
မြို့တွင်းတိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်သည့် ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် စစ်ဘေးရှောင်ရန် ကြိုးစားနေသော ဒေသခံ ၁၂၀ ခန့်သည် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထွက်ပြေးကြစဉ် မိုင်းနင်းမိကြသဖြင့် ၄ ဦး သေဆုံးကာ ကလေးများအပါအဝင် ဒေသခံ ၄၀ ခန့် ဖမ်းဆီးခံရသည်ဟု သိရသည်။
ဧပြီ ၂၀ ရက်၊ ည ၇ နာရီခွဲခန့်က ကံကော်ကျွန်းရွာနှင့် ဇော်မဒတ်ရွာအကြားတွင် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
“တစ်ဖက်ကမ်းကို ကူးတို့မကူးခင်မှာ စကစတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်လို့ အလန့်တကြားနဲ့ ထွက်ပြေးရတယ်။ အဲဒီမှာ စကစတပ်က ထောင်ထားတဲ့ မိုင်းတချို့ကို နင်းမိလို့ သေဆုံးသူ၊ ဒဏ်ရာရ ပြင်းထန်သူနဲ့ ဖမ်းဆီးခံရသူတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
မိုင်းနင်းမိမှုကြောင့် ထိုနေရာတွင် သေဆုံးသူများအနက် ၃၆ နှစ်အရွယ် ကိုလှသိန်း၏ ရုပ်အလောင်းကိုသာ တစ်ဖက်ကမ်းသို့ ယူဆောင်လာနိုင်သည်၊ စစ်သားများ လျင်မြန်စွာ ရောက်ရှိလာသောကြောင့် ၇၁ နှစ်အရွယ် ဒေါ်သိန်းသိန်းလှ၊ ၄၅ အရွယ် ဦးမဲလုံးချေတို့၏ ရုပ်အလောင်းကို ယူဆောင်ခွင့်မရခဲ့ဟု သိရသည်။
မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်သူများအနက် ၃၄ နှစ်အရွယ် ကိုသိန်းဝင်း၊ ၃၆ နှစ်အရွယ် ကိုသန်းနိုင်ချေတို့ကိုသာ ဘေးလွတ်ရာသို့ သယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
ခြေနှစ်ဖက် ပြတ်သွားသည့် ၄၅ နှစ်အရွယ် ဦးကျော်လှသိန်း၊ ခြေတစ်ဖက် ပြတ်သွားသည့် ၂၁ နှစ်အရွယ် မောင်ထွန်းအေးတို့ကို ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
“အဲဒီနှစ်ယောက်ကို ကယ်ထုတ်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေကို နည်းလမ်းပေါင်းစုံနဲ့ အကူအညီတောင်းခဲ့ပေမဲ့ စကစရန်ကို ကြောက်ရလို့ အဆင်မပြေခဲ့ဘူး” ဟု ၎င်းက ပြောသည်။
ထိုနေရာ၌ ကျန်ရှိသော ရုပ်အလောင်း ၂ ခုနှင့် ခြေထောက်ပြတ်သူ ၂ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း၊ နောက်ပိုင်းတွင် ခြေထောက်ပြတ်သူတစ်ဦးမှာ စစ်တွေဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူ မည်သူဖြစ်ကြောင်း မသိရသေးပေ။
ထိုနေ့က ဒေသခံ ၁၂၀ အနက် ၇၀ ဦးခန့် ဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး ကျန်ခဲ့သည့် ၄၀ ခန့်ကို စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် မောင်မင်းမြတ်နိုင် (၄ နှစ်)၊ မသက်မွန်စိုး (၄ နှစ်)၊ မောင်မင်းကိုအောင် (၃ နှစ်)၊ မခင်သက်မွန် (၁၁ နှစ်)၊ မအေးမြတ်စံ (၁၆ နှစ်)၊ ကိုအောင်စိုးဝင်း (၂၅ နှစ်)၊ မနုယဉ်စိုး (၂၅ နှစ်)၊ မစံရင်သူ (၂၈ နှစ်)၊ မဆန်းကြည်ဌေး (၃၂ နှစ်)၊ ဒေါ်ကြာနု (၄၂ နှစ်) တို့ ပါဝင်သည်။ အခြားအမည်များကို Myanmar Now က ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆုံးအဖြတ်တိုက်ပွဲကြီးများဖြစ်လာနိုင်သဖြင့် စစ်တွေ၊ ကျောက်ဖြူမှ ဒေသခံများ လွတ်မြောက်နယ်မြေများသို့ ထွက်ခွာရန် အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ တွင် အသိပေးထားသည်။
သို့သော် စစ်ကောင်စီတပ်သည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ရခိုင်ဒေသအတွင်း တစ်မြို့မှ တစ်မြို့သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် ဒေသခံတို့ တိမ်းရှောင်ရန် အခက်တွေ့ခဲ့ကြသည်။
လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ခွာရန် ပိုခက်ခဲသွားပြီဟု ဒေသခံများက ဆိုကြသည်။
AA သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ အမ်း၊ မောင်တောရှိ စစ်စခန်းများကို ထပ်မံတိုက်ခိုက်နေသည်။
ရခိုင်ဒေသအတွင်းမှ လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟု AA က ကြေညာထားသည်။
စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟုလည်း AA က ဧပြီ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ အင်တာနက်စာမျက်နှာတွင် တိုက်ပွဲသတင်းများကို ဖော်ပြလေ့မရှိပေ။ AA အဖွဲ့က မငြိမ်မသက်ဖြစ်စေရန် လှုံ့ဆော်နေသည်၊ အရပ်သားများ သေဆုံးပြီး နေအိမ်များ မီးလောင်ခြင်းမှာ AA အဖွဲ့ကြောင့်ဖြစ်သည်ဟု စွပ်စွဲထားသည်။
တိုက်ပွဲများတွင် စစ်ကောင်စီ လေတပ်၊ ရေတပ်တို့ကပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရပ်ကွက် ကျေးရွာများ မီးလောင်ပျက်စီးကာ အရပ်သားများ သေဆုံးခဲ့ရသည်။