စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် လယ်တစ်ဧကလျှင် ကျပ် ၇ သိန်းနှုန်း ချေးငွေထုတ်ပေးမည်ဟု ကုမ္ပဏီတစ်ခုကိုယ်စား တောင်သူများကို စည်းရုံးခဲ့သူများတွင် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားလှယ်လောင်းများ ပါဝင်ခဲ့သည်။
စစ်ကိုင်းဒေသကြီး ကန့်ဘလူ၊ ဝက်လက်၊ ရေဦး၊ အရာတော်၊ အင်းတော်မြို့များရှိ ကျေးရွာများတွင် မြန်မာမင်္ဂလာသစ်ဆိုသော ကုမ္ပဏီက ချေးငွေဖြင့် စည်းရုံးခဲ့ရာတွင် ထိုကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ခဲ့သူ နှင်းဆီပါတီဝင် ကိုယ်စားလှယ်လောင်းများ ပါဝင်ခဲ့ခြင်းဖြစ်သည်။
မြန်မာမင်္ဂလာသစ်ကုမ္ပဏီကိုယ်စားလှယ်များက ချေးငွေဖြင့် တောင်သူများကို စည်းရုံးရာတွင် နှင်းဆီပါတီက ဆောင်ရွက်ပေးမည့် အချက် ၁၂ ချက်ပါ စာရွက်များ၊ ချေးငွေထုတ်ချိန်တွင် ပြသရမည့် ကတ်ပြားအဖြစ် နှင်းဆီတံဆိပ်ပုံပါသည့် ကတ်ပြားများ ဖြန့်ဝေခဲ့သည်ဟု အင်းတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာမင်္ဂလာသစ်ကုမ္ပဏီ၏ ချေးငွေလျှောက်ထားသူ တောင်သူ ၃၀၀၀ နီးပါးရှိခဲ့ပြီး လယ်ဧကအားဖြင့် တစ်သောင်းကျော်ရှိကြောင်း မေလအတွင်းက ကျင်းပသည့် လွှတ်တော်အစည်းအဝေးတစ်ခုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။
အင်းတော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီကိုယ်စားလှယ်လောင်း ဦးမောင်ကျော်သည် မြန်မာမင်္ဂလာသစ်ကုမ္ပဏီ၏ မော်လူးမြို့၊ ပဲခူးကျေးရွာအုပ်စု ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
ချေးငွေကိစ္စနှင့်ပတ်သက်ပြီး လျှောက်လွှာတင်လာသူ တောင်သူအချို့ကို လက်ခံခဲ့သော်လည်း မြန်မာမင်္ဂလာသစ်ကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးမဟုတ်ကြောင်း ဦးမောင်ကျော်က ငြင်းဆိုသည်။
“ပါတီကို သူတို့က အကူအညီတောင်းတဲ့သဘောမျိုးပေါ့။ အဲ့ဒီကုမ္ပဏီကို စိတ်မချတာနဲ့ ကျွန်တော်တို့က ပြန်မလုပ်တော့ဘူး။ ဘာမှပြောလည်း မပြောတော့ဘူး။ လုပ်လည်း မလုပ်တော့ဘူး” ဟု ၎င်းက ပြောသည်။
ဦးမောင်ကျော်က ထိုသို့ငြင်းဆိုသော်လည်း နှင်းဆီပါတီကိုယ်စားလှယ်လောင်းဖြစ်သူ ဦးမောင်ကျော်ကို မြန်မာမင်္ဂလာသစ်ကုမ္ပဏီ၏ ကျေးရွာကိုယ်စားလှယ်အဖြစ် ခန့်အပ်လွှာကို Myanmar Now က ရရှိထားသည်။
အင်းတော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီဝင် ဦးဆေးလှိုင်သည်လည်း မြန်မာမင်္ဂလာသစ်ကုမ္ပဏီ၏ ကျေးရွာကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
မြန်မာမင်္ဂလာသစ်ကုမ္ပဏီသည် ချေးငွေလျှောက်ထားသူ တောင်သူတစ်ဦးလျှင် ငွေကျပ် ၆၀၀၀ ကောက်ခံခဲ့ပြီး ဒေသခံ ၄၀၀ ခန့် လျှောက်ထားခဲ့ကြောင်း၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ လုပ်ကိုင်သည့်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ခဲ့သော်လည်း ကုမ္ပဏီက ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း အင်းတော်မြို့နယ် မန်လည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်က ပြောသည်။
“ကောက်ထားတဲ့ငွေတွေကို ပြန်မအမ်းဘူး။ မအမ်းတဲ့အပြင် အုပ်ချုပ်ရေးပိုင်းတွေကိုလည်း ဂရုလည်းမစိုက်ဘူး။ ခုလည်း မလျှော့တဲ့အပြင် ပါတီဆိုဒ်ကလုပ်တယ်။ နှင်းဆီပါတီကိုသာမဲပေး၊ ဒီ ၇ သိန်းက သေချာပေါက်ရမှာဆိုပြီး အခုချိန်ထိ စည်းရုံးနေတုန်းရှိသေးတယ်” ဟု ဦးမျိုးဇော်က ပြောသည်။
ချေးငွေလိုင်စင်မရှိဘဲ ငွေချေးပေးမည်ဟု စည်းရုံးကာ တောင်သူများထံမှ ကြိုတင်ငွေကြေးကောက်ခံနေခြင်းအတွက် မြန်မာမင်္ဂလာသစ်ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်စုစုခင်နှင့် တိုင်းတာဝန်ခံများကို အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေဖြင့် တရားစွဲဆိုထားကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
မြန်မာမင်္ဂလာသစ်ကုမ္ပဏီ ချေးငွေကိစ္စတွင် နိုင်ငံရေးပါတီတစ်ခုမှ ပါဝင်ပတ်သက်နေခြင်းနှင့် ပတ်သက်၍မူ စုံစမ်းစစ်ဆေးရန် အစီအစဉ်မရှိသေးကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးဦးက ပြောသည်။
“အဲ့ကိစ္စ ကိုယ်စားလှယ်တွေ ပြောကြတာတော့ ရှိပါတယ်။ လုပ်တဲ့သူတွေကို အရေးယူထားပြီဆိုတော့ ဒီကိစ္စလည်း ရပ်တန့်သွားပြီဆိုတော့ လောလောဆယ်တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ရေဦးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် နှင်းဆီပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမြင့်နိုင်သည်လည်း အဆိုပါကုမ္ပဏီ၏ ချေးငွေအစီအစဉ်အတွက် စည်းရုံးပေးခဲ့သူဟု ထန်းတောကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးဇော်ဦးက ပြောသည်။
“သူက ကျွန်တော်တို့ဆီကိုလာပြီး ဖုန်းထဲက စာလေးဖတ်ပြီး တစ်ဧကကို ၇ သိန်းချေးနိုင်ပါတယ်။ တစ်ဧကကို ၁၅၀၀ နှုန်းတဲ့။ စာရွက်စာတမ်းလုပ်ရတာနဲ့ဆိုရင် တစ်ဧကကို ၃၅၀၀၊ ၄၀၀၀ လောက်ကုန်တယ်” ဟု ဦးဇော်ဦးက ပြောပြီး ထန်းတောရွာမှ တောင်သူ ၆၀ နီးပါး ချေးငွေလျှောက်ထားခဲ့သည်ဟုလည်း ဆိုသည်။
ဦးမြင့်နိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ မြန်မာမင်္ဂလာသစ်ကုမ္ပဏီနှင့် ပတ်သက်ခြင်း မရှိဟု ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခွင့်ပြုထားသည့် ချေးငွေလုပ်ငန်း ၅၀ ရှိသော်လည်း မြန်မာမင်္ဂလာသစ်ကုမ္ပဏီ မပါဝင်ကြောင်း တိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလှိုင်အေးက ပြောသည်။
“ချေးငွေလုပ်ငန်းလိုင်စင်အတွက် ခွင့်ပြုထားတဲ့အထဲလည်း မပါဘူး။ လျှောက်ထားခြင်းလည်း မရှိဘူး” ဟု ဦးသိန်းလှိုင်အေးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ မြန်မာမင်္ဂလာသစ်ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၉ စက်တင်ဘာတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။
ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ဗဟိုဘဏ်ခွင့်ပြုချက်လိုင်စင်မရှိဘဲ သူ၏ကုမ္ပဏီဝန်ထမ်းများ၊ နှင်းဆီပါတီဝင်များနှင့် ပြင်ပပုဂ္ဂိုလ်များကို ချေးငွေထုတ်ချေးခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။
နှင်းဆီပါဥက္ကဋ္ဌ ဦးကျော်မြင့်သည် ၂၀၁၆ မှ ၂၀၂၀ စက်တင်ဘာလအထိ ငွေကျပ်သန်း ၄၀၀၀ ကျော် ထုတ်ချေးခဲ့ပြီး အကျိုးအမြတ်အဖြစ် အတိုးငွေ ကျပ်သန်း ၅၀၀ ကျော် ရှိခဲ့သည်ဟုလည်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ရှင်းလင်းတင်ပြခဲ့သည်။
ဦးကျော်မြင့်သည့် ဘဏ်တိုးရရှိခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှ ငွေကျပ် ၁၅ ဒသမ ၅၁ ဘီလျံကျော် ရရှိခဲ့ပြီး ထိုသို့ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၆ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၅၉ နှင့် ၁၇၁ တို့ဖြင့် ငြိစွန်းနေကာ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်၊ ကျပ်သန်း ၅၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်ဟုလည်း ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့သည်။
နှင်းဆီပါဥက္ကဋ္ဌ ဦးကျော်မြင့်ကို လက်ရှိစွဲဆိုထားသည့် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် ရာဇသတ်ကြီးပုဒ်မများ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြင့်လည်း ဆောင်ရွက်သွားရန်ရှိသည်ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။