စစ်တပ်ပိုင်ကုမ္ပဏီနှင့် အဆက်ဖြတ်ကာ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာထားသည့် အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးကုမ္ပဏီကြီး Adani က စစ်ကောင်စီနှင့် စီးပွားရေး ဆက်လုပ်နေသည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင် (MEC)ထံမှ နှစ်ရှည် မြေငှားရမ်းလုပ်ကိုင်နေသည့် ရန်ကုန်မြို့ အလုံဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်မည်ဟု Adani ကုမ္ပဏီက ၂၀၂၁ အောက်တိုဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော် ယနေ့အချိန်အထိ Adani က ဆိပ်ကမ်းနှင့် စီမံကိန်းသစ်များကို ဆက်လုပ်နေကြောင်း မြန်မာစစ်တပ်၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို စောင့်ကြည့်နေသည့် အရပ်ဘက်အဖွဲ့အစည်း Justice For Myanmar (JFM) က ယနေ့ (မေ ၄) သတင်းထုတ်ပြန်သည်။
အခြားသော အရပ်ဘက်အဖွဲ့များဖြစ်သည့် ဩစတေးလျမှ ACIJ နှင့် Stop Adani တို့နှင့် ပူးတွဲ၍ JFM က ထုတ်ပြန်ထားခြင်းဖြစ်သည်။
အိန္ဒိယကုမ္ပဏီသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ အရေးယူပိတ်ဆိုခံထားသည့် စစ်တပ်ပိုင် MEC အကျိုးရှိစေမည့် ဆိပ်ကမ်းသုံး ဝန်ချီစက်များဝယ်ယူရန် ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင်သုံးစွဲထားသည်ဟု JFM က ဆိုသည်။
ထို့ပြင် Adani Power Limited က စစ်ကိုင်းတိုင်းတွင် ကျောက်မီးသွေးထုတ်လုပ်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် စိတ်ဝင်စားကြောင်း အဆိုပြုလွှာတစ်စောင်ကို စစ်ကောင်စီလက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံ ပေးပို့ခဲ့ကြောင်း စာရွက်စာတမ်းများ ပေါက်ကြားခဲ့သည်။
Adani ကုမ္ပဏီသည် ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ မြန်မာလူထုနှင့် ရင်းနှီးမြှုပ်နှံသူများကို လှည့်စားခြင်းဖြစ်သလို စစ်ကောင်စီထံမှ ကျောက်မီးသွေးဝယ်ယူရန် ကြိုပမ်းမှုမှာလည်း အာဏာသိမ်းစစ်တပ်ကို ဘဏ္ဍာငွေအထောက်ပံ့ဖြစ်စေကြောင်း Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
“Adani Ports က နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ပုန်းလျှိုးဝှက်လျှိုး အကျင့်ပျက် ခြစားနေတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအတွက် ငွေကြေးရှာဖွေပေးနေတာဖြစ်ပြီး၊ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်ရာမှာ အစမှာကတည်းက ရိုးသားမှုမရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
အိန္ဒိယကုမ္ပဏီက ကျောက်မီးသွေးဝယ်ယူရန် စိတ်ဝင်စားသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ၎င်းတို့ကို တော်လှန်နေသူများကို စရိတ်စက ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုများ အားပြု၍ စစ်ဆင်နေသလို၊ ကျေးရွာများကို မြေလှန်မီးရှို့နေသည်။ စစ်ကောင်စီလက်ချက်ဖြင့် ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများလည်း စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့တွင် ဖြစ်ပေါ်နေသည်။
“ကျောက်မီးသွေးဝယ်ယူဖို့ Adani Power ရဲ့ ကြိုးပမ်းမှုဟာ အကောင်အထည်ပေါ်ခဲ့ရင် လုပ်ပိုင်ခွင့် အလွဲသုံးစား လိမ်လည်မှုမြောက်နိုင်ပြီး၊ စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးကူညီထောက်ပံ့မှာ ဖြစ်ပါတယ်” ဟု မရတနာမောင်က ဆက်ပြောသည်။
အလုံဆိပ်ကမ်းစီမံကိန်းမှ ထွက်ခွာမည်ဟုကြေညာပြီးနောက် ခြောက်လအတွင်း ဒေါ်လာ ၂၄ သန်းခန့် ရှိသော အစုရှယ်ယာချေးငွေကို ကုမ္ပဏီက ခွင့်ပြုခဲ့ကြောင်း၊ ထိုငွေများသည် စစ်တပ်ပိုင် MEC ကို အကျိုးအမြတ်ရစေမည့် ဆိပ်ကမ်းဖွံဖြိုးရေးနှင့် ယန္တယားများ ဝယ်ယူရန်ဖြစ်ကြောင်း JFM က ဆိုထားသည်။
ထို့ပြင် အိန္ဒိယအခြေစိုက် Adani က မြန်မာပြည်လုပ်ငန်းခွဲအတွက် ဒေါ်လာ ၆ ဒသမ ၉ သန်းတန် ဆိပ်ကမ်းသုံးယန္တရားများကို ရောင်းချခဲ့ပြီး ထိုယန္တရားများကို ၂၀၂၂ နှစ်ဆန်းပိုင်းတွင် မြန်မာသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
၂၀၂၂ မတ်အထိ အလုံဆိပ်ကမ်းစီမံကိန်းဧရိယာအတွင်း လုပ်ငန်းတိုးချဲ့မှုများ ရှိနေပြီး ကွန်တိန်နာသယ်ယူနိုင်သည့် ဝန်ချီစက်များ တပ်ဆင်တည်ဆောက်ထားကြောင်း JFMက ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသည်။ စစ်တပ်နှင့် အဆက်သွယ်ဖြတ်ကာ တာဝန်သိ ထွက်ခွာရန် တောင်းဆိုထားသည်။
ရိုက်တာသတင်းတစ်ရပ်တွင်မူ Adani အုပ်စုသည် ယနေ့ (မေ၄) တွင် မြန်မာပြည်ရှိ ၎င်းတို့၏ ဆိပ်ကမ်းစီမံကိန်းကို ဒေါ်လာသန်း ၃၀ ဖြင့် အပြီးသတ် ရောင်းချလိုက်ကြောင်း ဖော်ပြထားသည်။ အသေးစိတ်ကို မသိရသေးပေ။
မြန်မာရှိ ဆိပ်ကမ်းလုပ်ငန်းများကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် အကောင်အထည်ဖော်ရန် စစ်တပ်က ဖြုတ်ချခဲ့သည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရနှင့် ၂၀၁၉ မေလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၃၀ အထိ အမေရိကန်ဒေါ်လာ ၁၅၁ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သော Hindu Business Line က ရေးသားထားသည်။
မြန်မာစစ်တပ်နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီများကို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့ရာ အိန္ဒိယနိုင်ငံမှ Adani ကုမ္ပဏီလည်း အပါအဝင်ဖြစ်သည်။
စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်ကာ စီးပွားရေးလုပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများတွင် ပံ့ပိုးသူ သို့မဟုတ် ထိုပြစ်မှုနှင့် ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရနိုင်ခြေများသည်ဟု ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က သတိပေးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)