
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့်မတ်လ နွေနေပူပူအောက်တွင် “ရုံးမတက်နဲ့ ရုန်းထွက်”ဟူသည် အသံများ နိုင်ငံအနှံ့ ဟိန်းလျှံထွက်လျက်ရှိသည်။
နိုင်ငံ့အာဏာကို စစ်တပ်က လက်နက်ပြ သိမ်းယူလိုက်ချိန် အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ ရုံးမတက်ဘဲ ရုန်းထွက်ကြရန် ဆန္ဒပြပြည်သူတို့က ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအများအပြား လုပ်ငန်းခွင်မှရပ်နားကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ စစ်ကောင်စီကို တော်လှန်ကြသူများနှင့် ပူးပေါင်းပါဝင်လာခဲ့ကြသည်။
ပုံမှန်ဝင်ငွေ၊ တည်ငြိမ်သည့် ဘဝများဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြရာမှ စစ်တပ်အာဏာသိမ်းခြင်းကြောင့် သူတို့ဘဝသည် ထောင်တွင်းရောက် နိုင်ကျဉ်းများ၊ ရဲအရာရှိဘဝမှ တော်လှန်ရေးခေါင်းဆောင်၊ ကျောင်းအုပ်ဆရာမကြီး ဘဝမှသည် သီလှရှင်ဆရာကြီး၊ မီးရထား စက်ခေါင်းမောင်းမှသည် ဦးတည်ရာမဲ့သွားသူ၊ လုံခြုံသည့် စာသင်ခန်းမှသည် မလုံခြုံသည့်နယ်မြေရောက်သွားသည့် ကျောင်းသူ၊ ကျောင်းသားများ စသည်ဖြင့် အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။
လေးနှစ်အကြာတိုင် ယင်းတို့ဘဝများ မတည်မငြိမ်ဖြစ်နေသေးပြီး စားဝတ်နေရေးအတွက် နည်းမျိုးစုံဖြင့် ဖြေရှင်းကာ စစ်အာဏာရှင်တော်လှန်ရေးတွင် မဆုတ်မနစ် ပါဝင်နေကြဆဲဖြစ်သည်။
ရဲအရာရှိငယ်ဘဝမှသည် တော်လှန်ရေးခေါင်းဆောင်
မန္တလေးမြို့မြောက်ဘက် ၅၄မိုင်အကွာရှိ စဉ့်ကူးဒေသခံ ဒုရဲအုပ် ဖြိုးခန့်သည် ယခင်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ် ၃နယ်မြေ ရဲစခန်းတွင် နယ်ထိန်းတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူတို့ ပစ်ခတ် သတ်ဖြတ်ခံရမှုကို ဒုရဲအုပ် ဖြိုးခန့် မြင်တွေ့ရပြီးနောက် လူသတ်အဖွဲ့အစည်းတွင် မပါဝင်လိုဟုဆိုကာ မတ်လတွင် CDM လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။ လအနည်းငယ်အကြာတွင် လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်သွားပြီး နောက်ပိုင်းတွင် သူ၏အမည်မှာ ဗိုလ်PK ဖြစ်လာသည်။
“ရဲဆိုတာမျိုးက အမှန်တရားကို ဖော်ထုတ်ရမယ်လို့ မူဝါဒတွေ၊ ဥပဒေတွေရှိတယ်။ CDM ပြုလုပ်ခဲ့ရတာလည်း အမှန်တရားအတွက် ပြည်သူတွေနဲ့ရပ်တည်ခဲ့တာ” ဟု သူက ပြောသည်။
“စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ ပြည်သူကိုကြောက်အောင် သတ်ပြတယ်။ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ပြည်သူကို လက်နက်နဲ့အနိုင်ကျင့်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်လည်း လက်နက်ကိုင်တော်လှန်ဖို့ပဲ ရွေးချယ်စရာနည်းလမ်းပဲရှိတော့တယ်”
ထို့နောက် ဗိုလ်PK သည် မန္တလေးတိုင်းအတွင်း လှုပ်ရှားနေသည့် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်တွင် ဒုတိယခေါင်းဆောင်၊ မြောင်အခြေစိုက် TGR ဒရုန်းတပ်ဖွဲ့ဝင်၊ စစ်ကိုင်းခရိုင်နှင့် စဉ့်ကိုင်တော်လှန်ရေးတပ်များတွင် တိုက်ခိုက်ရေး တာဝန်ယူရသူဖြစ်လာခဲ့သည်။
ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်မြို့ပြတွင် ရဲအုပ်ဘဝဖြင့် တာဝန်ထမ်းဆောင်စဉ် အန္တရာယ်ကြီးကြီးမားမား မကြုံခဲ့ရသော်လည်း စစ်ကောင်စီတပ်ကို ပြန်လိုက်တိုက်ခိုက်သည့်အခါ ထိုသို့မဟုတ်တော့ပေ။
“အသက်ဘေးက သီသီလေးလွတ်ခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူး။ တော်တော်ခက်ခက်ခဲခဲနဲ့ ဒီလေးနှစ်ဆိုတာကြီးကို ဖြတ်သန်းခဲ့ရတယ်။ တိုက်ပွဲတွေသွားရင်းလည်း အသက်ဘေးကြုံရတယ်။ မိုင်ထောင်ရင်းလည်း အသက်အန္တရာယ်ကြုံခဲ့ရတယ်။ စခန်းတွေလည်း ဝင်စီးခံရတယ်၊ အမျိုးစုံပါပဲ” ဟု သူက ပြောသည်။
ကာလကြာရှည် ဝင်ငွေမရှိခဲ့ရာမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးသည့် ထောက်ပံ့ငွေကို ၂၀၂၂ခုနှစ်တွင် ရရှိခဲ့ဖူးသည်။ ယခုအခါ ဆွေမျိုးမိတ်ဆွေများ ရံဖန်ရံခါပေးသည့် မုန့်ဖိုး အထောက်အပံ့များဖြင့်သာ ရပ်တည်နေထိုင်နေသည်ဟု သူကဆိုသည်။
၎င်း၏ဇာတိမြေဖြစ်သည့် စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည့်အတွက် ဇာတိမြေတွင် မိသားစုနှင့်အတူ ပြန်အခြေချခွင့်ရပြီဖြစ်သည်။ စဉ့်ကူးတွင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ဒုတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသည်။
“ကိုယ့်မြို့က စကစ ကင်းစင်နယ်မြေဖြစ်သွားတော့ စဉ့်ကူးသားတစ်ယောက်အနေနဲ့ ငါ CDM လုပ်ခဲ့တာ မှန်တယ်ကွဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်မိတယ်”ဟု သူကပြုံး၍ပြောသည်။

လမ်းချော်နေသည့် မီးရထား စက်ခေါင်းမှူး
ရထားတို့သည် အများပြည်သူပို့ဆောင်ရေး၊ ကုန်စည်သယ်ယူရေးတို့အတွက် ဒီအချိန် ဒီဘူတာဆိုက်၊ နောက်တစ်ဘူတာဦးတည်ရာထွက် စသဖြင့် အချိန်မှန်၊ နေရာမှန် အစီအစဉ်တကျ ပြေးဆွဲပေးလေ့ရှိသည်။
ရထားခရီးစဉ်များ အစီအစဉ်တကျဖြစ်စေရန် အရေးပါခဲ့သူတစ်ဦးဖြစ်သည့် မြန်မာ့မီးရထားဌာနမှ ရထားမောင်းသူစက်ခေါင်းမှူး ကိုစိုးကြီး၏ဘဝမှာ လူတစ်စု၏ အာဏာငမ်းဖမ်းမှုကြောင့် မြန်မာပြည်သူပေါင်းများစွာ၏ ဘဝပေါင်းများနည်းတူ ထိုအစီအစဉ်ကျမှုများမှ လမ်းချော်သွေဖယ်သွားခဲ့ရသည်။
အခြေခံပြည်သူတို့၏ဘဝကို ရထားမောင်းရင်း နေ့စဉ်တွေ့မြင်သိရှိနေရသည် ကိုစိုးကြီးသည် အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းပင် CDM တွင် ပါဝင်လိုက်သည်။
အစိုးရကပေးထားသည့် နေအိမ်လိုင်းခန်းမှ ဆင်းပေးကာ လက်ရှိအချိန်တွင် တိမ်းရှောင်နေရပြီး မိသားစုအတွက် ရုန်းကန်လုပ်ကိုင်နေရသည်။ စစ်ကောင်စီ၏ ရန်ရှာနေမှုများကြောင့် လုပ်ငန်းအတိအကျကို မဖော်ပြလိုဟု သူကဆိုသည်။
မန္တလေးမီးရထားဌာနတွင် CDM တွင် ပါဝင်လာသူ ရာနှုန်းပြည့်နီးပါးရှိပြီး စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်အကြာတွင် အလုပ်ပြန်ဝင်သွားသူ ၁၅ရာခိုင်နှုန်းသာ ရှိသည်ဟု သူက ဂုဏ်ယူဝင့်ကြွားစွာပြောသည်။
“ကျွန်တော်တို့ ပုံစံအမျိုးမျိုးနဲ့ စားဝတ်နေရေးကိုဖြေရှင်းကြတယ်။ တချို့အမျိုးသမီးတွေက အဝတ်လျှော်စားတယ်။ တချို့ကုန်စိမ်းရောင်းစားတယ်။ အမျိုးသားတွေကျတော့ ညစောင့်တို့၊ သုံးဘီးအငှားမောင်းတာတို့၊ ပန်းရံတို့ အလုပ်စုံ၊ ဘဝစုံနဲ့ ရုန်းကန်နေကြတာပေါ့ဗျာ”ဟု ကိုစိုးကြီးက ဆိုသည်။
လေးနှစ်အတွင်း မိသားစု စားဝတ်နေရေး လိုအပ်ချက်ကို အလုပ်ပေါင်းစုံဖြင့်ဖြေရှင်းကာ တောင့်ခံနေကြသည်။ CDMတစ်ဦးအတွက် လုံခြုံရေးသည်လည်း ကြီးမားသည့်အခက်အခဲဖြစ်သည်ဟု ကိုစိုးကြီးက ဆိုသည်။
“အဓိကကတော့ စိတ်မလုံမခြုံနဲ့ နေခဲ့ရတယ်။ စိတ်တွေပုံမှန်ဖြစ်အောင် ကိုယ့်ဖာသာ အားပေးပြီးနေခဲ့ရတယ်” ဟု သူက တွေးတွေးငေးငေးဖြင့် ပြောသည်။
နှစ်ပေါင်း၂၀ကျော်ကြာ အခြေကျနေသည့် လုပ်ငန်းခွင်မှ ရုတ်တရက် ရပ်နားလိုက်ပြီး မယ်မယ်ရရ မရှိသည့် အလုပ်ပေါင်းစုံလုပ်နေရခြင်း၊ ဘဝအာမခံချက်မရှိခြင်း၊ စိတ်နှင့်ရုပ်ပိုင်းဆိုင်ရာ မလုံခြုံခြင်းတို့ကြောင့် သူ့ဘဝလမ်းချော်နေသေးသော်လည်း လမ်းမှန်ပြန်ရောက်ရန် မဆုတ်မနစ် ဆက်သွားမည့် အသက် ၄၅ နှစ်အရွယ်ရှိ မီးရထားစက်ခေါင်းမှူးတစ်ဦး၏ ရဲရင့်သည့် မျက်နှာကို မြင်တွေ့ရသည်။

တူညီသည့် ဘဝနှစ်ခုမှသည် မတူညီသည့် စခန်းနှစ်ခုသို့
စစ်တပ်အာဏာမသိမ်းမီက ဒေါ်မြင့်နှင့် ဒေါ်သောင်းသောင်းမြင့်တို့သည် ကျောင်းဆရာမများ ဖြစ်ကြသည်။ CDM လုပ်ပြီးနောက် တစ်ဦးသည် အဖမ်းခံရပြီးနောက် အကျဉ်းစခန်းတစ်ခုတွင် ဆက်လက် ထိန်းသိမ်းခံနေရသည်။
ပဲခူးမြို့ မှ အလယ်တန်းပြ ကျောင်းဆရာမဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်သောင်းက အဖမ်းမခံလို၊ မသေလိုဟုဆိုကာ ဇာတိမြေကိုစွန့်ခွါပြီး နယ်မြို့လေးတစ်မြို့တွင် တရား ဘာဝနာပွားများနေသည်။
“စပြေးလာတုန်းကတော့ ယာယီပေါ့။ ယောဂီလေးဝတ်ပြီး တရားအားထုတ်မယ်။ နောက်တော့ အခြေအနေကောင်းသွားရင် နေရပ်ပြန်မယ်ပေါ့။ အခုတော့ သီလရှင်ပါ ဝတ်လိုက်ပြီးတော့ သာသနာ့ဘောင်မှာလည်း ပျော်သွားပါပြီ”ဟု ဆရာကြီးဒေါ်ကုမ္မာရီ တဖြစ်လဲ ဒေါ်သောင်းက ရယ်ကြဲကြဲဖြင့် မိန့်သည်။
ဒေါ်ကုမ္မာရီသည် ယခုအခါ တရားအလုပ်တွင် ပုံစံခွက်အတိုင်းအသားကျနေပြီဖြစ်သည်။ မနက်လေးနာရီ သံချောင်းခေါက်သံအဆုံးတွင် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် အာရုံဆွမ်းစားဆောင်သို့ ကြွရကာ ဆွမ်းစားသည်။
ထို့နောက် နာရီဝက်မျှ ခေတ္တနားကာ မနက် ၅ နာရီမှ ည ၁၀ နာရီအချိန်ထိ တရားအားထုတ်ရသည်။ တစ်နာရီ တရားအားထုတ်ပြီးတိုင်း မိနစ်အနည်းငယ် နားသဖြင့် တစ်ရက်လျှင် ၁၁ ကြိမ် တရားအားထုတ်သည်။ နေ့ဆွမ်းစားပြီးနောက် တစ်နာရီ လဲလျောင်းခွင့်ရသည်။
တရားကြာရှည်ထိုင်ခြင်းသည်လည်း ညောင်းကိုက်ဝေဒနာနှင့် ကျန်းမာရေး အခက်အခဲများ ရှိနိုင်သော်လည်း ဒေါ်ကုမ္မာရီသည် တရားအလုပ်တွင် အသားကျနေပြီး စိတ်အညစ်အကြေးများလည်း ကင်းစင်ကာ ကျန်းမာရေးလည်းကောင်းမွန်သည်ဟု ဆိုသည်။
တစ်ပတ်လျှင် အဖိတ်နေ့ နှစ်ရက်ကိုမူ ကျောင်းအတွက် ဆွမ်းဆန်အလှူထွက်ခံရသည်။ ရလာသည့်လှူဖွယ်များကို ဒေါ်ကုမ္မာရီတို့သီလရှင်တစ်စုက တရားရိပ်သာ၏ ရိက္ခာအတွက် ကျောင်းထိုင်ဆရာတော်ကို ကပ်လှူကြသည်။
“CDM ဆိုတော့ ကျောင်းမှာလာမှီခိုတယ်၊ နေစရာ၊ စားစရာမရှိလို့ ကျောင်းမှာ လာကပ်နေတယ်ဆိုတဲ့အမြင်တွေ တချို့ရှိကြတယ်။ ကိုယ်တိုင်လည်းမလှူနိုင်တော့၊ အလှူရှင်လည်း မရှိတော့ ဘယ်လိုပဲတရားအလုပ်လုပ်ကြပါစေ။ ပုထုဇဉ်တွေပဲလေ။ ဒီလိုအမြင်တွေတော့ ခံခဲ့ရတယ်”ဟု ဒေါ်ကုမ္မာရီက မိန့်သည်။

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် ဒေါ်သောင်းသောင်းမြင့်မှာ မန္တလေး မြစ်ငယ်မြို့ မြစ်လောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးဖြစ်သည်။
အသက် ၅၀ ကျော်အရွယ် ဆီးချိုရောဂါဝေဒနာရှင် ကျောင်းအုပ်ဆရာမကြီးကို စစ်ကောင်စီက ပစ်မှတ်ထား လိုက်လံရှာဖွေခြင်းတော့ မဟုတ်ပေ။ မန္တလေးမြို့တွင် စစ်ကောင်စီ၏ အဖမ်းအဆီးများနှင့် မြေပြင်အခြေအနေ စုံစမ်းဖော်ပြပေးနေသည့် Voice Of Mandalay (Vomdy) ကင်းထောက်စာမျက်နှာ ဦးဆောင်သူ အသက် ၂၀ ကျော်အရွယ် သားဖြစ်သူကို လိုက်လံ ရှာဖွေရာမှ သူ့ကို တွေ့သွားခြင်းဖြစ်သည်။
“ကျွန်တော့်ကို လာဖမ်းတာကနေ မတွေ့လို့ဆိုပြီးတော့ အမေ့ကိုလည်း CDMကျောင်းအုပ်ဆိုတာ သိသွားပြီး ဖမ်းသွားတယ်။ ထောက်ပို့ကောလုပ်တယ်ဆိုပြီး စစ်ကြောရေးပါ ဝင်ရတယ်”ဟု သားဖြစ်သူက စိတ်မကောင်းခြင်းကြီးစွာ ပြောပြသည်။
လက်ရှိတွင် ကျောင်းအုပ်ဆရာမကြီးကို ပုဒ်မမျိုးစုံနှင့် အမှုဖွင့်ထားပြီး ပြီးခဲ့သည့်နှစ်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်၁၅နှစ် ချမှတ်ခံထားသည်ဟု သိရသည်။
“အမေက ဆီးချိုရှိပြီး ဆေးအမြဲထိုးနေရတယ်။ သူ့ရဲ့ရောဂါအတွက် လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရမှာကိုလည်း စိတ်ပူတယ် အဆက်အသွယ်လည်း လုံးဝမရဘူး”ဟု သားဖြစ်သူက ပြောသည်။
လုံခြုံရာ စာသင်ခန်းမှသည် မလုံခြုံသည့် ခံစားမှုများ
ကြောက်မက်ဖွယ်ရာ လေတိုးသံနှင့်အတူ နေအိမ်ခေါင်မိုးပေါ်မှ နီးကပ်စွာ ဖြတ်သန်းသွားသည့် လေယာဉ်သံကြောင့် မစုမေ တစ်ယောက် လန့်နိုးလာလေ့ရှိသည်။
“အဲဒီ ဝူ”ဆိုတဲ့ လေယာဉ်လေတိုးတဲ့အသံကြီးက မိစ္ဆာတစ်ကောင်လိုပဲ၊ ကြားရတိုင်း လူကကြောက်ပြီး၊ တုန်ပြီး မျက်ရည်တွေပါ ကျလာတာ” ဟု မစုမေက ဆိုသည်။
မန္တလေးရတနာပုံတက္ကသိုလ် ဓာတုဗေဒအထူးပြု တတိယနှစ်ကျောင်းသူ မစုမေသည်
ကျောင်းဆက်တက်ဘဲ CDM ပြုလုပ်ခဲ့သူဖြစ်သည်။ မန္တလေးမြို့ပေါ်တွင် မလုံခြုံမှုများကြောင့် လေယာဉ်ကွင်းအနီး ကျေးရွာငယ်တစ်ခုတွင် ရှောင်တိမ်းနေရသူဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့ အားကိုးသည့် လေကြောင်းတိုက်ခိုက်မှုကို ညသန်းခေါင်ယံအချိန်များတွင် အများဆုံး လုပ်လေ့ရှိရာ စစ်လေယာဉ်များသည် မစုမေတို့ကျေးရွာ နေအိမ်များပေါ်မှ နေ့စဉ်ညစဉ် ဖြတ်သန်းလေ့ရှိသည်။
နေ့အချိန်များ၌ အဆိုပါလေယာဉ်သံမှာ ထင်ထင်ရှားရှား မရှိသော်လည်း လူခြေတိတ်နေသည့် ညနက်သန်းခေါင်တွင်မူ အလွန် ခြောက်ခြားဖွယ်ရာ မိစ္ဆာသံကဲ့သို့ဖြစ်သည်ဟု မစုမေက တင်စားသည်။
“အဲဒီအသံကြားပြီး မနက်ဆိုရင် ဘယ်မြို့မှာတော့ ဘယ်နှစ်ဦးသေသွားတယ်၊ ဘယ်စစ်ရှောင်စခန်းက ကလေးနဲ့မိခင်တွေ ဘယ်လိုအသက်ဆုံးရှုံးတယ် ဆိုတာမျိုးကြားရရင် လူကနေလို့မရတော့ဘူး။ ဘာမှ လုပ်လို့လည်းမရတော့ဘူး၊ အင်မတန်စိတ်ထိခိုက်ရတာပဲ”ဟု ၎င်းက အံကြိတ်ကာ ဆိုသည်။
“အဲဒီအသံကိုစိတ်စွဲပြီး ခဏခဏအိပ်မက်မက်တယ်၊ အိပ်မက်ထဲမှာ ကူကယ်ရာ မဲ့နေတဲ့လူတွေ၊ ဝရုန်းသုန်းကား ပြေးနေကြတဲ့လူတွေကြားမှာ ကိုယ်ကိုယ်တိုင် ရူးမတတ်ပါပဲ”
လေကြောင်းတိုက်ခိုက်၍ လူများသေဆုံး ထိခိုက်ဒဏ်ရာရကြသည့် အခြေအနေများ၊ စစ်ပွဲများကြောင့် ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင်ရသည့် အဖြစ်အပျက်များကို တွေးကြည့်ယုံမျှဖြင့် မစုမေ စိတ်ထိခိုက်နေရသည်။
အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ မိသားစုအပေါ်မှီခိုစားသောက်နေရသည့်အတွက် စိတ်ဒဏ်ရာတချို့ရှိသည်။ ဝါသနာပါသည့် လက်မှုပညာအချို့ လေ့လာဆည်းပူးကာ နေရသောကြောင့်သာ နေသာထိုင်သာရှိသည်။ သို့သော် မရေရာသည့် ဘဝရှေ့ရေး တွေးတောမိလျှင် မစုမေ ဝမ်းနည်းနေမိသည်။

စစ်ကောင်စီ၏ အငြှိုးနှင့် CDM တို့၏ အားမာန်
စစ်ကောင်စီ၏ယန္တရား အထိနာစေခဲ့သူများထဲတွင် ဌာနဆိုင်ရာ CDM များစွာပါဝင်သည်။ စစ်အုပ်စု၏အငြှိုးထားရန်ရှာမှုကို သူတို့ ခံခဲ့ကြရသည်။
မန္တလေးမြို့တွင်ပင် ရာနှုန်းပြည့်နီးပါး တော်လှန်ခဲ့ကြသည့် ဆေးဝန်ထမ်းများ အများအပြား ဖမ်းဆီးထောင်ချခံခဲ့ရပြီး၊ အသက်သေဆုံးသည်အထိ ညှဉ်းပန်းသတ်ဖြတ်ခဲ့မှုများလည်းရှိသည်။ ဆေးရုံ၊ ဆေးခန်းများ ပိတ်သိမ်းလိုက်သည့်အတွက် ဆရာဝန်နှင့် ဆေးဝန်ထမ်းရာနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ခဲ့သည်။ ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ကုမ္ပဏီများတွင် အလုပ်မခန့်ရန် ဖိအားပေးပြီး ပြည်ပထွက်ခွင့်ကိုလည်း ပိတ်ပင်ထားသည်။ နေရပ်စွန့်ခွာထွက်ပြေး ခဲ့ကြသူများလည်းရှိသည်။
မန္တလေးမြို့မှ မီးရထားဌာနမှ ဝန်ထမ်းအများအပြားလည်း နေအိမ်လိုင်းခန်းများမှ ဖယ်ရှားပေးရခြင်း၊ မြစ်ငယ်မြို့ မီးရထားဌာ ဝန်ထမ်းအိမ်ရာများ ဘူဒိုဇာဖြင့် ရှင်းလင်းဖျက်ဆီးခံရခြင်း၊ ဖမ်းဆီးခံရခြင်းတို့များစွာရှိခဲ့သည်။
စစ်ကောင်စီ၏ အငြှိုး CDM တို့အပေါ် မည်မျှပင်ကြီးမားနေစေကာမူ CDM တို့၏ အားမာန်ရှိနေဆဲ၊ CDM ဖြစ်ရသည်ကို ဂုဏ်ယူဆဲဟု ကိုစိုးကြီးက ဆိုသည်။
“စားဝတ်နေရေးထက် လုံခြုံရေးကို ပိုပူပန်ရတယ်၊ လူကြားသူကြားသွားတဲ့အခါ စိတ်လွတ်ကိုယ်လွတ်နဲ့ သွားမရဘူး။ စိတ်ကိုက အလိုလိုနေရင်း ပတ်ဝန်းကျင်ကို သံသယဖြစ်နေတာ။ ဒါပေမယ့် အဲဒီလိုလေး နေရတာကိုက ဂုဏ်ယူနေတာ”ဟု သူက ဆိုသည်။
“ကျွန်တော်တို့ထက် ပိုအရေးကြီးတဲ့ လက်နက်ကိုင်တဲ့ ကလေးတွေကို ထောက်ပံ့ပေးနေရလို့ CDM တွေကို မထောက်ပံ့နိုင်တာလို့ တွေးမိတာကြောင့် မပေးလည်း ဘာမှမခံစားရပါဘူး”
စစ်အာဏာရှင်ကိုဆန့်ကျင်နေသည့် မစုမေသည်လည်း ချည်ထည်ပစ္စည်းလေးများထိုးကာရောင်းချပြီး ရသည့်ငွေကို သူ့ထက်ပိုခက်ခဲသည့် စစ်ရှောင်ပြည်သူများအတွက် သုံးလေ့သည်။
စစ်အာဏာရှင်လက်အောက်မှ မလွတ်မြောက်သေးဘဲ မဟာဒုက္ခတွင်းဆုံးကျနေသည့် မိမိတို့မြန်မာပြည်သူများ၊ တော်လှန်ရေးနယ်မြေများတွင် စစ်ကောင်စီ၏ ရမ်းကား တိုက်ခိုက်မှုများကြောင့် ငရဲတမျှဒုက္ခခံနေရသူများ၊ အိုးအိမ်ပျက်စီး၊ မိသားစုဝင်တို့အသက် ဆုံးရှုံးရသူများထက်စာလျှင် မိမိတို့၏တစ်ကိုယ်ရေဒုက္ခသည် သေးဖွဲလွန်းသည်ဟု မစုမေက ဆိုလိုက်သည်။