စစ်ကောင်စီကို ငွေကြေးအထောက်အပံ့ဖြစ်စေသည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) လက်အောက်ရှိ စက်ရုံများမှ ထုတ်လုပ်သော ဓာတ်မြေဩဇာများကို တောင်သူများ ဝယ်မသုံးရန် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက တောင်းဆိုလိုက်သည်။
စစ်ကောင်စီထံ စီးဆင်းမည့် ငွေလမ်းကြောင်းကို နည်းလမ်းပေါင်းစုံဖြင့် ပိတ်ဆို့နေချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ဓာတ်မြေဩဇာတန်ချိန်အများအပြားကို တင်ဒါခေါ်ယူရောင်းချကာ စစ်ကောင်စီအတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည်ဟု ဓာတ်မြေဩဇာလုပ်ငန်းနယ်ပယ်မှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။
“ဈေးသက်သာတာကို ရွေးသုံးတာမှန်ပေမယ့် ဒီတစ်လ၊ နှစ်လကို ရှောင်စေချင်တာပေါ့။ ခါတိုင်းဆိုရင် ကျွန်မတို့လည်း အားပေးတယ်လေ။ ပြည်တွင်းဖြစ်ကိုပဲသုံး အာနိသင်တူတူပဲ။ အသက်သာဆုံးကိုသုံး။ လယ်သမားက အချိန်တန်ရင် စပါးပဲတွေ့ရတာ။ ဒါပေမယ့် အခုဟာက (စစ်ကောင်စီကို ငွေအထောက်အပံ့) ဖြစ်စေတာ” ဟု အဆိုပါအမျိုးသမီးက Myanmar Now က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ကန်ကြီးထောင့်နှင့် မြောင်းတကာဓာတ်မြေဩဇာစက်ရုံများမှ တင်ဒါလေးကြိမ်အထိ ခေါ်ယူရောင်းချထားပြီး မြောင်းတကာစက်ရုံမှ တင်ဒါကို ဧရာမြေနှင့် မြင့်မို့ရ်ဟင်္သာ၊ စည်တော်ဝင်နှင့် စိမ်းလန်းမြေ၊ ဂွတ်(ဒ်)ဘရားသား(စ်) တို့က တင်ဒါဝင်ပြိုင်ခဲ့ပြီး ဧရာမြေနှင့် မြင့်မို့ရ်ဟင်္သာက လေလံအောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
လေလံတစ်ကြိမ်လျှင် မြေဩဇာတန်ချိန် ၂,၅၀၀ မှ ၃,၀၀၀ ရောင်းချခြင်းဖြစ်ပြီး လေလံပေါက်ဈေးမှာ တစ်တန်လျှင် ၆၄၀,၀၀၀ ကျပ်ရှိသဖြင့် တန်ချိန် ၂,၅၀၀ အတွက် ကျပ်သန်းပေါင်း ၁,၆၀၀ ကျော်ရှိကာ ပြီးခဲ့သည့် မေတစ်လတည်း၌ပင် လေလံနှစ်ကြိမ်အတွက် ကျပ်သန်းပေါင်း ၃,၀၀၀ ကျော် စစ်ကောင်စီက ရရှိနိုင်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။
“လယ်သမားတွေက အခုဟာက တအားကို ကျပ်တည်းနေတာလေ။ လုံးဝ မသုံးနိုင်တဲ့လူတွေလည်း ရှိတယ်။ လုံးဝ မစိုက်တော့ပါဘူးဆိုတဲ့လူတွေလည်းရှိတယ်။ စိုက်တဲ့သူတွေကျတော့ စစ်ကောင်စီကို အထောက်အပံ့ဖြစ်မှန်းမသိတဲ့အတွက် သက်သာတာကို သုံးတယ်” ဟု ၎င်းက ထပ်မံပြောသည်။
ပြည်တွင်းမြေဩဇာသည် ပြည်ပထုတ်နှင့်ယှဉ်လျှင် အလုံးအဆန်ကွာခြားပြီး ဈေးနည်းကြောင်း၊ ထိုထုတ်ကုန်ကို ဖြန့်ဖြူးပါက စစ်ကောင်စီထံ ငွေကြေးစီးဆင်းနိုင်သဖြင့် မရောင်းချသည့်ဆိုင်များရှိသော်လည်း တောင်သူများက ဆက်လက်သုံးစွဲနေပါက အရောင်းဆိုင်များက ဆက်လက်တောင့်ခံနိုင်ဖွယ်မရှိကြောင်း ဆိုသည်။
မြောင်းတကာနှင့် ကန်ကြီးထောင့်ထုတ်မြေဩဇာကို ဈေးကွက်အတွင်း ဖြန့်ချိနေသည်ကို မသိရသော်လည်း စစ်ကောင်စီထံ ငွေကြေးစီးဆင်းပါက အာဏာသိမ်းမှုကိုကန့်ကွက်သည့် လယ်သမားများက ဝယ်ယူသုံးစွဲခြင်းမပြုဘဲ ရှောင်ကြဉ်မည်ဟု ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ လယ်မားတစ်ဦးက ဆိုသည်။
တောင်သူများအနေဖြင့် သုံးစွဲနေကျမြေဩဇာအမျိုးအစားကို အစဉ်တစိုက်သုံးစွဲလေ့ရှိပြီး ဈေးကွက်ထဲတွင် ပြည်ပမှ တင်သွင်းသည့် မြေဩဇာများ၊ မြန်မာ့ဩဘာ၊ ရွှေနဂါး စသည့် မြေဩဇာများကို အသုံးများကြောင်း၊ ယခုနှစ်အတွင်း မြေဩဇာဈေးနှုန်းများမြင့်တက်နေသဖြင့် အသုံးလျှော့ချရန် စီစဉ်နေကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ဓာတ်မြေဩဇာဈေးကွက်မှာ ကြီးမားပြီး မြောင်းတကာနှင့် ကန်ကြီးထောင့်မှ ထုတ်လုပ်မှုသည် ဈေးကွက်ဝေစုမှ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်ဟု ဆိုသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
သို့သော် အဆိုပါစက်ရုံနှစ်ခုသည် စိုက်ပျိုးရာသီတိုင်း မြေဩဇာထုတ်လုပ်ရောင်းချမှုကို အရှိန်မြှင့်လေ့ရှိပြီး ထိုစက်ရုံ၏ ထုတ်လုပ်မှုအခြေအနေကို စောင့်ကြည့်ကာ ပြည်ပမှ မြေဩဇာတင်သွင်းကြသဖြင့် ဈေးကွက်ကို လွှမ်းမိုးမှုရှိနိုင်သည်မှာ သေချာကြောင်း ဓာတ်မြေဩဇာလုပ်ငန်းအသိုင်းအဝိုင်းက ဆိုသည်။
စစ်ကောင်စီက ထိန်းချုပ်သည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် မြေဩဇာစက်ရုံ ၅ ခု ရှိပြီး မြောင်းတကာနှင့် ကန်ကြီးထောင့်စက်ရုံနှစ်ခုသာ လုပ်ငန်းလည်ပတ်နေကာ စလေ၊ ကျွန်းချောင်း၊ ကျော်စွာ စက်ရုံများက ရပ်နားထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တွေ့ရသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြောင်းတကာမှ မြေဩဇာတန်ချိန် ၅ သောင်းကျော်၊ ကန်ကြီးထောင့်မှ ၅ သောင်းကျော် စုစုပေါင်း တန်ချိန် ၁၀၁,၅၉၄ တန် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနဝက်ဆိုက်တွင် ဖော်ပြထားရာ ထိုပမာဏအတိုင်း ဆက်လက်ဖြန့်ဖြူးပါက ထိုစက်ရုံနှစ်ခုမှ ကျပ်ဘီလျံချီသည့် ငွေကြေးများရရှိဖွယ်ရှိသည်။
အဆိုပါ ဓာတ်မြေဩဇာစက်ရုံများမှ ဝန်ထမ်းတချို့သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့၍ စစ်ကောင်စီက အလုပ်မှ ယာယီရပ်ဆိုင်းခြင်း၊ အပြီးထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့သည်။
အဓိကလည်ပတ်နေသည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံမှ အရာထမ်း/အမှုထမ်း ဝန်ထမ်း ၆၆ ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေအရဟုဆိုကာ ဧပြီ ၂၈ ညနေပိုင်းမှစ၍ ထုတ်ပယ်ကြောင်း မေ ၄ တွင် ထုတ်ပြန်ခဲ့သည်။
အလားတူ မကွေးတိုင်း၊ စလေမြို့နယ်၊ အမှတ် (၁) ဓာတ်မြေဩဇာစက်ရုံမှ နိုင်ငံ့ဝန်ထမ်း CDM ၂၄၇ ဦးကို စစ်ကောင်စီက မေ ၆ ၌ အလုပ်မှ အပြီးထုတ်ပယ်ခဲ့သည်။
အဆိုပါစက်ရုံသည် လုပ်ငန်းများရပ်ဆိုင်းထားသော်လည်း ဝန်ထမ်းများသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာရှိ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံတွင် လာရောက်လုပ်ကိုင်ပေးကြရကြောင်း CDM ဝန်ထမ်းများက Myanmar Now ကို ပြောထားသည်။
မြောင်းတကာစက်ရုံမှ ဝန်ထမ်းတချို့လည်း CDM တွင် ပါဝင်ခဲ့ပြီး ၎င်းတို့အတွက် ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် ၂၅ သိန်းစီ 21 Savage Myanmar အဖွဲ့က ပေးအပ်ခဲ့ကြောင်း DVB သတင်းတွင် ဖော်ပြခဲ့သည်။
စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ရန် နိုင်ငံတကာနှင့် ပြည်တွင်းမှ ဖိအားပေးမှုကြောင့် စွမ်းအင်ကုမ္ပဏီတချို့သည် စစ်ကောင်စီထံ အကျိုးအမြတ်ခွဲဝေပေးမှုရပ်ဆိုင်းမှုများရှိနေပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့လျက်ရှိသည်။
လူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရမဟုတ်သဖြင့် စစ်ကောင်စီလက်ဝယ်ရောက်ရှိမည့် စိုက်စရိတ်ချေးငွေကို ပြန်မဆပ်ဘဲ သပိတ်မှောက်မည်ဖြစ်ကြောင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် လယ်သမားများက ပြောဆိုထားသည်။