သတင်း

ကြေးနီစီမံကိန်းအနီး နယ်မြေစိုးမိုးနိုင်ရန် စစ်တပ်ပြန်လည်ကြိုးစားနေ

စစ်တပ်နှင့် တရုတ်၏ ကြေးနီစီမံကိန်းနယ်မြေကို ၈ လအတွင်း ပထမဆုံးအကြိမ် ပြန်ဝင်လာသည့် စစ်တပ်က ဗျူဟာပြောင်းလိုက်သော်လည်း ဒေသခံများ ထွက်ပြေးနေကြသည်။

စစ်တပ်နှင့် တရုတ်တို့ ပူးပေါင်းလုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်းထဲမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင် ကျေးရွာများကို ၈ လခန့်အတွင်း ပထမဆုံးအကြိမ် စစ်တပ် ပြန်လည်ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးနေကြရသည်။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အင်အား ၂၀၀ ကျော် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့က ပုသိမ် – မုံရွာလမ်းဘေး ကျေးရွာများကို မတ် ၂၂ ရက် ညနေပိုင်းမှ စတင်ကာ စစ်ကြောင်းထိုးနေသည်ဟု ဒေသခံတို့က  ယနေ့ (မတ် ၂၈) တွင် ပြောသည်။

စစ်တပ်၏လှုပ်ရှားမှုများကြောင့် ယင်းမာပင်မြို့နယ်မှ ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီးရွာ၊ နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ဆားလင်းကြီးမြို့နယ်မှ ဒုန်းတော၊ ရွာသာ၊ ဂုဏ်တောမှ ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဝမ်ပေါင်-ယန်စီ ကြေးနီစီမံကိန်းကို အကာအကွယ်ပေးရန် စစ်ကြောင်းထိုးနေခြင်း ဖြစ်နိုင်သည်ဟု ယင်းမာပင်မြို့နယ် ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ခန့်မှန်းသည်။

“အဓိက ပုသိမ်-မုံရွာလမ်းဘေး မေးတင်ရွာတွေပဲ ထိုးနေတာ။ အဲ့ဒါက ကျွန်တော်တို့ အထင်ကတော့ ဝမ်ပေါင်-ယန်စီရဲ့သွင်းကုန်ထုတ်ကုန်အတွက် လမ်းကြောကို ဒီနယ်မြေကို နယ်မြေစိုးမိုးမှုရအောင် လုပ်နေတယ်လို့ ယူဆတယ်” ဟု သူက ပြောသည်။

စစ်တပ်ရန်ကြောင့် ထွက်ပြေးကြရသည့် ပုသိမ်-မုံရွာကားလမ်းမဘေးမှ ဒေသခံများ (ဓာတ်ပုံ – ပေးပို့)

ယခင်က ယင်းမာပင်နှင့် ဆားလင်းကြီးကြား ထိုကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးရမိသူများကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းတို့ကို လုပ်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ဖမ်းမိသူများကို စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းနေကြောင်း ဒေသခံများက ဆိုသည်။

“မိတဲ့သူတွေကို ပြောတယ်၊ ကိုယ့်ရွာကိုယ့်အိမ်ကို ပြန်ကပ်ကြပါ၊ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးယူချင်ပါတယ်၊ ကိုယ့်အလုပ်ကိုပဲ လုပ်ပါ၊ ဈေးဆိုင်တွေကအစ ဈေးလာရောင်းပါ၊ ဝယ်သုံးပါ့မယ်၊ လာမရောင်းရင် ရှိတာကို စားသုံးရလိမ့်မယ်ဆိုတာကို မိတဲ့သူကို မှာတယ်တဲ့” ဟု စစ်တပ်လက်မှ ပြန်လည်လွတ်မြောက်လာသူများနှင့် ပြောဆိုခွင့်ရခဲ့သည့် အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

“အဓိကတော့ နယ်မြေစိုးမိုးမှုရအောင် လုပ်ပြီးတော့ သွားလာလှုပ်ရှားလို့ရအောင် လုပ်နေတယ်လို့ ယူဆတယ်”

စစ်ကြောင်းက စည်းရုံးသိမ်းသွင်းနေသော်လည်း ဒေသခံများ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

တစ်ပတ်နီးပါးကြာ စစ်ဘေးရှောင်နေရသဖြင့် ရိက္ခာလိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။

“ရက်ကလည်း တစ်ပတ်ဝန်းကျင်လောက်ထိ ရောက်လာပြီဆိုတော့ ဆန်၊ ဆီ ပြတ်တောက်တဲ့ စစ်ရှောင်စခန်းတွေရှိနေတယ်” ဟု ထိုအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အင်အားအလုံးအရင်းဖြင့် ပုသိမ် – မုံရွာလမ်းတစ်လျှောက် စစ်ကြောင်းထိုး‌နေသည့်နည်းတူ ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း အင်အားဖြည့်တင်းမှုများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်ရန်ကြောင့် ထွက်ပြေးကြရသည့် ပုသိမ်-မုံရွာကားလမ်းမဘေးမှ ဒေသခံများ (ဓာတ်ပုံ – ပေးပို့)

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းမှာ စစ်အာဏာရှင်အတွက် ငွေရလမ်းတစ်ခုဖြစ်သဖြင့် လုပ်ငန်းလည်ပတ်ခြင်းမပြုရန် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့က ၂၀၂၂ ခုနှစ် ဧပြီလတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကြေးနီစီမံကိန်းကို ရပ်တန့်ထားသော်လည်း ယခင်က ထုတ်လုပ်ထားပြီး ကြေးနီပြားများကို စီမံကိန်းနယ်မြေမှ ပြင်ပသို့ သယ်ယူပို့ဆောင်မှုများရှိနေသည်။ ကြေးနီသယ်ယူရာတွင် အသုံးပြုသည့် ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်လေ့ရှိသည်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စီမံကိန်းအနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်လက်ချက်ကြောင့် အရပ်သား ၂၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း လက်ပံတောင်းဒေသခံများ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးရုံး (UNOCHA) ၏ မတ် ၂၇ ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံအနှံ့ လူဦးရေ ၂ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button