ဆောင်းပါး

စစ်မီးလျှံကြားက ထမင်းမငတ်ရန် ဆုတောင်းနေရသည့် တောင်သူများ

အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော မြန်မာပြည်အနောက်ဘက် စစ်ကိုင်းတိုင်းဒေသ၏ မြို့နယ်တစ်ခုဖြစ်သော ခင်ဦးမြို့နယ် သရက်ကုန်းရွာရှိ စိုက်ပျိုးမြေများမှာ တစ်ချိန်က အနီးရှိ ကာဘိုးဟုခေါ်သော ဆည်မှ ရေဖြင့် ရွာသူရွာသားများ စိုက်ပျိုးရေးကောင်းစွာ လုပ်ကိုင်နိုင်ခဲ့သော ရွာတစ်ရွာဖြစ်သည်။ 

သို့ရာတွင် ထိုရွာရှိ စိုက်ပျိုးမြေများမှာ ယခုအခါ အစွန့်ပစ်ခံ ယာခင်းပျက်များသဖွယ်ဖြစ်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် ခင်ဦးမြို့သည် ရှေ့တန်းမှ ပါဝင်သည့် မြို့နယ်တစ်ခုသည်။

ထိုအတောအတွင်း စစ်တပ်လက်ချက်ဖြင့် အစစအရာရာ ချွတ်ခြုံကျသွားသည့် ကျေးရွာများအနက် သရက်ကုန်းမှာ နမူနာတစ်ခုပင်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်တပ်နှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီးတို့က သရက်ကုန်းရွာကို ဝင်ရောက်စီးနင်းရာ အိမ်ခြေ ၂၀၀ ကျော်အနက် နေအိမ် ၇၀ ကျော် မီးရှို့ခံရကာ အများစုမှာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရသည်ဟု​ ဒေသတွင်းသတင်းရင်းမြစ်များက အတည်ပြုထားသည်။

ထိုဖြစ်စဉ်အတွင်း အသက်လုပြေးခဲ့ရသလို ကျေးရွာသားများပိုင်ဆိုင်သည့် ဧကရာချီသည့် စိုက်ခင်းများကိုလည်း ပစ်ထားခဲ့လိုက်ရသည်ဟု ပဲတီစိမ်း ၂ ဧကခွဲ စိုက်ထားသည့် သရက်ကုန်းရွာမှ လယ်သမား ကိုစောမြင့်လွင်က ပြောပြသည်။

နဖူးကချွေး ခြေမကျအောင် ရွှံ့ထဲဗွက်ထဲ ရုန်းကန်ကာ ရှာဖွေစုဆောင်းထားသည့် ပိုင်ဆိုင်မှုအားလုံး ကုန်းကောက်စရာမရှိအောင် ဆုံးရှုံးသွားပြီး လယ်ယာလုပ်ငန်း ဆက်မလုပ်နိုင်လောက်အောင် အခြေပျက်၊ အနေပျက်ဖြစ်သွားကြောင်း ၎င်းကပြောသည်။

“ဘာမှကို မရှိတော့ဘူး။ ဝမ်းနည်းပက်လက်ဖြစ်စရာပေါ့။ မျက်ရည်တောက်တောက် ကျစရာပေါ့။ အပင်တွေအာလုံး ကြည့်လိုက်ရင်လည်း‌ ခြောက်သွေ့ပြီးတော့ ရွာကြီးက တလင်းပြင်ကြီးလိုပေါ့။ အိပ်မက်တစ်ခုလိုပါပဲ”။

လယ် ၁၁ ဧကတွင် သီးစားအဖြစ် ၂ နှစ်လုပ်ကိုင်၍ သုံးနှစ်ကြာ တစ်ဆင့်ချင်း တည်ဆောက်ခဲ့ရသော ကျပ်သိန်း ၃၅၀ တန် နှစ်ထပ်အုတ်တိုက် အိမ်ကလေးမှာ ၁၅ ရက်ပင် ပြည့်အောင် မနေခဲ့ရဘဲ မီးဘေးသင့်ခဲ့ရသည်ဟု ကိုစောမြင့်လွင်က ပြောသည်။

ကျပ် ၂၂ သိန်းတန် လက်တွန်းထွန်စက်လည်း မီးလောင်သွားကြောင်း၊ ဆိုင်ကယ်အပိုပစ္စည်းမှအစ ကုန်မျိုးစုံရောင်းချသည့် ဈေးဆိုင်မှ ပစ္စည်းများစွာ ဆုံးရှုံးသွားကြောင်း၊ အရွယ်မရောက်သေးသည့် ကလေးငယ်လေးဦး၏ ဖခင်ဖြစ်သူ ၎င်းက ဆက်ပြောသည်။

မီးရှို့ခံရမှုကြောင့် လူနေအိမ်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ ဝမ်းစာဆန်နှင့် မကြာမီ စိုက်ပျိုးရမည့် ကောက်ကြီးစပါးအတွက် မျိုးစေ့ပါမကျန် ဆုံးရှုံးသွားသည်ဟု ကိုစောမြင့်လွင်က ပြောပြသည်။

အသက်ဘေးလွတ်ရန် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ၎င်းတို့မိသားစုမှာ ယနေ့တိုင် လယ်ယာလုပ်ငန်းကို ဦးမလှည့်နိုင်သေးပေ။

စစ်ကောင်စီ၏ နေ့စဉ် စစ်ရေးလှုပ်ရှားမှုများအတွင်း ကျေးရွာများ ဆက်တိုက်မီးရှို့ခံနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ တောင်သူလယ်သမားများသာ လယ်ယာလုပ်ငန်း အခက်တွေ့နေကြသည်တော့ မဟုတ်ပါ။

လက်နက်ကိုင်ခုခံမှု နည်းပါးသည့် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အာဏာသိမ်းပြီးနောက် လောင်စာဆီ၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ကျေးလက်နေသူတို့၏ အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းမှာ အကျပ်အတည်းပေါင်းစုံဖြင့် ရင်ဆိုင်နေရသည်။ 

လယ်ကွင်းများက စစ်တလင်းပြင်ဖြစ်လာ

ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကို ဖြုတ်ချပြီး ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းကာ ပြည်သူအများအပြားကို သတ်ဖြတ်လိုက်ပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းတွင် ရရာလက်နက် စွဲကိုင်တော်လှန်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာသည်။

စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းကို အကြီးအကျယ် စစ်ဆင်ရေးဆင်နွဲနေပြီး ဆန့်ကျင်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခေါင်းမထောင်နိုင်စေရန် ကျေးရွာများကို မီးရှို့ကာ နေ့စဉ်နှင့်အမျှ အကြမ်းဖက်ချေမှုန်းနေသည်။

မိရိုးဖလာ တောင်သူယာလုပ် ဓားမခုတ် လုပ်ကိုင်ခဲ့သည့် လယ်သမားများသည် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားလျက်ရှိရာ ခေတ်အဆက်ဆက် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးသည့် စစ်ကိုင်းတိုင်းမှာ ထိခိုက်မှုအများဆုံးဖြစ်လာသည်။

အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ ဇွန် ၇ရက် စာရင်းအရ စစ်ကောင်စီလက်ချက်ဖြင့် တစ်နိုင်ငံလုံး မီးရှို့ခံရသည့် နေအိမ် ၂၀,၀၀၀ နီးပါးရှိရာ ၁၄,၀၀၀ ဝန်းကျင်မှာ စစ်ကိုင်းတိုင်းအတွင်းမှဖြစ်သည်။

အာဏာမသိမ်းမီက နွေစပါး၊ မိုးစပါး နှစ်သီးလုံးစိုက်ပျိုးနိုင်၍ စီးပွားရေးအဆင်ပြေခဲ့သော်လည်း ယခုအခါ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများ၊ တွန်းလှန်စစ်ပွဲများကြောင့် စစ်တလင်းဖြစ်လာပြီး အရာရာ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ကြောင်း သရက်ကုန်းရွာသား ကိုစောမြင့်လွင်က ဆိုသည်။ 

“အခုဆိုရင် လမ်းတွေလည်း ခြောက်နေပြီ။ လူတွေလည်း အသွားအလာမရှိကြတော့ဘူး။ အိမ်တွေလည်း အဖျက်အဆီးခံရတဲ့အိမ်တွေ အများကြီးပဲပေါ့။ လူတွေလည်း အကုန်ဘဝပျက်ပြီးတော့ ဒုက္ခသည်တွေ ဖြစ်ကုန်ပြီ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းသည် ဧရာဝတီနှင့် ပဲခူးတိုင်းပြီးလျှင် စပါးအများဆုံးစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်သလို ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲနှင့် နှမ်းတို့ အများဆုံးစိုက်ပျိုးသည်။ ပြည်တွင်းစားသုံးရန် ဆန်နှင့် ဆီဖူလုံရေးအတွက် အရေးပါသည့် စိုက်ပျိုးရေးနယ်မြေတစ်ခုလည်းဖြစ်သည်။ 

စစ်ကောင်စီတပ်၏ မီးရှို့ခံရသည့် ရွှေဘိုခရိုင်ထဲမှ ကျေးရွာအများအပြားမှာ ပဲတီစိမ်းစိုက်ခင်းများကို မရိတ်သိမ်းနိုင်ဘဲ စွန့်ပစ်ထားလိုက်ရသလို ကောက်ကြီးစပါး စိုက်ပျိုးရန်လည်း မရေမရာဖြစ်လာကြောင်း ကန့်ဘလူမြို့နယ်၊ ထန်းတောရွာမှ လယ်ဧက ၂၀ စိုက်ပျိုးသည့် လယ်သမားတစ်ဦးက ပြောသည်။

“အာဏာမသိမ်းခင်က ဒီအချိန်မှာ ပဲစင်းငုံတွေ စိုက်ပြီးပြီ။ လယ်တွေဆိုလည်း စလုပ်ပြီးတော့ ပျိုးထောင်ပြီး စိုက်နေပြီ။ အခုအချိန်မှာတော့ လယ်တွေဆို သမန်းတောင် မလုပ်ရသေးဘူး။ မြေပဲ၊ ပဲစင်းငုံဆိုလည်း လုံးဝမစိုက်ရတဲ့သူတွေရှိတယ်” ဟု ၎င်းက ဆိုသည်။ 

လယ်ယာမလုပ်နိုင်ပါက လယ်သမားများအနေဖြင့်​ စားဝတ်နေရေးကျပ်တည်းနိုင်ပြီး လက်ရှိတွင်လည်း နေအိမ်မီးရှို့ခံရသူများနှင့် လက်လုပ်လက်စားအချို့မှာ ထမင်းနှပ်မမှန်ဖြစ်လာသည်ဟု ၎င်းက ဆိုသည်။

ထန်းတောရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က မေ ၂၆ ရက်တွင် ရွာကို ဝင်ရောက်စီးကာ နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ရွာသို့ ထပ်ရောက်လာနိုင်ခြင်းတို့ကြောင့် လယ်လုပ်ငန်း ဆက်လက်လုပ်ကိုင်ရာတွင် ထိတ်လန့်နေရသည်ဟု အထက်ပါလယ်သမားက ဆိုသည်။

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် လယ်ပံပင်ကျေးရွာအနီးတွင် မေလအတွင်း တွေ့ရသည့် ပဲတီစိမ်းစိုက် တောင်သူများ။ ဓာတ်ပုံ − Myanmar Now

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေသည့် ချောင်းဦးမြို့နယ် တောင်ဘက်အခြမ်းရှိ လယ်ကွင်းများမှာလည်း စစ်တလင်းဖြစ်လာပြီး စိုက်ပျိုးရေးမလုပ်နိုင်တော့ကြောင်း Farmers Revolution Force (ချောင်ဦး) အဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ဒေါင်းမင်းဆိုသူက ပြောသည်။

အသက် ၃၈ နှစ်အရွယ် ဗိုလ်ဒေါင်းမင်းမှာ လေးတန်းနှင့် ကျောင်းထွက်ကာ လယ်လုပ်ခဲ့သူဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် လယ်လုပ်ငန်းဖြင့် အသက်မွေးနိုင်သည့် မျှော်လင့်ချက်ပါ ပျောက်ဆုံးသွားသဖြင့် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“တော်လှန်စိတ်က ၁၀၀ ရာခိုင်နှုန်းရောက်ကုန်ပြီ။ မလုပ်လည်း သေရုံပဲဖြစ်နေကြတော့ မထူးဘူးဗျာ။ အသေတော့ မခံနိုင်ကြတော့ဘူး။ သေလည်း ကောင်းသောသေခြင်းနဲ့ပဲ ကျွန်တော်တို့ တော်လှန်ရေးကို လုပ်ခဲ့ရတာပေါ့” ဟု သူက ဆိုသည်။

တိုက်ပွဲမဖြစ်ပွားသေးသည့် ကျေးရွာများ၊ ပြေလည်နေသေးသည့် အပေါင်းအသင်းမိတ်ဆွေများထံမှ ဆန်၊ အစားအစာနှင့် အဝတ်အထည်များ အလှူခံကာ မျှဝေစားသောက်ရကြောင်း ၎င်းက ဆိုသည်။

“တချို့က စိုက်မရဘူး။ စိုက်ရပြန်တော့လည်း အရောင်းအဝယ်က အဆင်မပြေတော့ဘူးပေါ့။ အဲဒီတော့ လုပ်မရတဲ့အတူတူ (ရသည့်သီးနှံ) ပြန်ကူညီရတာတွေနဲ့ ရောင်းစားဖို့ မရောက်တော့ဘူးပေါ့။ တချို့လည်း ရောက်တာပေါ့။ အများစုက ကူညီရတာပါ။ တစ်ခုရှိရင် တစ်ဝက်စီပေါ့” ဟု သူက ဆက်ပြောသည်။

တိုက်ပွဲပြင်းထန်သည်ဖြစ်စေ မပြင်းထန်သည်ဖြစ်စေ အချိန်မရွေး အသက်အန္တရာယ်စိုးရိမ်ရခြင်းကြောင့် ပိုင်ဆိုင်သည့်လယ်ယာကို ဇောက်ချမလုပ်ကိုင်နိုင်တော့ကြောင်း မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းမြို့အနီး ရွာသစ်ကြီးကျေးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထယ်ထိုးနေချိန်၊ နွားကြောင်းနေချိန်တွင် ဒေသခံရွာသားများကို စစ်တပ်က ပစ်သတ်သည့် သတင်းများကြောင့် အလှမ်းဝေးသည့် တောများ၌ လယ်ယာမလုပ်တော့သလို နေဝင်မိုးချုပ်သည်အထိ တောတောင်ထဲတွင် မနေရဲကြတော့ကြောင်း ၎င်းက ဆိုသည်။

ရွာသစ်ကြီးကျေးရွာသည် မြစ်ချောင်းများအတွင်းမှ ဒီဇယ်အင်ဂျင်ဖြင့် ရေစုပ်တင်ကာ စပါးစိုက်သည့် ဒေသဖြစ်ပြီး တစ်ဟုန်ထိုးမြင့်တက်နေသည့် လောင်စာဆီဈေးကြောင့် စိုက်ပျိုးရေးစရိတ် ကြီးမြင့်လာပြီး ဧကရှိသလောက် မစိုက်ပျိုးနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

“တထိတ်တလန့်နဲ့ နေရ၊ မစိုက်ဘဲနဲ့လည်း နေလို့မရ၊ စိုက်ရပြန်တော့လဲ သူတို့ (စစ်တပ်) လုပ်လိုက်လို့ ပြေးရ။ အဲ့လိုမျိုးတွေဖြစ်တာဆိုတော့ တအားကြီးကို ဒုက္ခရောက်တယ်။ ကျွန်မတို့ရွာမှာဆို ငတ်တဲ့အိမ်တွေတောင် ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

ဘုန်းကြီးကျောင်းမှ ဆွမ်းကျန်ကွမ်းကျန်များကို အိမ်ထောင်စု ၁၅ စုခန့်က သွားတောင်းစားသည့် အခြေအနေဖြစ်နေကြောင်း ထိုအမျိုးသမီးက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အချိန်မရွေး မီးရှို့ခံရနိုင်သောကြောင့် လယ်ယာ၊ ကျွဲနွားပိုင်ဆိုင်သူများမှာ ပို၍ ဒုက္ခရောက်ကြောင်း၊ ပိုင်ဆိုင်မှုများရောင်းချမည်ဆိုသော်လည်း စစ်မက်ဖြစ်နေ၍ ဝယ်သူနည်းသလို ဈေးအနှိမ်ခံရကြောင်း သူက ဆိုသည်။

စစ်တလင်းဖြစ်သွားသည့်ဒေသနှင့် မီးရှို့ခံရသည့်ရွာများတွင် စိုက်ပျိုးထုတ်လုပ်မှုထိခိုက်သော်လည်း စိုက်ဧကအားလုံးပျက်စီးခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထိတွေ့မှုရဲ့အတိုင်းအတာပေါ် မူတည်ပြီး ပျက်စီးဆုံးရှုံးမှုရှိနိုင်တယ်ပေါ့။ တောင်သူတွေဘက်က စိုးရိမ်ပြီးတော့ ရှောင်ပြေးရတာတို့ ထွက်ပြေးရတာတို့ အဲဒီလိုမျိုးတွေလုပ်ကြရတော့ ဂရုမစိုက်နိုင်ဘူး။ ဂရုမစိုက်နိုင်တဲ့အခါကျတော့ (သီးနှံ) ထွက်သင့်သလောက် မထွက်ဘူးပေါ့” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်း အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း မြို့နယ် ၁၁ ခုတွင် စိုက်ပျိုးရေးထိခိုက်ကြောင်း၊ ပြည်ပကို ဆန်စပါးတင်ပို့နေသည့် ဆန်ကုန်သည်ကြီးတစ်ဦးလည်းဖြစ်သူ ၎င်းက ပြောသည်။

စစ်ကိုင်းနှင့် ဆက်လျက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတွင်မူ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများရှိနေသော်လည်း စိုက်ပျိုးရေးလုပ်ငန်းထိခိုက်သည့် မြို့နယ် ၃ ခုသာရှိသည်ဟု အထက်ပါ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီနှင့် မေလတွင် မိုးစပါးစိုက်ဧက ၁၆ သန်းကျော်သာ စိုက်နိုင်ပြီး အာဏာမသိမ်းမီကထက် ၉ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ယခုနှစ်ဆန်းတွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ်အတွင်း ဧပြီလက  စစ်ကောင်စီတပ်ဖွဲ့ မီးရှို့သွားသည့် စပါးကျည်။ ဓာတ်ပုံ-KNDF

စစ်ဒဏ်မသင့်သော်လည်း ကုန်စျေးနှုန်းဒဏ် ရင်ဆိုင်နေရ 

စစ်ပွဲမရှိသဖြင့် စိုက်ပျိုးရေးကောင်းစွာ လုပ်နိုင်သော ကင်းတားဆည်ရေသောက်ဧရိယာဖြစ်သည့် မန္တလေးတိုင်း မြစ်သားမြို့နယ် လယ်ပံပင်ကျေးရွာအနီး တစ်မျှော်တစ်ခေါ် မြင်ရသည့် ပဲတီစိမ်းစိုက်ခင်းများတွင် ပဲတီစိမ်းကောက်သူများဖြင့် စည်ကားနေသည်။ သို့သော် အာဏာသိမ်းမှုဂယက်မှာ ထိုနေရာသို့ တစ်နည်းတစ်ဖုံ ရိုက်ခတ်နေပြန်၏။

သီးနှံရိတ်သိမ်းချိန်တွင် အလုပ်သမားရှားသဖြင့် အခြားမြို့နယ်များမှ အလုပ်သမားများ ခေါ်ယူနေရပြီး လိုသလောက်မရ၍ ပဲတီစိမ်းမကောက်နိုင်သည့် စိုက်ခင်းများပင်ရှိကြောင်း ဒေသခံလယ်သမားများက ပြောသည်။ ထိုရွာတွင် ပဲတီးစိမ်း၊ ကုလားပဲနှင့် စပါးတို့ကို နှစ်စဉ်စိုက်သည်။ 

မိုးဦးကောင်းသဖြင့် စိုက်ခင်းတချို့ပျက်စီးသော်လည်း တောင်သူအများစုမှာ ပဲတီစိမ်းရသည့်ပြင် မိုးစပါးလည်းပုံမှန်စိုက်ပျိုးနိုင်မည်ဟု စပါးဧက ၄၀ ကျော်စိုက်သည့် လက်ပံရွာမှ အသက် ၇၀ ကျော်အရွယ် လယ်သမားတစ်ဦးက ဆိုသည်။

“ပဲတီစိမ်းဧကရှိသ‌လောက်လုပ်မယ်ဆိုရင် ကောက်လို့တောင် နိုင်မှာမဟုတ်ဘူး။ နောက်ပြီး ဒီဘက်က မိုးစပါးဆိုလည်း တအားရကြတယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်က ပဲတီစိမ်း ၅၆ ဒသမ ၂၅ ပိဿာဝင်တစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်ရှိသော်လည်း ယခုနှစ်တွင် ၁၄၇,၀၀၀ ကျပ် ဈေးရှိလာကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းမန္တလေး၏ ကုန်စည်ဈေးနှုန်းများတွင် ဖော်ပြထားသည်။

ဒေသပေါက်ဈေးအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင် ၄၈,၀၀၀ ကျပ်အထိ ရရှိပြီး တစ်တင်းအတွက် ကုန်ကျစရိတ်မှာ ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိကြောင်း၊ သီးနှံရောင်းချရန် အခက်အခဲမရှိကြောင်းလည်း လက်ပံပင်ရွာလယ်သမားများက ပြောသည်။

သို့သော် အာဏာသိမ်းပြီးနောက် နယ်စည်းမခြား မြင့်တက်နေသည့် စက်သုံးဆီနှင့် လယ်ယာလုပ်ငန်းသုံး ဆေးဝါး၊ ပစ္စည်း ဈေးနှုန်းများကို ထိုဒေသရှိ တောင်သူများလည်း ခံနေရသည်။

၎င်းတို့ဒေသတွင် စိုက်ပျိုးရေးထိခိုက်မှုနည်းသော်လည်း အာဏာသိမ်းမှုကို လက်မခံကြောင်း ယခင်စစ်အစိုးရခေတ်အဆက်ဆက်တွင် လယ်သမားတစ်ဦး စပါး ၁၅ တင်းချန်ပြီး အစိုးရကို ပေးသွင်းရခြင်း၊ အဓ္ဓမလုပ်အားပေးခိုင်းစေခြင်း ကြုံခဲ့ဖူးသဖြင့် သမိုင်းလှည်းဘီးတစ်ပတ် ပြန်မလည်စေလိုတော့ကြောင်း သူက ဆက်ပြောသည်။

ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကန့်သတ်ချက်ကြောင့် ၂၀၂၁ တွင် အာဏာမသိမ်းမီနှစ်ထက် မြေဩဇာဈေးနှစ်ဆ၊ ပေါင်းသတ်ဆေး သုံးပုံတစ်ပုံနှင့် လယ်ယာသုံးစက်များ ငှားရမ်းခ ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အထက်ပါအစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၂ တွင် စစ်ကောင်စီက နိုင်ငံခြားငွေများကို ထိန်းချုပ်လိုက်ပြီးနောက် သွင်းအားစုဈေးနှုန်းများ ထပ်မံမြင့်တက်လာကာ ယခင် မြေဩဇာလေးအိတ်ကို ကျပ်တစ်သိန်းဖြင့် ရနိုင်သော်လည်း ယခုအခါ တစ်အိတ်သာရကြောင်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ လယ်သမား ဦးဋ္ဌေးနိုင်က ဆိုသည်။

ထို့ကြောင့် စိုက်စရိတ်သက်သာသည့် စပါးတိုက်ရိုက်အစေ့ကြဲသည့်စနစ်ကို ကျင့်သုံးလာသည့်ပြင် မြေဩဇာလည်း လျှော့ကျွေးလာခြင်းကြောင် စပါးအထွက်နှုန်းကျဆင်းနိုင်သည်ဟု သူက ဆိုသည်။

သို့သော် မိသားစုဝမ်းစာရေးအတွက် လယ်ထဲယာထဲ ဆက်လက်ရုန်းကန်နေရကြောင်း၊ လက်ရှိတွင် စပါးနှင့် ပဲဈေး ဦးမော့လာသဖြင့် ခုသာခံသာရှိနေကြောင်း သူက ဆိုသည်။ 

ဆင်းသုခ၊ မနောသုခ၊ ရာကျော် စသည့် စပါးအမျိုးအစားတို့မှာ တင်း ၁၀၀ လျှင် ကျပ် ၉ သိန်းနှင့် ၁၀ သိန်း ဈေးပေါက်ပြီး မိုးစပါးပေါ်ချိန်တွင် ၇ သိန်းနှင့် ၈ သိန်းကြား ရောင်းရပါက တွက်ခြေကိုက်နိုင်သည်။ အာဏာမသိမ်းမီက မိုးစပါးတင်း ၁၀၀ လျှင် ၅ သိန်းကျော် ၆ သိန်းပတ်ချာလည်ဈေးရှိသည်။

ယခင်က စပါးတစ်ဧကလျှင် ကုန်ကျစရိတ် ယခင်က ၃ သိန်းကျော်ရှိသော်လည်း ယခုအခါ ၄ သိန်းခွဲခန့် ကုန်ကျနိုင်ခြင်းကြောင့် စပါးပေါ်ချိန်တွင် ဈေးကောင်းမှသာ အကျိုးအမြတ်ရှိနိုင်သည်ဟု ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ လယ် ၁၄ ဧက စိုက်သည့် လယ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် စပါးဈေး ၉ သိန်းကျော် ဖြစ်လာခြင်းမှာ မကွေးနှင့် စစ်ကိုင်းတွင် စိုက်ပျိုးရေးမလုပ်နိုင်သဖြင့် အထွက်နှုန်းကျဆင်း၍ဖြစ်ကြောင်း၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် စသည့် ဒေသများတွင်ပါ မစိုက်ပျိုးနိုင်ပါက ပြည်တွင်းဆန်ဖူလုံမှုကို ထိခိုက်နိုင်ကြောင်း သူက ကောက်ချက်ချသည်။

အခြေခံစားသောက်ကုန်ဈေးမြင့်တက်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုအကန့်အသတ်ဖြစ်လာခြင်းတို့ကြောင့် မြန်မာ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်း (လူဦးရေ ၁၂ သန်း​) အစားအစာမဖူမလုံဖြစ်နိုင်သလို ၁ ဒသမ ၂ သန်းမှာ စာနပ်ရိက္ခာမလုံလောက်မှု ကြုံရနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူကမူ ပြည်တွင်းစာနပ်ရိက္ခာဖူလုံမှုအပြည့်အဝရှိကြောင်း ပြောသည်။

“ပြည်တွင်းစားသုံးမှုကတော့ ဖူလုံမှုရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတက်တာကတော့ တောင်သူတွေရဲ့ စိုက်ပျိုးစရိတ်က တက်သွားတာကိုး၊ အရင်က သုံးစွဲတဲ့ ဓာတ်မြေဩဇာစရိတ်တွေ၊ အရင်က သုံးစွဲတဲ့ စက်သုံးဆီ ဒီဇယ်ဈေးတွေနဲ့ မတူတော့ဘူးလေ” ဟု သူက ဆိုသည်။

အခြေခံပြည်သူလူထုစားသုံးသည့်ဆန်သည် အကြမ်းဖျင်းအားဖြင့် တစ်ပြည်လျှင် ၁,၀၀၀ ကျပ်ရှိရာမှ ယခုအခါ ၁,၃၀၀ မှ ၁,၄၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းထားသော်လည်း အိမ်နီးချင်း တရုတ်အပါအဝင် နိုင်ငံပေါင်း ၄၀ ကို ဆန်ပုံမှန်တင်ပို့နေပြီး နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းဝန်းကျင်၊ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တင်ပို့နိုင်ကြောင်း အထက်ပါ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူက ဆိုသည်။ 

ပြီးခဲ့သည့်နှစ်တွင် ပဲမျိုးစုံမှာ ပို့ကုန်ဝင်ငွေ ၁ ဒသမ ၅ ဘီလျံကျော်အထိရှိပြီး ယခုအခါ စစ်ကောင်စီက လိုင်စင်လျှောက်ပြီးမှ တင်ပို့ခွင့်ပြုမည်ဖြစ်သောကြောင့် ထိခိုက်မှုရှိမရှိ ဆက်လက်စောင့်ကြည့်ရမည်ဟု ထိုသူကပင် ဆက်ပြောသည်။

အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ အိုးအိမ်မီးလောင်ပျက်စီးဆုံးရှုံးမှု အခြေပြမြေပုံ။ အချက်အလက် – Data For Myanmar

စစ်အာဏာသိမ်းမှုကြောင့် လယ်ယာလုပ်ငန်းမှာ မျှော်လင့်ချက်မှေးမှိန်လာသလို တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းကဲ့သို့ နေရာများတွင် ဘယ်မှာနေ၍ ဘယ်မှာထိုင်ရမှန်းမသိတော့သည် လယ်သမားများရှိကြောင်း သရက်ကုန်းကျေးရွာ လယ်သမား ကိုစောမြင့်လွင်က ဆိုသည်။

“ကျွန်တော်တို့ဆိုတာက အသက်အရွယ် ငယ်သေးတယ်။ ရုန်းကန်နိုင်သေးတယ်။ ကျွန်တော့်မိဘပေါ့။ မိန်းမသားပဲရှိတဲ့ (အမေ့) အိမ်ဆိုရင် သူတို့ဆိုရင် အခု ဘာမှ ကုန်းကောက်စရာမရှိဘူး။ ဘယ်မှာနေလို့ ဘယ်မှာထိုင်ရမှန်း မသိဘူး။ အဲ့လို စီးပွားရေးပြဿနာတွေ အခက်အခဲတွေ အများကြီးတွေ့ရတာပေါ့”။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အေးအေးလူလူ စိုက်ပျိုးနေနိုင်သေးသည့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ လယ်သမား ဦးဌေးနိုင်ကပင် ထိုသို့ ညည်းညူသည်။

“ဒီအတိုင်းသွားနေမယ်ဆိုရင် အကြွေးမတင်အောင်နဲ့ ထမင်းဝအောင်စားဖို့လောက်ပဲ မျှော်မှန်းလို့ရမယ်။ ဒီနှစ် သီးနှံပေါ်ရင် ရွှေဝယ်စုမယ်တို့၊ ထွန်စက်ဝယ်မယ်တို့၊ အိမ်ဆောက်မယ်တို့၊ အလှူလှူမယ်တို့ပေါ့။ အဲဒီမျှော်လင့်ချက်တွေကတော့ လုံးဝမှေးမှိန်သွားပြီ”။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button