သတင်း

စဉ့်ကူးမှ ရွာ ၂ ရွာကို မီးရှို့မည်ဟု စစ်တပ်က သွားရောက် ခြိမ်းခြောက်

ဒေသအများအပြားတွင် ရွာမီးရှို့မှုဖြင့် နာမည်ကြီးနေသော စစ်တပ်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ငွေတောင်ရွာနှင့် ညောင်ဝန်းရွာသို့  စက်တင်ဘာ ၂၄ တွင် သွားရောက်ပြီး ရွာသားများ ရွာတွင် ဆက်လက်နေထိုင်ပါက မီးရှို့မည်ဟု  ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ ရွာသူရွာသားများထံမှ သိရသည်။

စစ်တပ်နှင့် မြေယာအငြင်းပွားမှုဖြစ်ပွားနေသည့်အမှုကို တရားရုံးက စစ်ဆေးနေစဉ်မှာပင် လက်နက်ဖြင့် ခြိမ်းခြောက်ကာ ခိုင်းစေခြင်းဖြစ်ကြောင်း ဒေသခံ ငွေတောင်ရွာသားတစ်ဦးက ပြောသည်။

“တစ်ပတ် အချိန်ပေးမယ်။ မထွက်ရင် ရွာကို မီးရှို့မယ်။ ထွက်ပြေးရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ တချို့က ကြောက်ပြီး ဖျက်ပေးနေကြပြီ”ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ထိုရွာသားက ဆက်ပြောသည်။

စက်တင်ဘာ ၂၄ တွင် စစ်တပ်က ကား ၃ စီး၊ အင်အား ၄၀ ကျော်ဖြင့် ရောက်ရှိလာကာ ရွာ ၂ ရွာကို အစည်းအဝေးခေါ်ဆိုပြီး ယင်းသို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒေသခံရွာသား နောက်တစ်ဦးကလည်း အလားတူ ပြောဆိုသည်။

“သူတို့က လက်နက်နဲ့ ခြိမ်းခြောက်လို့သာ ဖျက်ပေးရတာ။ အခု ဖျက်ပေးသူတွေကလည်း နေစရာမရှိတော့ ကျွန်းပင်တွေအောက် နေရတယ်။ တောင်ခြေတွေမှာ နေရတယ်။ အတော်ဒုက္ခရောက်နေရလို့ပါ”ဟု ၎င်းက ဆိုသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ယနေ့ ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

၂၀၁၉ တွင် ငွေတောင်ရွာမှ တောင်သူ ၅၁ ဦးနှင့် ညောင်ဝန်းရွာမှ တောင်သူ ၅၄ ဦး စုစုပေါင်း ၁၀၅ ဦးတို့ကို တပ်ပိုင်မြေကျူးကျော်သည်ဟု ဆိုကာ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားမမှုဖြင့် စဉ့်ကူးမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး ရွာသားများဘက်ကလည်း ပြန်လည်အမှုဖွင့်ခဲ့သည်။

စဉ့်ကူးမြို့နယ်တရားရုံးသို့ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တရားရုံးတာဝန်ကျ ဝန်ထမ်းတစ်ဦးက တရားရင်ဆိုင်နေဆဲ အမှုအခြေအနေများရှင်းပြပေးရန် ငြင်းဆိုသည်။

မြေယာပြဿနာများလိုက်ပါဆောင်ရွက်သူ မန္တလေးမှ ရှေ့နေတစ်ဦးက အမှုရင်ဆိုင်နေစဉ် ယခုကဲ့သို့ ခြိမ်းခြောက်၍ ရွှေ့ပြောင်းခိုင်းသည့်လုပ်ရပ်သည် မလျော်ဩဇာသုံးခြင်းဖြစ်ကြောင်း ပြောသည်။

“မဖြစ်သင့်ဘူးပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ သူတို့(စစ်တပ်) မှာ ဥပဒေဆိုတာလည်း နားမလည်ဘူး၊ သူတို့ လက်ထဲပဲ။ သူတို့ လုပ်ချင်ရာ လုပ်နေကြတာ”ဟု ယင်းရှေ့နေက ဆိုသည်။

စစ်တပ်က အဆိုပါရွာမြေများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက်ဆိုကာ ၁၉၇၂ မှ စတင် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်၂၀၁၅ တွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီး) က စွန့်လွှတ်ပေးခဲ့သဖြင့် ထိုမြေများတွင် ထွန်ယက်စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ညောင်ဝန်းကျေးရွာတောင်သူများက ဆိုသည်။

အမှတ် (၁၂၁) ထောက်ပို့တပ်ရင်းမှ တရားလို ဗိုလ်ကြီးဇော်ဝင်းနိုင်ကမူ တပ်မတော်ပိုင်မြေ ၂၀၉၁ ဧက ရှိသည့်အနက် ရွာမြေအဖြစ် ၇၅ ဧက စွန့်လွှတ်ပေးထားသော်လည်း တောင်သူများက စွန့်လွှတ်မြေနှင့် ဆက်စပ်သည့်နေရာများတွင် တိုးချဲ့နေထိုင် စိုက်ပျိုးနေကြသည်ဟု တရားစွဲဆိုစဉ်က ပြောဆိုထားသည်။

စစ်တပ်သည် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုလုံးတွင် ဒေသခံတို့ကို မြေယာပြဿနာရှာခဲ့သော်လည်း စစ်တပ်နှင့် ဆက်ဆံရေးကောင်းလိုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက လက်ပိုက်ကြည့်ခဲ့ရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button