ထိုင်းနိုင်ငံသည် အိမ်နီးချင်း မြန်မာတို့ နိုင်ငံရေးနှင့် စီးပွားရေးအရ ခိုလှုံရာ ထိပ်ဆုံးနေရာတစ်ခုအဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားကတည်းက စစ်ကောင်စီ၏ နိုင်ငံအနှံ့ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသားအများအပြား ထွက်ပြေးခိုလှုံလာကြသည်ကို ထိုင်းနိုင်ငံ ကြုံတွေ့ခဲ့ရသည်။ မြန်မာဒုက္ခသည်များကို လက်ခံထားသော နိုင်ငံအဖြစ် ထိုင်းနိုင်ငံ၏ပြယုဂ်သည် ထိုင်းနှင့် မြန်မာ စစ်တပ်အာဏာပိုင်များအကြား နီးကပ်သော ဆက်ဆံရေး ဆက်လက်ရှိနေခြင်းက နားလည်ရခက်သော ဆန့်ကျင်ဘက်အခြေအနေ ဖြစ်ပါသည်။
Myanmar Now သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်း-မြန်မာဆက်ဆံရေးကို လေ့လာနေသူ ဒေါက်တာ သီတီနန် ပွန်ဆူဒီရက်ခ် (Dr. Thitinan Pongsudhirak) က စစ်ကောင်စီ၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ နှစ်ဖက်စလုံးနှင့် ပတ်သက်သော ထိုင်းနိုင်ငံ၏ ပြောင်းလဲနေသော မူဝါဒများအကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာတော်လှန်ရေးအင်အားစုကို လက်နက်ထောက်ပံ့နိုင်ခြေ ရှိမရှိတို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားသည်။
သီတီနန် ပွန်ဆူဒီရက်ခ်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ထိုတက္ကသိုလ်၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာန အကြီးတန်းပညာရှင်တစ်ဦး ဖြစ်ပါသည်။
မေး – စစ်ကောင်စီနဲ့ ထိုင်းနိုင်ငံအကြား ဆက်ဆံရေးကို ဘယ်လိုများ ရှင်းပြနိုင်မလဲ။
ဖြေ – ထိုင်း-မြန်မာဆက်ဆံရေးက ကာလရှည်လျားလှပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ဟာ ပြန်အားကောင်းလာပြီး၊ ၂၀၁၄ ခုနှစ်ကစလို့ ထိုင်းနိုင်ငံရေးကို ထိန်းချုပ်ခဲ့ပါတယ်။ ထိုင်း-မြန်မာဆက်ဆံရေးကို ကြည့်ရင် သက်ဆင် (ထိုင်းဝန်ကြီးချုပ်ဟောင်း) ကာလအစောပိုင်းကို ပြန်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ထိုင်းဘက်ကို မရိုက်ခတ်ဖို့ ထိုင်းက ရှမ်းနဲ့ ကရင်ပြည်နယ်တွေကို “ကြားခံ” (Buffer) ထားတဲ့ မူဝါဒကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပေမဲ့ ဒီသက်ဆင်လက်ထက်ကစပြီး ရပ်တန့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့ ကြားခံမူဝါဒကို စွန့်လွှတ်လိုက်ပါတယ်။ ထိုင်းစစ်တပ်က အာဏာသိမ်းစဉ်တုန်းကလည်း မြန်မာစစ်တပ်နဲ့ အလွန်နီးနီးကပ်ကပ်ဆက်ဆံခဲ့တာကိုလည်း နားလည်ဖို့ လိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း Prem (Tinsulanonda) နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်၊ သူ့ရဲ့ မွေးစားသား ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာမှာ အာဏာသိမ်းတော့ မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဆီကို စာတစ်စောင်ပေးပို့ပြီး သူ့ကို နားလည်မှုပေးဖို့နဲ့ ထောက်ခံဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သာမန်မဟုတ်တဲ့ ကိစ္စပါ။ ဒါ့အပြင် ခင်ဗျားတို့ မှတ်မိကြပါလိမ့်မယ်၊ ထိုင်းစစ်တပ်က မြန်မာနယ်စပ်တစ်လျှောက်က မြန်မာစစ်တပ်ကိုလည်း စားနပ်ရိက္ခာထောက်ပံ့ခဲ့တယ်။ ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အလွန်ထောက်ခံပံ့ပိုး နေရာပေးခဲ့ပါတယ်။ ထိုင်းဟာ CDM (ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေကို မထောက်ခံခဲ့ပါဘူး။ ဒါပေမဲ့ မြေပြင်မှာရှိနေတဲ့ ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်တွေနဲ့ မြန်မာဘက်က ထွက်လာတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို အတော်လေး လက်ခံထားခဲ့ကြပါတယ်။
ဒါက နှစ်လမ်းသွားမူဝါဒပါ။ ထိုင်းအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံအထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့အမည်က ပွန်ပီမော (Pauline” Kanchanalak) ပါ။ သူက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် (Don Pramudwinai) နဲ့အတူ အဓိကကျတဲ့ ပုဂ္ဂိုလ်ပါ။ သူတို့နှစ်ဦးအကြား အထူးဆက်ဆံရေး ရှိပါတယ်။ ပွန်ပီမောဟာ အမေရိကန်မှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လော်ဘီတစ်ဦးဖြစ်ပြီး၊ အခုတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဒွန်နဲ့အတူ ကိုင်တွယ်နေသူ ဖြစ်နေပါတယ်။
ဒီလိုအချိန်မှာ နှစ်လမ်းသွားမူဝါဒနဲ့ ထိုင်းနိုင်ငံဟာ စစ်ကောင်စီကို တော်တော်လေး ထောက်ပံ့သလို၊ မြန်မာနိုင်ငံက ရောက်လာတဲ့ ပြည်သူတွေကိုတော့ မြေပြင်မှာ စာနာထောက်ထား နေရာပေးပါတယ်။ တကယ်လို့များ ထိုင်းက တံခါးပိတ်လိုက်မယ်ဆိုရင်၊ နှစ်လမ်းသွားမူဝါဒကို မကျင့်သုံးတော့ရင်၊ တစ်လမ်းသွားပုံစံနဲ့ မြန်မာစစ်ကောင်စီနဲ့ ပရာယွတ်အစိုးရအကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် ဒါဟာ ပြည်ပထွက်ပြေးလာတဲ့ မြန်မာအတိုက်အခံတွေအတွက် အလွန်ဆိုးရွားသွားနိုင်ပါတယ်။
စစ်တပ်မရှိတဲ့နောက် မြန်မာနိုင်ငံ ပြိုကွဲသွားမှာကို ထိုင်းနိုင်ငံ၊ ထိုင်းအစိုးရနဲ့ ထိုင်းလုံခြုံရေးအဖွဲ့အစည်းများ စိုးရိမ်ကြတယ်လို့ ထင်ပါတယ်။ မြန်မာစစ်တပ်မရှိလဲပဲ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုစုစည်းမှုနဲ့ နယ်မြေတည်တံ့မှုအတွက် ဆက်လက်တည်ရှိနေမယ်၊ တိုင်းပြည်ငယ်များအဖြစ် ပြိုကွဲမသွားဘူးဆိုတဲ့ ခိုင်မာတဲ့ အစီအမံနဲ့ အာမခံချက် ရှိရပါလိမ့်မယ်။ ဒီအချက်က ထိုင်းအစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အစစ်အမှန်စိုးရိမ်မှု ဖြစ်တယ်ဆိုတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ထိုင်းပြည်သူတွေကြားထဲမှာတောင် အဲဒီစိုးရိမ်မှု ရှိပါတယ်။ ဒီလိုဖြစ်လာရင် ထိုင်းနိုင်ငံကို တကယ်ထိခိုက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ ရေကြောင်းဆိုင်ရာအကျပ်အတည်း၊ ပြည်တွင်းစစ် စတဲ့ မတည်ငြိမ်မှုပေါင်းစုံ ဖြစ်လာပြီး ဒီအရာတွေဟာ ထိုင်းနိုင်ငံကို အထိန်းအချုပ်မရှိ ထိခိုက်လာပါလိမ့်မယ်။
ထိုင်းနိုင်ငံအတွင်းက လူတချို့၊ လုံခြုံရေးအဖွဲ့အစည်း၊ ထိုင်းအစိုးရတို့က မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို ထိန်းချုပ်ထားသေးတယ်လို့ ထင်ကြပါတယ်။ ဒီထိန်းချုပ်ထားနိုင်မှုဆိုတဲ့အချက်က ထိုင်းတွေအတွက် အရေးပါဆဲပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် NUG, NUCC (ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီကို ဆန့်ကျင်နေသော အခြားသော အဖွဲ့အစည်းများ စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) တို့အနေနဲ့ ၎င်းတို့အကြားမှာ “တစ်သံတည်း၊ တစ်သဘောတည်း” ရှိပြီး၊ စစ်တပ်ကို အောင်နိုင်ရင် တိုင်းပြည်ကို ရှေ့ဆက်ဦးဆောင်သွားမယ့် သဘောတူညီချက် ရှိထားပြီဆိုပြီး ပြည်တွင်းပြည်ပက ပြည်သူတွေကို အာမခံရမယ့် ကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခု ရှိနေပါတယ်။
မေး – ထိုင်းဘက်က မြန်မာစစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်နေတာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံ တစ်စစီပြိုကွဲထွက်ပြီး ဘောလ်ကန်နိုက်ဇေးရှင်း (Balkanisation) အဖြစ်မျိုး ဖြစ်နိုင်ခြေစိုးရိမ်ချက်က မြန်မာစစ်တပ်နဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ရခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်တယ်လို့ ပါမောက္ခက ပြောတယ်။ ဒီအချက်အပြင် ထိုင်းနဲ့ မြန်မာစစ်တပ်တို့ နီးကပ်နေခြင်းရဲ့ အခြား စီးပွားရေး၊ နိုင်ငံရေးနဲ့ မဟာဗျူဟာကျတဲ့ အကြောင်းရင်းတွေရော ရှိပါသလား။
ဖြေ – အခြားအကြောင်းရင်းတွေလည်း ရှိတာ သေချာတာပေါ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြောင်းရင်းတွေရှိတယ်။ PTT (ထိုင်းအစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ) က မြန်မာမှာ ရှိနေတယ်။ သူတို့ မြန်မာမှာ ဆက်ပြီး ရှိနေဖို့ အကျိုးစီးပွားအများအပြား ရှိနေပါတယ်။ ဂျပန်နဲ့ ဥရောပက အခြားကုမ္ပဏီတွေကတော့ မြန်မာက ထွက်ခွာနေကြပြီ။ အဲဒီလစ်လပ်သွားတဲ့ စီးပွားရေးခွင်နေရာတွေမှာ ထိုင်းနိုင်ငံက အကျိုးအမြတ်ရနိုင်တယ်လို့ ထိုင်းအထူးကိုယ်စားလှယ် ပွန်ပီမောက တွေးပါလိမ့်မယ်။ ဒါ့အပြင် အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုကလည်း ထိုင်းဟာ မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားနေခြင်းပါပဲ။ အဲ့လို မြန်မာ့သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေတဲ့အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံက မြန်မာစစ်တပ်ကို ဆန့်ကျင့်နေတဲ့ မြန်မာလူထုရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအပေါ် အလေးပြုမယ်လို့ ထင်ရင်တော့ ‘အ’ ရာကျပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ လျှပ်စစ်မီးကိစ္စကိုပဲ ကြည့်ပါ။ ဥရောပသားတွေ စွမ်းအင်ဈေးမြင့်တက်တာကို ခံစားနေရတယ်။ ဒါက အဖြစ်မှန်ပဲလေ။ ဒါကြောင့် စွမ်းအင်အတွက် မြန်မာကို ထိုင်းက မှီခိုနေရတယ်။ မြန်မာ ပြိုကွဲမဲ့ကိစ္စ သက်သက်မဟုတ်ပါဘူး။ စီးပွားရေးအကျိုးစီးပွားတွေရှိတယ်။ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် မြန်မာနိုင်ငံက အလွန်အရေးကြီးတာ အမှန်ပဲ။
နောက်ထပ်အကြောင်းရင်းက လက်ရှိထိုင်းအစိုးရဟာ ဘုရင့်သစ္စာခံ ရှေးရိုးစွဲဝါဒီတွေရဲ့ အစိုးရဖြစ်တယ်။ ဒီလိုအစိုးရမျိုးတွေဟာ ဒီမိုကရေစီလိုလားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအစိုးရဟာ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပေးလိမ့်မယ်လို့ ရှုမြင်လို့ မရနိုင်ပါဘူး။ ဒီလိုသာ မျှော်လင့်နေမယ်ဆိုရင်၊ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှုက အခြေပိုခိုင်မာလာမယ်ဆိုရင် ဒါဟာ ရှေးရိုးစွဲအစိုးရရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်မှာကို မမြင်တွေ့လိုတဲ့ ဘုံအကျိုးစီးပွားနဲ့ ဘုံရပ်တည်ချက်တချို့ သေချာပေါက် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဒီမိုကရေစီအရေး အောင်မြင်သွားခဲ့ရင် အဲဒါဟာ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံရေးနဲ့ ထိုင်းနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုကိုပါ ရိုက်ခတ်လာနိုင်လို့ပါပဲ။ ဒါကြောင့် ခြုံပြီးပြောရရင် အထက်က ဆွေးနွေးခဲ့တဲ့ အကြောင်းတရားတွေကြောင့် လက်ရှိထိုင်းအစိုးရဟာ မြန်မာစစ်ကောင်စီကို အတော်လိုက်လျောညီထွေပြုမယ်ဆိုတဲ့ မူဝါဒ ထားရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အခြားရှုထောင့်က ကြည့်ရင်လည်း ထိုင်းနိုင်ငံမှာ (၂၀၂၃ မေလ ရွေးကောက်ပွဲအပြီး) အစိုးရသစ်တစ်ရပ် တက်လာရင် ထိုင်းမြန်မာဆက်ဆံရေး အပြောင်းအလဲတစ်ခု ရှိလာနိုင်မလား၊ ဒီလိုဆို သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ အစိုးရအသစ်ဖွဲ့လို့ နိုင်ငံခြားရေးဝန်ကြီးအသစ် ဖြစ်လာမယ်ဆိုရင် သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒွန်နဲ့ ပွန်ပီမောတို့က ထိုင်းနိုင်ငံနဲ့ အာဆီယံ အကျိုးယုတ်စေမယ့် ထိုင်းနိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာမူဝါဒတွေကို ကိုင်တွယ်နေကြလို့ပါပဲ။ ဒါဟာ စိတ်ပျက်စရာကောင်းတဲ့ ပွဲတစ်ခုပါ၊ အတော်လေး ဆိုးရွားပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဦးစားပေးမှုတွေနဲ့ အကျိုးစီးပွားတွေအတွက် အာဆီယံကို ဓားစာခံလုပ်ထားတယ်၊ ထိုင်းနိုင်ငံကို ဓားစာခံလုပ်ထားကြတယ်။
နိုင်ငံခြားရေးဝန်ကြီးအသစ် ရှိခဲ့မယ်ဆိုရင် ညှိနှိုင်းနိုင်မယ့် အခွင့်အလမ်းတချို့ ရှိလာနိုင်ပါတယ်။ ကြီးမားတဲ့ အပြောင်းအလဲတော့ ဖြစ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ထိုင်းအစိုးရတွေက သူတို့ရဲ့ လူသိရှင်ကြား တရားဝင်မူဝါဒတွေအပေါ် အလွန်သတိထားတတ်ကြလို့ပါပဲ။ သူတို့က NUG, NUCC, CDM, PDF ဒါမှမဟုတ် EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကို ထောက်ခံလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ လူသားချင်းစာနာမှုအကူအညီတွေကို ပိုပြီး ထောက်ပံ့လာနိုင်ပါတယ်။ ပြီးတော့ အာဆီယံအဆင့်မှာ ထိုင်းနိုင်ငံက ပိုပြီးကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်လာနိုင်ပါတယ်။ ဒီနှစ် အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌပါ။ ဒါကြောင့် အင်ဒိုနီးရှားက ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး တစ်ခုခုကိုတော့ သူစွမ်းနိုင်သမျှ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်ကတော့ သိပ်မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ သူတို့ ကြိုးစားပါလိမ့်မယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်တစ်ယောက် ဖြစ်လာရင်တော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ တရားဝင်မူဝါဒမှာတော့ အကြီးအကျယ်ပြောင်းလဲဖို့ မရှိပေမဲ့ မြေပြင်မှာတော့ သိသာထင်ရှားလာပါလိမ့်မယ်။
မေး – နိုင်ငံတကာအသိုင်းအဝိုင်းကို ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသ ဖွင့်မပေးရင်တော့ နေရပ်ရွှေ့ပြောင်းဒုက္ခသည် ၁ သန်းကျော်ကို ကူညီထောက်ပံ့မှုပေးဖို့ မဖြစ်နိုင်ပါဘူး။ ထိုင်းရဲ့ လက်ရှိ နယ်စပ်ဒေသဆိုင်ရာ မူဝါဒက လမ်းကြောင်းအမှန်ပဲလို့ ထင်ပါသလား။ မထင်ဘူးဆိုရင် ဘယ်လိုအပြောင်းအလဲ လုပ်နိုင်မလဲ။
ဖြေ – လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် တရားဝင်မူဝါဒက အလွန်သတိထားကြတယ်။ ဒါပေမဲ့လည်း တရားမဝင်မူဝါဒကို ကြည့်ရမှာ ဖြစ်တယ်။ တစ်ယောက်ယောက်က ဘန်ကောက်က နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် လမ်းကြောင်း ပိုပြီးလိုချင်တယ် ပြောရင် အလွန်ကောင်းမွန်တဲ့ အဖြေတော့ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနတစ်ခုလုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်မှုတွေဟာ ဝန်ကြီးနဲ့ အထူးကိုယ်စားလှယ်အပေါ်မှာပဲ မူတည်နေတယ်။ ဒါကြောင့် မြေပြင်မှာပဲ နယ်စပ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ပျော့ပျောင်းမှုတချို့၊ ဖွင့်ပေးမှုတချို့ ရှာကြံဖို့ ကြိုးစားရမှာပဲ ဖြစ်တယ်။ ဒီလိုလုပ်တာဟာ အခြေအနေကြည့်လုပ်ရသလိုပါပဲ၊ စနစ်တကျဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းကပဲ အတော်လေး အထောက်အကူဖြစ်ပါလိမ့်မယ်။
ဒုတိယအချက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းအစိုးရ၊ လုံခြုံရေးအဖွဲအစည်းများရဲ့ တရားဝင်မူဝါဒရော တရားမဝင်မူဝါဒပါ ပိုမိုပျော့ပျောင်းလာစေဖို့၊ သူတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးလာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ သံရုံးတွေ၊ နိုင်ငံတကာအေဂျင်စီတွေ၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေ နယ်စပ်ဒေသမှာ အလုပ်လုပ်နိုင်ပါတယ်။ ဒါဆိုရင် အထောက်အပံ့တွေရရှိဖို့ သူတို့မှာ ပိုပြီးအင်အားရှိပါတယ်။ ဒါလည်းပဲ စနစ်တကျတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ဒီလိုလုပ်တာဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုပ်ဖို့၊ စောင့်ကြည့်မှုကနေ လွတ်အောင်လုပ်ဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာလည်း အပြောင်းအလဲတချို့ လုပ်ဆောင်နိုင်ပါသေးတယ်။
မေး – အာဆီယံက ဦးဆောင်ပြီး ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးရေးအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။
ဖြေ – ဒါက ထိုင်းနိုင်ငံအပေါ် အများကြီး မူတည်နေပါတယ်။ ထိုင်းက မြန်မာနဲ့ ရှည်လျားတဲ့နယ်စပ် ထိစပ်နေပါတယ်။ ထိုင်းရွေးကောက်ပွဲပြီးရင် အစိုးရအပြောင်းအလဲဖြစ်လာဖို့ တကယ်မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေပြောင်းနိုင်ပါတယ်။ အမြဲတမ်းသတိပြုရမှာက တရားဝင်မူဝါဒအပြောင်းအလဲက သိပ်ကြီးမားမှာ မဟုတ်ပါဘူး၊ မြေပြင်က တရားမဝင်အပြောင်းအလဲက အလွန်သိသာထင်ရှားနိုင်ပါတယ်။ ထိုင်းအစိုးရဟာ ရှေ့ထွက်ပြီး CDM, PDF, NUG ကို ကူညီမယ်လို့ ပြောမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ ပြောင်းလဲမှုတချို့ ရှိနိုင်ပါတယ်။ အဆုံးစွန်အားဖြင့် အင်ဒိုနီးရှားက တွေ့ဆုံဆွေးနွေးမှုတချို့အတွက် ကြားဝင်ဆောင်ရွက်နိုင်ပြီး၊ (အာဆီယံ တူညီဆန္ဒ ၅ ချက်ထဲက တစ်ချက်ဖြစ်တဲ့) လူသားချင်းစာနာမှု အကူအညီတချို့ စတင်ပေးနိုင်ရင်တောင်မှ ဒီလိုကူညီဖို့ ထိုင်းကတစ်ဆင့်ပဲ သွားရမှာပါ။ မြန်မာကို လေယာဉ်စင်းလုံးပြည့် အကူအညီမျိုး ရှိလာလိမ့်မယ် မဟုတ်ပါဘူး။ ဒီအကူအညီက နယ်စပ်ကတစ်ဆင့်ပဲ သွားမှာပါ။ ထိုင်းအစိုးရကို ဖိအားနည်းနည်းပိုပေးဖို့ ဒါမှမဟုတ် နယ်စပ်ကတစ်ဆင့် အကူအညီပိုပေးတာကို ခွင့်ပြုဖို့ အင်ဒိုနီးရှားကို လူတချို့ ပြောနိုင်ပါတယ်။ အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီအတွက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအပေါ် မူတည်ပါတယ်။ သူတို့က မဖွင့်ပေး၊ လက်မခံပါဘူး။ ဒါကြောင့် တရားမဝင်လမ်းကြောင်းကိုပဲ အားထားရလိမ့်မယ်။
မေး – အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုချက်တွေကို လိုက်လျောတယ်ဆိုတဲ့ ပုံစံပြဖို့ မြန်မာစစ်ကောင်စီက ထောင်နဲ့ချီတဲ့ ရာဇဝတ်အကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားအနည်းငယ်နဲ့ ရောပြီး လွှတ်ပေးတာကလွဲရင် ဘာမှမလုပ်ပါဘူး။ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ ဒါမှမဟုတ် ထုတ်ပယ်သင့်တယ်လို့ ထင်သလား။
ဖြေ – မြန်မာကိစ္စမှာ အာဆီယံထဲ ကွဲနေတယ်။ ဒီနှစ်မှာ အင်ဒိုနီးရှားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတယ်။ အင်ဒိုနီးရှားက သိသာထင်ရှားတဲ့ လုပ်ဆောင်ချက် မလုပ်နိုင်ဘူးဆိုရင် အာဆီယံလုပ်နိုင်တာ ဘာမှ သိပ်ရှိမှာ မဟုတ်တော့ပါဘူး။
ထိုင်းနိုင်ငံမှာ အစိုးရသစ် နိုင်ငံခြားရေးဝန်ကြီးသစ်သာ ရှိခဲ့မယ်ဆိုရင် အခြေအနေဟာ သိသာထင်ရှားလာနိုင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးသစ်နဲ့ ထိုင်းနိုင်ငံက အနာဂတ်မျှော်ကြည့်ပြီး အင်ဒိုနီးရှားနဲ့ ပူးပေါင်းလုပ်နိုင်မယ်ဆိုရင် ပိုပြီး အားကောင်းတဲ့ ညှိနှိုင်းနိုင်မယ့် အခွင့်အာဏာရှိလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာကို ဆိုင်းငံဖို့ကို နည်းစနစ်အားဖြင့် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာဆီယံပဋိညာဉ်ကို ကြည့်မယ်ဆိုရင် ဆိုင်းငံ့ဖို့၊ ထုတ်ပယ်ဖို့ အခွင့်အရေးကို အခြားခေါင်းဆောင်တွေကို ပေးအပ်ထားပါတယ်။ သူတို့ ဘာမဆို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လုပ်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ မြန်မာကို အာဏာသိမ်းလို့ အဖွဲ့ဝင်အဖြစ်က ထုတ်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ လုပ်ရင် ထိုင်းကလည်း စစ်အာဏာသိမ်းမှု ရှိခဲ့တာပါပဲ။ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုလား၊ ဒါဆို ထိုင်းမှာလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာပဲ၊ ကမ္ဘောဒီးယားမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်။ ဒါကြောင့် မြန်မာကို ဆိုင်းငံ့လိုက်ရင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း တို့ကိုလည်း ဆိုင်းငံ့နိုင်ပါတယ်။ မြန်မာကို ကိုင်တွယ်ဖို့ ရှင်းလင်းတဲ့ သတ်မှတ်ချက် ရှိမနေပါဘူး။
မေး – မြန်မာစစ်ကောင်စီကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးနဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်တာ အတော်ထူးခြားတဲ့ လုပ်ရပ်မဟုတ်ဘူးလား။ ယခင်က မလုပ်ခဲ့ဖူးတဲ့ကိစ္စ မဟုတ်ဘူးလား။ ဘယ်အရာတွေက ဒီလိုဖြစ်လာအောင် လုပ်ခဲ့တာလဲ။
ဖြေ – ဒီလိုလုပ်နိုင်တာ အာဆီယံအတွင်း ညှိနှိုင်းနိုင်မှုကြောင့်လို့ မြင်တယ်။ ဒါဟာ အာဆီယံက မြန်မာကို ဆိုင်းငံ့ထားတာပဲ။ ဒီလိုလုပ်ဖို့ ရွေးချယ်တာဟာ အင်ဒိုနီးရှားနဲ့ မလေးရှားက ဒါကို ထောက်ခံခဲ့တာကြောင့် ဖြစ်တယ်။ သူတို့က အာဆီယံ တစ်ခုခုလုပ်ရမယ်လို့ ဖိအားပေးခဲ့တာပါ။ ဒါကြောင့် အာဆီယံဟာ မြန်မာကိုယ်စားလှယ်ကို နိုင်ငံရေးအရ ကိုယ်စားပြုသူ မဖြစ်ရဘူးဆိုတဲ့ စည်းကမ်းချက်ကို လုပ်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီ မဖြစ်နိုင်ဘူး၊ စစ်ကောင်စီမဟုတ်တဲ့ ပိုပြီးအဆင့်နိမ့်တဲ့ အရာရှိဖြစ်ရပါမယ်။ ဒါဟာ အာဆီယံဘက်က အရေးယူမှုတစ်မျိုးပါ။ တစ်ဝက်တစ်ပျက်အရေးယူမှုပါ။ ဘာလို့လဲဆိုတော့ အခြားနိုင်ငံတွေက အဲ့ဒါထက်ပိုပြီး မလုပ်ချင်ကြလို့ပါ။ မြန်မာ (စစ်ကောင်စီ) က ဒါကို စိတ်ပျက်ပါတယ်။ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ပေါ့။
ဒုတိယအကြောင်းရင်းက အာဆီယံဟာ ပြင်ပက ပိုပြီးအင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံနေရပါတယ်။ အာဆီယံက ငတုံးမဟုတ်ပါဘူး။ မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်ပေးလိုက်ရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒါမှမဟုတ် (ဂျပန်ဝန်ကြီးချုပ်) ဖူမီအို ကိုင်ရှိဒါလို ခေါင်းဆောင်တွေက အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်မှာ မဟုတ်တော့ပါဘူး။ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မပေးခြင်းဟာ အာဆီယံက သူ့ကိုယ်သူ ကယ်တင်နေခြင်းပါပဲ။
မေး – NUG ကို အသိအမှတ်ပြုဖို့နဲ့ လေယာဉ်ပစ်လက်နက်ကဲ့သို့ လက်နက်မျိုးတွေ ထောက်ပံ့ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပါမောက္ခက ထိုင်းသတင်းစာတွေမှာ ရေးပြီး တောင်းဆိုခဲ့တာ တွေ့ရတယ်။ ဒီလို စစ်ရေးအကူအညီမျိုး မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ ရရှိဖို့ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ။ ဒီလိုဖြစ်လာမယ်ဆိုရင် ထိုင်းနိုင်ငံကရော ဘယ်လိုအခန်းကဏ္ဍမှာ ရှိမလဲလို့ ထင်ပါသလဲ။
ဖြေ – NUG ဟာ စွမ်းဆောင်နိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ လေ့လာရမှာတွေ အများကြီးရှိပါတယ်။ သူတို့မှာ အခွန်နဲ့ လှူဒါန်းငွေတွေ ကောက်ခံနိုင်တဲ့ စွမ်းဆောင်ရည်တချို့ ရှိပါတယ်။ NUG ဟာ ငွေကြေးနဲ့ ရန်ပုံငွေများကို ဆွဲဆောင်နိုင်စွမ်းရှိတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပေါင်းစပ်ညှိနှိုင်းနိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။ PDFs တွေမှာ ရိုးရှင်းပြီး ညီညွတ်တဲ့ အမိန့်ပေးထိန်းချုပ်မှုတချို့ ရှိဖို့လိုပါတယ်။ PDF အချင်းချင်း တိုက်ခိုက်မယ်ဆိုရင် ဒါဟာ တော်လှန်ရေးအတွက် အလွန်ဆိုးရွားပါတယ်။ လူတိုင်းက နောက်ဆုတ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ ကြောက်ပါတယ်။ ဘယ်သူကမှ တော်လှန်ရေးအင်အားစုတွေကို လက်နက် ဒါမှမဟုတ် လေယာဉ်ပစ်လက်နက်တွေ ထောက်ပံ့မှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ PDFs တွေဟာ သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်းမရှိသူတွေလို့ ထင်သွားပါလိမ့်မယ်။ အရာမှန်သမျှ ဘယ်လိုဖြစ်လာမလဲဆိုတာကို စစ်မြေပြင်က ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် မျှတတဲ့ တိုက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုရင် ဒါဟာ အလွန်အရေးကြီးတဲ့ အောင်မြင်မှုပါပဲ။
အခု လက်နက်ရှိလာရင် တိတ်တိတ်နေသင့်ပါတယ်။ ယူကရိန်းက တိတ်တိတ်မနေဘူး၊ လူသိရှင်ကြား လုပ်လွန်းတယ်။ မြန်မာတော်လှန်ရေးအုပ်စုတွေအတွက် နိုင်ငံတကာမှာ ပြဿနာတစ်ခုရှိတယ်။ တကယ်လို့ အမေရိကန်က ယူကရိန်းနဲ့ ယှဉ်ပြီး မြန်မာတော်လှန်ရေးအင်အားစုတွေကို လက်နက်အနည်းငယ်ပေးမယ်ဆိုရင် ဘယ်သူတွေကို ပေးရမှာလဲ။ ဒီလက်နက်တွေနဲ့ အသုံးပြုပြီး မြန်မာစစ်တပ်ကို ထိထိရောက်ရောက် တိုက်ခိုက်သလား၊ သူတို့ ဘယ်လိုသိနိုင်မလဲ။ မတိုက်ဘဲ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒီလက်နက်တွေကို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းစားပြီး ငွေရှာတဲ့ အကျင့်ပျက်ခြစားမှုမျိုး မလုပ်ဘူးလို့ သူတို့ ဘယ်လိုသိနိုင်မလဲ။ ဒါကြောင့် ဒီအချက်တွေဟာ NUG, NUCC, PDFs, EAOs တွေ ပြင်ဆင်ရမယ့် အရာတွေပဲ။ သူတို့မှာ တပ်ဖွဲ့စည်းပုံ ကွဲပြားရင်တောင် ဗဟိုထိန်းချုပ်တဲ့ အမိန့်ပေးစနစ်တစ်ခု ရှိဖို့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် အခြားသူတွေက လက်နက်ထောက်ပံ့ပေးဖို့ အလွန်ခက်ခဲပါလိမ့်မယ်။
လက်နက်တွေ ရရှိဖို့ဆိုရင်လည်း ထိုင်းကပဲ ဖြတ်ရမှာပါပဲ။ အိန္ဒိယ ဒါမှမဟုတ် တရုတ်က ဖြတ်မှာမဟုတ်ပါဘူး။ တရုတ်က သူ့ရဲ့ ကိုယ်ပိုင်လက်နက်ကိုပဲ ထောက်ပံ့ပေးလေ့ရှိတယ်။ ၁၉၈၀ ပြည့်နှစ်တွေက ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်တော့ အနောက်နိုင်ငံတွေက ထိုင်းကတစ်ဆင့် ကမ္ဘောဒီးယားကို လက်နက်ကူညီတာ လုပ်ခဲ့ဖူးပြီး ဖြစ်တယ်။ အဲ့တုန်းက အကျင့်ပျက်ခြစားမှု အများအပြားရှိခဲ့တယ်။ နောက်ဆုံးတော့ ကမ္ဘောဒီးယားတော်လှန်ရေးအင်အားစုများက ဗီယက်နမ်ကျူးကျော်မှုကို အောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ မြန်မာအရေးမှာ ပြင်ပက လက်နက်အထောက်အပံ့မရဘဲ တော်လှန်ရေးအင်အားစုများအတွက် အခွင့်အလမ်းမရှိပါဘူး။ စစ်ကောင်စီရော တော်လှန်ရေးတွေဘက်ကပါ ဘယ်ဘက်ကမှ မနိုင်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ မြန်မာစစ်တပ် ပြိုလဲဖို့ကလဲ မသေချာသေးပါဘူး။
မေး – အခြား ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား။
ဖြေ – လက်ရှိမှာတော့ ဘယ်ဘက်ကမှ မနိုင်တဲ့ အခြေအနေကတော့ တော်တော်လေး ရှင်းလင်းပါတယ်။ စစ်ကောင်စီမှာ တင့်ကားတွေနဲ့ စစ်သည်တင် သံချပ်ကာကားတွေ အကုန်လုံးရှိတယ်။ အခြားတစ်ဖက်မှာ EAOs တွေနဲ့ NUG က ထောက်ပံ့ကူညီနေတဲ့ PDFs တွေမှာလည်း ပြတ်သားခိုင်မာတဲ့ စိတ်ဓာတ်နဲ့ စိတ်အင်အားတွေရှိတယ်။ သူတို့ရဲ့ စိတ်အင်အားက အများကြီး အခရာကျပါတယ်။ အခုဆို ရေရှည်မှာ တိုက်ပွဲအရှိန်က ထိပ်ရောက်လာမယ်ဆိုရင် မြန်မာစစ်တပ်အတွက် အခွင့်အလမ်းမရှိပါဘူး။ ရေရှည်မှာ တော်လှန်ရေးအင်အားစုတွေဘက်မှာ အခွင့်အလမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်မိတာက တော်လှန်ရေးအင်အားစုတွေဘက်က စုစည်းမှု၊ မဟာဗျူဟာမြောက်စုဖွဲ့နိုင်မှုပါပဲ။ တကယ်လို့ တော်လှန်ရေးအင်အားစုတွေဟာ ညီညွတ်မှုကို ပြသနိုင်မယ်ဆိုရင် သူတို့ ထိထိရောက်ရောက် တိုက်နိုင်မှာပါ။ သူတို့ဟာ သူတို့ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ဓာတ်ကို ပြသခဲ့ပြီးပါပြီ။ သူတို့ဟာ အလွန်တိုက်ရဲခိုက်ရဲကြတယ်၊ ရဲရင့်ကြတယ်ဆိုတာ ဘယ်သူမှ သံသယမရှိကြပါဘူး။ ဒါပေမဲ့ တော်လှန်ရေးအရှိန် ထိပ်ဆုံးရောက်လာရင် စုဖွဲ့မှု၊ ဂုဏ်သိက္ခာရှိမှု၊ ညီညွတ်မှုနဲ့ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ လူအများအပြား စိုးရိမ်နေတာက သူတို့ဟာ အထိန်းအချုပ်မဲ့သူတွေ ဖြစ်နေရင် လူတွေက နောက်ဆုတ်သွားကြလိမ့်မယ်။
ထိုင်းအစိုးရ တွေးဆချက်က – “အနည်းဆုံးတော့ မြန်မာစစ်တပ် အာဏာရှိနေရင် သူတို့နဲ့ ဆက်ဆံလို့ ရနိုင်တယ်။ သူတို့က စုစုစည်းစည်း ဖွဲ့စည်းထားတယ်၊ မဟာဗျူဟာရှိတယ်” ဆိုတာပါပဲ။ ဒါကို ကျွန်တော် လုံးဝသဘောမတူပါဘူး။ ဒါပေမဲ့ လူအများအပြားအတွက် ဒါဟာ အလွန်အရေးကြီးပါတယ်။ NUG က စုစည်းညီညွတ်မှု၊ မဟာဗျူဟာရှိမှု၊ ဖွဲ့စည်းပုံကျမှု၊ အာမခံနိုင်မှု စတာတွေကို ပြင်ဆင်ထားနိုင်ရပါလိမ့်မယ်။ ဒါဆိုရင် NUG ကို ပိုပြီး အလေးထားဆက်ဆံကြပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး စိုးရိမ်နေတာက မြန်မာ့သမိုင်းမှာ ဗဟိုချက်က အလွန်အင်အားတောင့်တင်းရပါတယ်။ တကယ်လို့ ဗဟိုက ပြိုလဲရင် တိုင်းပြည်ပြိုကွဲတာပါပဲ။ ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေက အများကြီးစဉ်းစားပြီး၊ ဒီအတွက် လုပ်ဆောင်နေပြီး ရလဒ်တချို့ ရရှိနေပြီလို့ ပြင်ပကလူတွေကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)