သတင်း

စစ်ရှောင်များကို ကူညီရန်သွားသည့် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဟောင်းကို စစ်တပ်ဖမ်း

၂၀၁၅ ရွေးကောက်ပွဲအပြီး မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်လာသူ ဒေါက်တာအောင်နိုင်ဦးကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၁၀) တွင် ဖမ်းဆီးလိုက်ပြီး ယနေ့ နံနက်အထိ ပြန်လွတ်မြောက်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီရန် သွားသည့် အသက် ၅၄ နှစ်အရွယ် ဒေါက်တာအောင်နိုင်ဦးကို ယမန်နေ့ နံနက်က မော်လမြိုင်မြို့အထွက်၌ စစ်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကားနံပါတ်နဲ့….ဖမ်းတာလို့တော့ ကြားတယ်။ ဒီကားနဲ့ ထောက်ပို့ဆိုပြီးတော့ ကားနံပါတ်နဲ့ ဘုန်းကြီးကားပါဆိုပြီးတော့ အဲဒီလိုသတင်းအရ ပိတ်ဖမ်းတာလို့တော့ ပြောတယ်။ သူတို့သွားတဲ့လမ်းမှာ ပိတ်ဖမ်းပြီးတော့ ကားပေါ်မှာပါတဲ့ ဒေါက်တာအောင်နိုင်ဦးရော သူ့အဖွဲ့တွေရော အကုန်လုံး ခေါ်သွားတယ်လို့ သိရတယ်” ဟု နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

ယခင်လကုန်က ရေတပ်နှင့် လေတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည့် ကျိုက်မရောမြို့နယ်အတွင်း ဓမ္မသကျေးရွာအပါအဝင် အနီးအနားရွာမှ စစ်ဘေးရှောင်များကို ဒေါက်တာအောင်နိုင်ဦးက ကူညီထောက်ပံ့မှုများ လုပ်ရန် ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ဘေးရှောင်အတွက် အစားအသောက်တွေ၊ လိုအပ်တာတွေ လုပ်ပေးနေတာ။ အဲ့ဒီအတွက် သွားလာနေတာ။ ဟိုဘက်ကပြောတာတော့ တိုင်ကြားချက်ရလို့ ဒီကားနံပါတ်နဲ့ တိုင်ကြားချက်ရလို့ ဖမ်းတယ်လို့ သူတို့က ပြောတယ်။ သူတို့က တောက်လျှောက် စစ်ဘေးရှောင်အရေး လုပ်ပေးနေတာ။ သူတို့ပြောသလို ထောက်ပို့နဲ့ဆိုတာက ဘယ်လိုမှ ဆက်စပ်လို့မရဘူး” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးဘဲ ယနေ့ (ဧပြီ ၁၁) နံနက်အထိ ပြန်လွတ်မြောက်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

“ပြန်တော့မလွတ်သေးပါဘူး” ဟု မိတ်ဆွေနောက်တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စစ်ကောင်စီခန့် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို Myanmar Now က ယနေ့ နံနက်တွင် ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဒေါက်တာအောင်နိုင်ဦးသည် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားပြုပြီး ချောင်းဆုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားပြုကာ ရွေးကောက်ပွဲသုံးကြိမ်ဆက် အနိုင်ရခဲ့ပြီး ၂၀၁၅ တွင် ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းသည့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ကမ်းလှမ်းမှုကို မွန် ညီညွတ်ရေးပါတီက လက်ခံရန် ဆုံးဖြတ်ခဲ့သဖြင့် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီးနောက် ဒေါက်တာအောင်နိုင်ဦးအပါအဝင် အဖွဲ့ဝင်တချို့ နုတ်ထွက်ခဲ့သည်။

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၂၁ ဖေဖော်ဝါရီ တတိယပတ်တွင် ပါတီမှ နုတ်ထွက်ပြီးနောက် လူမှုကူညီရေးလုပ်ငန်းများ၊ စာပေနှင့် ယဉ်ကျေးမှုအရေးတို့ကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်ရေးနယ်မြေများနှင့် ထိစပ်နေသော မွန်ပြည်နယ်ဒေသတချို့တွင် လက်နက်ကိုင်တော်လှန်ရေးလုပ်ကိုင်နေသူအဖွဲ့အများအပြားရှိကာ စစ်ကောင်စီနှင့် နီးစပ်ပြီး အပစ်ရပ် (NCA) ထိုးထားသော မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်သူများလည်း ရှိခဲ့သည်။

Show More

Related Articles

Back to top button