
စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ၂၀၂၀ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ပြန်မဆပ်ဘဲ သပိတ်မှောက်မည်ဖြစ်ကြောင်း တောင်သူအချို့က Myanmar Now ကို ပြောသည်။
လာမည့် မေ ၂၆ ရက်တွင် ချေးငွေအသစ်များ ထုတ်ပေးမည်ဖြစ်သဖြင့် ချေးငွေဟောင်း ကျေအောင်ဆပ်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့ (မေ ၁၉) တွင် ထုတ်ပြန်ကြေညာထားသည်။
ချေးငွေအကျေဆပ်ရန် စိုက်ဘဏ်က ထိုသို့ကြေညာထားသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ချေးငွေပေးဆပ်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် လယ်ဧက ၂၀ စိုက်ပျိုးသည့် လယ်သမားတစ်ဦးက ပြောသည်။
“တစ်ဦးစနှစ်ဦးစ ဆပ်နိုင်တဲ့လူကလည်း အခြေအနေကိုကြည့်ပြီးတော့ ပိုက်ဆံတွေကို သိမ်းထားပြီး မဆပ်သေးဘူး။ တချို့က လုံးလုံးလျားလျား မဆပ်ဘူး။ သပိတ်မှောက်တဲ့သဘောပေါ့။ နောက်အစိုးရတက်မှ ဆပ်မယ်” ဟု အဆိုပါလယ်သမားက ပြောသည်။
လူထုက ရွေးချယ်မြောက်သည့်အစိုးရ မဟုတ်သဖြင့် စစ်ကောင်စီလက်ဝယ်ရောက်ရှိမည့် ချေးငွေကို မပေးဆပ်ခြင်းဖြစ်ပြီး ဘဏ်များ၌ ငွေသားကျပ်တည်းမှုများရှိသောကြောင့် ချေးငွေအသစ်ပြန်ရရန်လည်း မသေချာကြောင်း အမည်မဖော်လိုသူ အဆိုပါ လယ်သမားက ပြောသည်။
သပိတ်မှောက်သည့်အနေဖြင့် ချေးငွေကို ပြန်လည်မပေးဆပ်သူများရှိသည့်နည်းတူ လယ်ယာလုပ်ငန်းများအဆင်မပြေခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်းတို့ကြောင့် ချေးငွေပြန်မဆပ်သည့် လယ်သမားများလည်းရှိနေသည်ဟု ပဲခူးတိုင်း သာယာဝတီမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးနေလင်းအောင်က ဆိုသည်။
“ပြေလည်တဲ့လူက ရှိမှမရှိတာ။ အခုဟာက အကျပ်အတည်းကာလကြီးလေ စီးပွားရေး၊ လူမှုရေး။ လယ်သမားတွေဆိုလည်း ဘယ်လိုမှ မပြေလည်ဘူး။ အဲ့ဒီအတွက်တော့ ကျိန်းသေတယ်။ ဘယ်လိုမှ မဆပ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိကာလတွင် စပါးဈေးနှင့် စပါးအထွက် မကောင်းသဖြင့် လယ်သမားများ ဒုက္ခရောက်နေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
စိုက်ပျိုးစရိတ်ချေးငွေကို အဟောင်းပေး၊ အသစ်ယူပုံစံဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး လယ်သမားများအနေဖြင့် ချေးငွေ အကျေပြန်ဆပ်ပြီးမှသာ ချေးငွေအသစ်ထုတ်ခွင့်ရှိသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် စပါးတစ်ဧက ၁၅၀,၀၀၀ ကျပ်၊ အခြားသီးနှံတစ်ဧက ၅၀,၀၀၀ ကျပ် ထုတ်ချေးပေးခြင်းဖြစ်ပြီး ၂၀၂၀ မိုးရာသီအတွက် ချေးငွေစုစုပေါင်း ကျပ် ၁,၄၇၀ ဘီလျံ ချေးပေးခဲ့ကြောင်း အဆိုပါဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ယမန်နှစ် ဇွန်လအတွင်း Myanmar Now ကို ပြောကြားခဲ့ဖူးသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုကြောင့် လယ်သမားများအပါအဝင် ပြည်သူလူထုသည် ဘက်ပေါင်းစုံမှ ကျပ်တည်းနေသဖြင့် ၂၀၂၀ စရိတ်ချေးငွေပြန်ဆပ်ရက်ကို ၂၀၂၂ အထိ တစ်နှစ်တိတိ ရွှေ့ဆိုင်းပေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ် ၁၂ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ချေးငွေပြန်ဆပ်ရမည့် သက်တမ်းတိုးကာလအတွင်း ဒဏ်တိုးနှင့် အတိုးနှုန်း ၅ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုမည်ဟုလည်း NUG ၏ ကြေညာချက်တွင် ပါရှိသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အခွန်မဆောင်ခြင်း၊ ထီမထိုးခြင်း၊ မီတာခမဆောင်ခြင်းများပြုလုပ်ကာ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် ဝင်ငွေလမ်းကြောင်းများကို လူထုက ဖြတ်တောက်လျက်ရှိသည်။