သတင်း

မန္တလေးတွင် ရှေ့နေနှစ်ဦး ထပ်မံဖမ်းဆီးခံရ

နိုင်ငံရေးပုဒ်မနှင့် တရားစွဲဆိုခံထားရသူများဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေများ ဆက်တိုက် ဖမ်းဆီးခံနေရသည့် မန္တလေးတွင် ဇူလိုင် ၉ ရက်က ရှေ့နေနှစ်ဦး ထပ်အဖမ်းခံရကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ထိုနေ့က ဖမ်းဆီးခံရသည့် ရှေ့နေနှစ်ဦးမှာ အသက် ၂၅ နှစ်အရွယ် မအေးမြတ်ရူပါနှင့် ၄၀ နှစ်ဝန်းကျင်ရှိ ကိုထွန်းထွန်းဇော်တို့ဖြစ်ပြီး မဟာအောင်မြေမြို့နယ် (၆၄) လမ်းနှင့် (၃၄) လမ်းထောင့်ရှိ ရုံးခန်းတွင် ရှိနေစဉ် စစ်ကောင်စီက အင်အားအများအပြားဖြင့် လာဖမ်းသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။

“ဘာ့ကြောင့်ဖမ်းခံရလဲတော့ မသိရသေးဘူး။ သူတို့က နိုင်ငံရေးအမှုတွေလည်း လိုက်တယ်။ အခြားအမှုတွေလည်း လိုက်ပါတယ်။ ခုချိန်ကတော့ နိုင်ငံရေးအမှုတွေက များတာကိုး။ ဒါ့ကြောင့်လို့ ထင်ပါတယ်။ ဖမ်းပြီး ခုထိ အဆက်အသွယ်တော့ မရသေးဘူး” ဟု ဇူလိုင် ၁၀ ရက်တွင် ၎င်းက ပြောသည်။

မန္တလေးတွင် လွန်ခဲ့သည့် ၁၀ ရက်ကပင် အိုးဘိုထောင်အတွင်း ပြုလုပ်သည့် ရုံးချိန်းတစ်ခုမှ အပြန်လမ်းတွင် ရှေ့နေဦးတင်ဝင်းအောင်နှင့် ဇနီးဖြစ်သူ ဒေါ်သဲစုနိုင်၊ ရှေ့နေဦးသုတတို့ကို စစ်ကောင်စီက ဖမ်းသွားသေးသည်။

သို့သော် ယနေ့တိုင် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်။ စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ရှေ့နေတစ်ဦး ဒဏ်ရာအပြင်းအထန်ရ၍ အိုးဘိုထောင်အတွင်း ဆေးရုံတွင် ကုသမှုခံယူနေရသည်ဆိုသော သတင်းများလည်း ထွက်နေသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ဘယ်သူလဲတော့ အတည်မပြုနိုင်သေးဘူး။ သိခွင့်မရသေးဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မန္တလေးတွင် နိုင်ငံရေးအမှုလိုက်ပါဆောင်ရွက်သည့် ရှေ့နေ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဧပြီ ၂၈ ရက်တွင် စစ်ကောင်စီက ဖမ်းသွားပြီး ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မ တပ်ကာ တရားစွဲသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။ 

ထိုအခြေအနေတွင် နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်ပေးနေသည့် မန္တလေးမှ ရှေ့နေအချို့ တိမ်းရှောင်နေရကြောင်း ထိုအသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“တရားရုံးလည်း မသွားဖြစ်တော့ဘူး။ အခြေအနေတွေက ရှေ့နေတွေဘက် လှည့်လာပြီ။ ဖမ်းလာပြီ။ ကျွန်မတို့လည်း ရှောင်နေရပြီပေါ့နော်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင်လည်း နိုင်ငံရေးအမှုလိုက်ရှေ့နေများ အလားတူ ကြုံနေရပြီး စစ်ကောင်စီ၏ စွပ်စွဲမှုမျိုးစုံကြုံရသူတို့မှာ ရှေ့နေမပါဘဲ အမှုရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်များချခံရသည့် အခြေအနေပင် ဖြစ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ယခုကဲ့သို့ ဆက်တိုက်ဖမ်းဆီးခြင်းများ မပြုမီကပင် ရှေ့နေများကို ဖိအားပေးခြင်းများရှိခဲ့သည်။ နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့်အဖွဲ့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပြောရေးဆိုခွင့် ပိတ်ပင်ခဲ့ဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကြောင်းကြေညာချိန်ကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ပြောထားသည့် စစ်ကောင်စီကမူ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲမှာ ၂၀၁၁ ခုနှစ်ကတည်းက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးထွန်းထွန်းဦးဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကို အခြားသူတစ်ဦးဖြင့် အစားထိုးခဲ့သော်လည်း တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုမူ ဆက်လက်ထားရှိခဲ့သည်။

ရှေ့နေချုပ်နှင့် တရားသူကြီးချုပ် နှစ်ဦးလုံးမှာ နာမည်ဆင်တူသလို တပ်မတော်အရာရှိဟောင်းများလည်း ဖြစ်ကြသည်။ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှာ အနောက်တောင်ပိုင်းတိုင်းစစ်ဌာချုပ်နှင့် စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button