။ NUG အစိုးရက ရံပုံငွေ ရရှိရန် ရောင်းချနေသည့်အထဲတွင် ငွေတိုက်စာချုပ်လည်း ပါဝင်သည်။
CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်း မပြုဘဲ လုပ်ငန်းခွင်တွင်သာ ဆက်ရှိနေမည့်သူတို့ကို အနာဂတ်တွင် အရေးယူမည်ဟု NUG အစိုးရ ခေါင်းဆောင်တစ်ဦး၏ သတိပေးချက်ကို သူလည်း အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် သိထားပြီး ဖြစ်နိုင်သည်။
ငွေတိုက်စာချုပ် ဝယ်ယူထားသည့် လက်ခံဖြတ်ပိုင်းကို ပြသနိုင်လျှင် သူ၏ အလုပ်အကိုင်နှင့် ရာထူး ထိခိုက်မည်မဟုတ်ဟု စျေးတွက်တွက်ကာ ဝယ်ယူလိုခြင်းလည်း ဖြစ်နိုင်သည်၊ တော်လှန်ရေးတွင် သူလည်း တတ်နိုင်သည့်နည်းလမ်းဖြင့် ပါဝင်လိုခြင်းလည်း ဖြစ်နိုင်သည်။
သူ၏ ရည်ရွယ်ချက်မှန်ကို မသိရပေ။ ပွင့်ပွင့်လင်းလင်း မေးမြန်းလိုသော်လည်း အစိုးရိမ်လွန်ပြီး ဆက်ဆံရေး ပျက်သွားနိုင်သည်။ သူက အရာရှိကြီးဆိုသော်လည်း ကျီးလန့်စာစား ဝန်ထမ်းသာ ဖြစ်သည်။
အာဏာသိမ်းစစ်ဆင်ရေးတွင် အဓိကအခန်းမှ ပါဝင်ခဲ့ကြသည် ဆိုသော ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ပင်လျှင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ရာထူးမှ ထုတ်ပယ်ခံရရုံသာမက နှစ်ရှည်ထောင်ဒဏ်များ ချခံထားရသည်မှာ မကြာသေးပေ။
ထို့ကြောင့် လုံခြုံရေးကောင်းဟန်ရှိသော နေပြည်တော်သည် ကျီးလန့်စာစား အရာရှိကြီးငယ်များအတွက် ဘာမဆို ဖြစ်သွားနိုင်သည့်နေရာတစ်ခုလည်း ဖြစ်နေတော့သည်။