သတင်း

နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ထောင် ၁၅ နှစ်ချ

မန္တလေးမြို့မှ နာမည်ကျော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးပြီး ရှစ်လနီးပါးအကြာ ယနေ့ (ဒီဇင်ဘာ ၂၈) တွင် စစ်ကောင်စီ၏ မန္တလေးအိုးဘိုထောင်တွင်း တရားခွင်တစ်ခုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချလိုက်သည်။

အိုးဘိုထောင်တွင်းတရားခွင်၌ ယနေ့ (ဒီဇင်ဘာ ၂၈) အမိန့်ချသည့် နေ့တွင် အသက် ၄၃ နှစ်အရွယ် ဒေါ်ရွက်နုအောင်ကို ကျန်းမာစွာတွေ့ရသည်ဟု တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

“အားလုံးကျန်းမာအောင်နေကြပါလို့ပဲ (ဒေါ်ရွက်နုအောင်က) အမိန့်ချအပြီးမှာ မှာလိုက်ပါတယ်” ဟု တစ်ဦးက ပြောသည်။

ဒေါ်ရွက်နုအောင်သည် လွန်ခဲ့သည့်နှစ်နှစ် စစ်တပ် အာဏာသိမ်းချိန်ကတည်းက ဖမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများအတွက် ရှေ့နေလိုက်ပေးနေသူဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်၏ အိုးဘိုထောင်တွင်း တရားရုံးချိန်းတစ်ခုမှအပြန် ဧပြီလကုန်ပိုင်းတွင် ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းသွားခြင်းဖြစ်သည်။

တော်လှန်ရေးတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဧပြီလဆန်းတွင် ဖမ်းခံထားရသည့် မန္တလေးမြို့ခံရှေ့နေ ဦးစည်သူ၏ ထွက်ဆိုချက်ကြောင့် ဒေါ်ရွက်နုအောင်ကို အထက်ပါ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ရသည်ဟု စစ်ကောင်စီက အကြောင်းပြထားသည်ဟု တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ဒါပေမဲ့ တရားရုံး (ဒေါ်ရွက်နုအောင် စွပ်စွဲခံရမှုကို ကြားနာသည့် တရားခွင်တစ်ခု) ရောက်တဲ့အခါမှာ သူ (ဒေါ်ရွက်နုအောင်) ဒီပုဒ်မ ကျူးလွန်ခြင်းမရှိဘူး။ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ပြီး ထွက်ဆိုခိုင်းလို့ ပြောခဲ့ရတာဖြစ်ကြောင်း ဦးစည်သူက သက်သေထွက်ဆိုခဲ့တယ်” ဟု မန္တလေးမြို့ခံ ရှေ့နေတစ်ဦးက ပြီးခဲ့သည့်လတွင် Myanmar Now ကို ပြောထားသည်။

ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် ဒေါ်ရွက်နုအောင်မှာ မန္တလေးတိုင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးခံရသည့် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကဲ့သို့ ထင်ရှားသော နိုင်ငံရေးအသိုင်းအဝိုင်းဘက်မှ ဒေါ်ရွက်နုအောင်က အမှုလိုက်ပါဆောင်ရွက်နေသည်။

၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရပြီး အများက ဗစ်တိုးရီးယားဟု သတ်မှတ်ခေါ်ဆိုကြသည့် ကမ္ဘာသိအမှုတွင် နစ်နာသူ မူကြိုအရွယ် မိန်းကလေးဘက်မှ ဒေါ်ရွက်နုအောင်က ရှေ့နေလိုက်ပေးခဲ့သည်။

ထို့ပြင် ၎င်းသည် Myanmar Now သတင်းဌာန အယ်ဒီတာတစ်ဦးဖြစ်သူ ကိုဆွေဝင်းကို မန္တလေးတွင် အမျိုးသားရေးသမားဆိုသူများ၊ မဘသများက တရားစွဲဆိုမှုတွင် ရှေ့နေလိုက်ပေးခဲ့ပြီး ထိုတရားရုံးချိန်းများတွင် မဘသများ၏ ခြိမ်းခြောက်ပြောဆိုမှုများကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

စစ်ကောင်စီက အစိုးရခေါင်းဆောင်များ၊ ရှေ့နေများအပါအဝင် အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြားကို ပုဒ်မမျိုးစုံနှင့် စွပ်စွဲအမှုဖွင့်ကာ ထောင်ချနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button