ဆောင်းပါး

ဦးပိုင်မိတ်ဖက်ကုမ္ပဏီ စတော့အိတ်ချိန်းဝင်သည့်အပေါ် အဂတိမကင်းမှုများ ဖြစ်လာနိုင်ဟု ဝေဖန်ခံရ

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီးပွားရေးမိတ်ဖက်တစ်ခုဖြစ်သည့် ထာဝရနဒီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစု (Ever Flow River Group) ကို ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ရှယ်ယာအရောင်းအဝယ်ပြုရန် စာရင်းဝင်ကုမ္ပဏီအဖြစ် သတ်မှတ်လိုက်ခြင်းသည် ကြီးမားသော အဂတိမှုများ ပေါ်ပေါက်လာနိုင်စေသည်ဟု မြန်မာနိုင်ငံအတွက် တရားမျှတမှုအဖွဲ့ (Justice for Myanmar) က ပြောသည်။

EFR လုပ်ငန်းစုသည် မေ ၂၈ မှစ၍ ရန်ကုန်စတော့အိတ်ချိန်းတွင်ဆဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် ရှယ်ယာအရောင်းအဝယ်များ စတင်လုပ်ဆောင်သွားမည်ဖြစ်သည်။ 

EFR လုပ်ငန်းစုသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီးပွားရေးလက်ခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့် အမေရိကန်ဒေါ်လာ ၄၃ သန်းတန် Hlaing Inland Terminal and Logistics- HITLC အမည်ရှိ ကုန်းတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါ ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းမှာ လှိုင်သာယာမြို့နယ်အတွင်းရှိ အောင်ဇေယျနှင့် ရွှေပြည်သာတံတားများအနီးတွင် တည်ရှိသည်။ 

ရန်ကုန်စတော့အိတ်ချိန်းထံသို့ တင်ပြထားသည့် EFR ၏ ဖွင့်ဟကြေညာစာတမ်း (Disclosure Documents) ပါ မှတ်တမ်းများအရ အဆိုပါ HITLC ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို EFR က ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို လန်းပြီရေကြောင်းက ပိုင်ဆိုင်ထားသည်။ HITLC သည် ထောက်ပံ့ပို့ဆောင်ရေး၊ ပစ္စည်းသိုလှောင်ရုံဝန်ဆောင်မှုများအပြင် ဆိပ်ကမ်းနှင့် အကောက်ခွန်လုပ်ငန်းများကိုပါ ဝန်ဆောင်မှု ပေးမည်ဟုလည်း သိရသည်။ 

စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာများအနက် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ဗိုလ်မှူးဟောင်း ဦးနီအောင်သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သည်။ 

လန်းပြီနှင့် EFR တို့၏ ဖက်စပ်လုပ်ငန်းမှတစ်ဆင့် ဦးပိုင်၏ ဒါရိုက်တာများဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် ဗိုလ်မှူးဟောင်း ဦးနီအောင်တို့သည် တိုက်ရိုက်အကျိုးအမြတ်များ ရရှိနိုင်သဖြင့် ကြီးမားသော အကျိုးစီးပွားပဋိပက္ခများ ပေါ်ပေါက်လာလိမ့်မည်ဟု Justice for Myanmar က မေ ၂၅ ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

ထို့အပြင် HITCL စီမံကိန်းတွင် အကောက်ခွန်၊ ပစ္စည်းသိုလှောင်ရုံနှင့် ဆိပ်ကမ်းဝန်ဆောင်မှုများ ပါဝင်ခြင်းသည် အဂတိလိုက်စားမှုအန္တရာယ်ကို မြင့်မားစေသည်ဟုလည်း အဆိုပါလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။ 

“ရန်ကုန်စတော့အိတ်ချိန်းက EFR ရဲ့ စာရင်းတင်သွင်းမှုကို လက်ခံပေးလိုက်တာဟာ ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။ ဒီလိုအတည်ပြုပေးလိုက်တာဟာ စတော့အိတ်ချိန်းရဲ့ စောင့်ကြည့်ဆန်းစစ်မှု (Due Diligence) စံနှုန်းနဲ့ စစ်တပ်နဲ့ ခရိုနီတွေရဲ့ ဩဇာလွှမ်းမိုးမှုကနေ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အတွက် စိုးရိမ်ဖွယ်ရာ အလွန်ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်” ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

အဆိုပါအချက်ကို ထောက်ခံသူမှာ တပ်မတော်အကြောင်း၊ ၎င်း၏ စီးပွားရေးလုပ်ငန်းများအကြောင်း ထဲထဲဝင်ဝင် လေ့လာဖူးသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးရှေ့နေ ခရစ္စ ဆီဒေါ်တီ Chris Sidoti ဖြစ်သည်။

ဦးကျော်ထင်နှင့် ဦးနီအောင်တို့သည် “အကျိုးစီးပွားပဋိပက္ခမရှိပါဘူးလို့ ငြင်းဖို့မလွယ်တဲ့အနေအထားမှာ ရှိသွားပါတယ်။ ဒါကနေ အဂတိတရားဖြစ်နိုင်ခြေ ပေါ်ထွက်လာမှာဖြစ်ပါတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။ အစိုးရ အနေဖြင့် ၎င်းတို့နှစ်ဦးအား တစ်ခုခုကိုရွေးချယ်ခိုင်းရမည်ဖြစ်ကြောင်း၊ “လက်ရှိဌာနဆိုင်ရာရာထူးတွေကနေ နုတ်ထွက်ရင် ထွက်၊ (ဦးပိုင်) ဒါရိုက်တာတွေအဖြစ်ကနေ နုတ်ထွက်ရင်ထွက်” ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

HITLC ဆိပ်ကမ်းနမူနာပုံစံ ဓာတ်ပုံ HITLC

EFR ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဟန်ထံမှ မှတ်ချက်ရရန် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။ ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်လွင်ဦးထံမှ မှတ်ချက်တောင်းခံခဲ့သော်လည်း အကြောင်းမပြန်ခဲ့ပါ။

ဦးပိုင် အထွေထွေမန်နေဂျာ ဦးလှမျိုးကမူ အဆိုပါအငြိမ်းစားတပ်မတော်အရာရှိများသည်  ၎င်းတို့၏ ဌာနဆိုင်ရာ ရာထူးများဖြင့် စီးပွားရေးကိစ္စလုပ်ငန်းများအပေါ် လွှမ်းမိုးမှုမရှိကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် HITLC တွင် မပါဝင်ကြောင်းလည်း အခိုင်အမာပြောသည်။

အကောက်ခွန်ဦးစီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်တွင်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအောက်တွင် ရှိသည်။ ဦးကျော်ထင်နှင့် ဦးနီအောင်တို့နှစ်ဦးစလုံး ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်မှုကို သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုစလုံးထံမှ သဘောထား ခွင့်ပြုချက်ယူခဲ့ပြီးဖြစ်သည်ဟု ဦးလှမျိုးက Myanmar Now ကို ပြောသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးထွန်းထွန်းနိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ဦးကျော်ထင်ကို ခန့်အပ်အဆိုပြုရန် ဝန်ကြီးဌာန၏ သဘောထားခွင့်ပြုချက် ရထားခြင်း ရှိမရှိ ၎င်းအနေဖြင့် မသိသလို ဦးကျော်ထင်က ဦးပိုင် ဒါရိုက်တာအဖွဲ့တွင် ပါဝင်နေသည်ကိုလည်း မသိထားကြောင်း ပြောသည်။

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုဝန်ကြီးများထံ တင်ပြပြီး ဦးကျော်ထင်အနေဖြင့် ထိုကဲ့သို့ လုပ်ခွင့် ရှိမရှိကို ဆွေးနွေးမည်ဟု ပြောသည်။

“အခုလိုမျိုး အကျိုးစီးပွားပဋိပက္ခဖြစ်တဲ့အနေအထားကို ခွင့်ပြုသင့်မသင့် ဆုံးဖြတ်ရမှာက ဦးပိုင်နဲ့အစိုးရအဖွဲ့တို့ပဲ ဖြစ်ပါတယ်၊ EFR မဟုတ်ပါဘူး။ ဆိုလိုတာက ဦးနီအောင်နဲ့ ဦးကျော်ထင်တို့အနေနဲ့ ဦးပိုင်ဒါရိုက်တာဘုတ်ကနေ နုတ်ထွက်မလား၊ သို့မဟုတ် ကြီးကြပ်ရတဲ့ အစိုးရဌာနဆိုင်ရာ ရာထူးတွေကနေပဲ သူတို့ကို အစိုးရက နုတ်ထွက်ခိုင်းမလားပေါ့” ဟု မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ မစ္စဗစ်ကီဘိုးမင်း (Vicky Bowman) က ပြောသည်။

အဆိုပါ အနေအထားသည် EFR ကို ထိခိုက်နိုင်သလို စတော့အိတ်ချိန်းမှတစ်ဆင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတိုးပွားနိုင်စွမ်းကိုလည်း ထိခိုက်နိုင်သည်။

“လန်းပြီ ဒါမှမဟုတ် ဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စဉ်းစားတဲ့ ဘယ်ကုမ္ပဏီမဆို သူတို့ရဲ့မိတ်ဖက်ဖြစ်လာမယ့်ကုမ္ပဏီနဲ့ ပတ်သက်ပြီး စောင့်ကြည့်ဆန်းစစ်မှု (due diligence) မှာ ဒီ အကျိုးစီးပွားပဋိပက္ခဟာ အန္တရာယ်များတယ်ဆိုတဲ့ အဖြေထွက်မှာပဲ” ဟု မစ္စဘိုးမင်းက ဆိုသည်။

“တချို့ကုမ္ပဏီတွေကတော့ ဒီအကျိုးစီးပွားပဋိပက္ခကြောင့် ပူးပေါင်းဖို့ ဆိုင်းကောင်း ဆိုင်းသွားနိုင်တယ်။ ဒါပေမဲ့ EFR ကတော့ နောက်မဆုတ်ဘဲ ပူးပေါင်းခဲ့တာ အထင်အရှားပဲ… ဒါဟာ သူတို့ရဲ့ စီးပွားရေးရွေးချယ်မှုပါ။ ပြီးတော့ ဒါက တရားဝင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

YSX ထံတင်ပြရသည့် ဖြစ်နိုင်ဖွယ်ရာစီးပွားရေးဆုံးရှုံးနိုင်ခြေများပါ အသေးစိတ်ဖော်ပြချက် အပိုင်းတွင်မူ EFR သည် ၂၀၁၉ ဩဂုတ်လထုတ် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး မစ်ရှင် အစီရင်ခံစာကို မဖော်ပြခဲ့ပေ။ ၎င်းအစီရင်ခံစာတွင် HITLC ၊ ဦးပိုင်နှင့် လန်းပြီပင်လယ်ရေကြောင်းတို့ကို စီးပွားရေးတွဲဖက်မလုပ်သင့်သည့် ကုမ္ပဏီစာရင်းတွင် ထည့်သွင်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာချိန်မှစ၍ တပ်မတော်၏ တရားဝင်ခွင့်ပြု ဘတ်ဂျက်သည် တဖြည်းဖြည်းလျော့ကျလာခဲ့ရာ ၎င်းအနေဖြင့် ပြည်တွင်းစီးပွားရေးကွန်ရက်ကြီးအပေါ် ပိုမို မှီခိုလာခဲ့ရကာ တိုင်းရင်းသားဒေသများ၌ စစ်ပွဲများ ဆင်နွှဲပြီး မုဒိမ်းမှု၊ လိင်ကျွန်ပြုကျင့်မှုနှင့် နှိပ်စက် ညှဉ်းပန်းမှုများအပါအဝင် “အပြည်ပြည်ဆိုင်ရာဥပဒေအရ အကြီးလေးဆုံးသောပြစ်မှုများ” ကို ဆက်လက် ကျူးလွန်နေကြောင်း အဆိုပါ ကုလသမဂ္ဂအစီရင်ခံစာက ဆိုထားသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်၏ နိုင်ငံတကာကျွမ်းကျင်ပညာရှင်သုံးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဆီဒေါတီကမူ “အဲဒီအကြံပြုချက်ကို EFR က လျစ်လျူရှုနေတဲ့အတွက် သိပ်ကိုစိတ်ပျက်ရပါတယ်” ဟု ပြောသည်။

“လက်တွေ့မှာတော့ EFR ဟာ မြန်မာတပ်မတော်ရဲ့ စီးပွားရေးမိတ်ဖက် ဖြစ်ပါတယ်။ သူတို့ဟာ ဗိုလ်ချုပ်တွေနဲ့ တစ်ဂိုဏ်းတည်း” ဟု ၎င်းကပြောသည်။

“EFR ကုမ္ပဏီ စတော့အိတ်ချိန်းစာရင်းဝင်ဖြစ်တဲ့အခါ ရှယ်ယာတွေဝယ်ဖို့ စဉ်းစားနေသူတွေအနေနဲ့ သတိထားသင့်ပါတယ်။ သူတို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေတွေဟာ ဗိုလ်ချုပ်တွေကိုပဲ ပိုမိုအားဖြစ်ထွန်း သွားစေမယ်ဆိုတာ နားလည်သင့်ပါတယ်။ နောက်ပြီး သူတို့ရင်းနှီးမြှုပ်နှံလိုက်တဲ့ ကုမ္ပဏီဟာ အဂတိမကင်းတဲ့ အလုပ်တွေမှာပါဝင်ပတ်သက်နေနိုင်တဲ့ ကုမ္ပဏီတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတယ် ဆိုတာကိုလည်း နားလည်သင့်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

HITLC မိတ်ဖက်များအကြား စီးပွားရေးချိတ်ဆက်များနှင့် ဖြစ်နိုင်ဖွယ်ပဋိပက္ခများကို Justice for Myanmar ကပုံဖော်ထားသည့် ဂရပ်ဖစ်ပုံရိပ်

ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အချက်များကို EFGR ၏ ဖွင့်ဟကြေညာချက် (Disclosure) စာရွက်စာတမ်းတွင် မဖော်ပြဘဲထားခဲ့သော်လည်း “EFR ၏ (စာရင်းဝင်ဖြစ်ရေး) တင်ပြချက်သည် YSX ၏ စာရင်းဝင်ကုမ္ပဏီဖြစ်ရေးဆိုင်ရာ လိုအပ်သည့် တင်ပြချက်စံနှုန်းအရကြည့်လျှင် အလွန်ပင် ပြည့်စုံပြီး ထောင့်စေ့အောင်ပြုစုထားသည်ကို ဖတ်ရှုရသည်” ဟု မစ္စဘိုးမင်းက ပြောသည်။

ထိုတင်ပြချက်ထဲတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကုမ္ပဏီ၏အနာဂတ်အကျိုးအမြတ်ဖြစ်နိုင်စွမ်းအပေါ် ထိခိုက်နိုင်ခြေရှိသည်ဟူ၍ ကုမ္ပဏီက ထည့်သွင်းထားသည်။

“တိုင်းရင်းသားများနှင့် ကိုးကွယ်မှုဘာသာ မတူညီသူများအကြား တင်းမာမှုများသည်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခြေအနေ တည်ငြိမ်မှုတို့အတွက် အဟန့်အတားဖြစ်စေပါသည်” ဟု တင်ပြချက်တွင် တွေ့ရသည်။

ထို့အပြင် အဆိုပါပဋိပက္ခများကို တပ်မတော်က မည်သို့ကိုင်တွယ်မည်လဲဆိုသည့်အပေါ်မူတည်ကာ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတကာအရေးယူဒဏ်ခတ်မှုများ၏ အကျိုးဆက်ကိုလည်း သတိပေးထားသည်။

“သူတို့နဲ့ ဖက်စပ်လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေနဲ့ ဆက်စပ်ပြီး ဆုံးရှုံးနိုင်ခြေတွေကို ခြုံငုံဖော်ပြထားပါတယ်” ဟု မစ္စဘိုးမင်းက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးကမူ EFR သည် စာရင်းဝင်ကုမ္ပဏီ ဖြစ်ရေးအတွက် လိုအပ်သည့် အချက်အလက်များအားလုံးပြည့်စုံသည့်အတွက် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်း၏ ဆိပ်ကမ်းအသစ်ပြီးစီးသည့်အခါ တစ်နှစ်လျှင် ကုန်သေတ္တာ ၃၅,၀၀၀ မှ ၇၀,၀၀၀ အထိ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု EFR က ခန့်မှန်းထားသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် EFR သည် ဝင်ငွေ ကျပ် ၁၉ ဘီလျံ ရရှိခဲ့သည်ဟုလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။ 

(မူလသတင်းတွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံမှာ Hlaing Inland Terminal and Logistics Center- HITLC စီမံကိန်းနေရာ မဟုတ်သည့်အတွက် သတင်းဓာတ်ပုံကို ပြန်လည်ပြင်ဆင်ထားပါသည်။ မှားယွင်းမှုအတွက် တောင်းပန်ပါသည်)

Show More

Related Articles

Back to top button