
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်းက ယနေ့ (နိုဝင်ဘာ ၂၆) နံနက်ပိုင်းတွင် လူနေအိမ်နှစ်လုံးကို ဖြိုဖျက်ကာ ခြံစည်းရိုးခတ်သည့်အတွက် ဒေသခံတောင်သူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ်၊ ဝါးနက်ကျေးရွာနှင့် ကျွဲနဖားကျေးရွာကြားရှိ မြေနေရာရှိ လူနေအိမ်နှစ်လုံးကို တပ်မတော်သားဟု ယူဆရသူ ၁၅၀ ခန့်နှင့် ရဲအင်အား ၁၀၀ ဝန်းကျင်က ဖြိုဖျက်ကာ ခြံစည်းရိုးခတ်ခဲ့သည်ဟု နေအိမ်ဖျက်ခံရသူများက ဆိုသည်။
“ကျွန်မတို့က တပ်မတော်အနေနဲ့ ပိုင်ဆိုင်မှုအထောက်အထားပြနိုင်မှ လာပါ၊ ဖျက်ခံနိုင်ပါမယ်ဆိုတော့ ဖျက်မှာပဲ။ နင်တို့မြေမဟုတ်ဘူး၊ ငါတို့မြေလို့ အောင်နိုင်ဌေး( ဗိုလ်မှူးကြီး) က ပြောတယ်” ဟု နေအိမ်အဖျက်ခံရသူ အသက် ၅၀ အရွယ် ဒေါ်ခင်မာအေးက Myanmar Now ကို ပြောသည်။
“တုတ်တွေနဲ့ ရိုက်တယ်။ (ဗိုလ်မှူးကြီး) အောင်နိုင်ဌေးက အမျိုးသမီးတစ်ယောက်ကို အပေါ်က ခွပြီး ဖက်လုံး(နပန်းလုံး) တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ခန့်မှန်းခြေ ၁၃၂ ဒသမ ၈ ဧကခန့်ရှိ အဆိုပါမြေနေရာတွင် လူနေအိမ် နှစ်လုံးဖြင့် လူ ၇ ဦးခန့် နေထိုင်လျက်ရှိပြီး ၂၀၁၁ ခုနှစ်ကတည်းက ပဲ၊ ပြောင်းနှင့် နှမ်းစိုက်ပျိုးခြင်းများ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
“နိုင်ငံပိုင်မြေမှာ ကျွန်မတို့ နေထိုင်လုပ်စားခွင့် မရှိဘူးလား။ တပ်မတော်ဆိုတာ ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ရမှာ မဟုတ်ဘူးလား။ ပြည်သူကို ဒုက္ခပေးမှာလား”ဟု နေအိမ်ဖျက်ဆီးခံရသူ အခြားသူတစ်ဦးဖြစ်သည့် ဒေါ်တင်မြက ပြောသည်။
တပ်မတော်ပိုင်ဆိုင်သည့် မြေနေရာဖြစ်သည့်အတွက် သိမ်းဆည်းခြင်းဖြစ်သည်ဟု အမှတ် ၁၂၁ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်က Myanmar Now ကို ပြောသည်။

“ပိုင်တာက အမှတ် ၉၅၁ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ကပါ။ ပထမဆုံး တပ်မတော်ဘိလပ်မြေစက်ရုံဆောက်ဖို့ သိမ်းထားတာပါ။ အဲဒီနောက်ပိုင်းမှ ကျွန်တော်တို့က မာဘယ်လ်ကျောက်ပြားစက်ရုံရယ်၊ နို့စားနွားမွေးမြူရေးလုပ်ငန်းရယ် လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါနေရာနှင့် မနီးမဝေးဖြစ်သော အမှတ် ၃ နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာရှိ မြေ ၁၇၃ ဧကကိုလည်း ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက နို့စားနွားမွေးမြူရေးစီမံကိန်းဧရိယာအဖြစ် တပ်မတော်က ခြံစည်းရိုးခတ်လိုက်၍ ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှု ဖြစ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်တွင် ပါဝင်သူ တောင်သူ ၁၀ ဦးကို တာဝန်ဝတ္ထရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် ၁၂၁ တပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် အမှုဖွင့်လှစ်ထားပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်မြင့်က တပ်မတော်အနေဖြင့် ယခုကဲ့သို့ ကိုဗစ်ကာလတွင် လာရောက်သိမ်းဆည်းဖျက်သိမ်းခြင်းမှာ မဖြစ်သင့်ကြောင်း ဆိုသည်။
“တပ်မတော်ကလည်း သူတို့ပိုင်တယ် ပြောတာပေါ့။ တောင်သူတွေကလည်း သူတို့ဓားမဦးချ လုပ်လာတဲ့ မြေနေရာဆိုတော့ ပြဿနာဖြစ်တာ” ဟု ၎င်းက ပြောသည်။
ကိုဗစ်ကူးစက်ရောဂါကာလတွင် တပ်မတော်က လူစုလူဝေးဖြင့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်နေသည်ကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူမည်နည်းဟု တောင်သူများဘက်မှ လိုက်ပါကူညီဆောင်ရွက်နေသည့် ရှေ့နေဦးစည်သူက မေးခွန်းထုတ်သည်။
“အင်အားအများအပြားနဲ့ အခုလို လုပ်ဆောင်တယ်။ ဒါ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာပဲ။ ဘယ်အဖွဲ့အစည်းက တာဝန်ယူတရားစွဲမလဲ”ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင်လည်း တောင်သူ ၆၀ ဦးခန့်ကို ပိုင်နက်ကျူးကျော်မှုဖြင့် အဆိုပါ ၁၂၁ တပ်မှ အမှုဖွင့်ထားပြီး အမှုရင်ဆိုင်နေဆဲဖြစ်သည်။