ဆောင်းပါး

စစ်ကောင်စီရဲစခန်းမှ PDF ရဲဘော်များကို ကယ်ထုတ်ခြင်း

လွန်ခဲ့သော တစ်လကျော် ဇွန်လဆန်းပိုင်းဖြစ်သည်။ ညအချိန်တွင် လူတစ်စု အရေးတကြီးတိုင်ပင်နေကြသည်။ ကရင်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ် တောတွင်းတစ်နေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။ မှောင်မိုက်သော ဝန်းကျင်တွင် လက်နှိပ်ဓာတ်မီးအလင်းရောင် ထိုးထွက်နေသည်။

အနီရောင် ကရင်ရိုးရာအင်္ကျီနှင့် ဘောင်းဘီတိုဝတ် အမျိုးသားတစ်ဦး မြေကြီးပေါ် ငုတ်တုတ်ထိုင်လျက်ရှိသည်။ တုတ်ချောင်းစတစ်ခုဖြင့် မြေကြီးပေါ်၌ လမ်းကြောင်းများ ရေးဆွဲပြနေသော ထိုသူကို လက်နှိပ်မီးအလင်းရောင် ထိုးပေးနေခြင်းဖြစ်သည်။ 

“စစ်ကြောင်းသုံးကြောင်း ထွက်မယ်ဆိုတော့ ငါအလယ်မှာ နေမယ်။ ငါအလယ်မှာနေမှ ငါပြောတာ အကုန်လုံးမြင်ရမှာ” 

ကရင်သံဝဲဝဲဖြင့် ပြောဆိုနေသည့် အသက် ၂၅ နှစ်အရွယ် ထိုလူငယ်ရွယ်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ အထူးကွန်မန်ဒိုတပ်ခွဲမှူး စောဝင်းမြင့်ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNDO မှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို မနားတမ်း ခုခံတော်လှန်နေသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဝေါလေရဲစခန်းကို သွားရောက်တိုက်ခိုက်ရန် စောဝင်းမြင့်တို့လူစု အစီအစဉ်ဆွဲနေကြခြင်းဖြစ်သည်။ 

ဝေါလေရဲစခန်းမှာ သူတို့ဌာနစခန်းနှင့် ခြေလျင်ခရီး သုံးရက်ကွာဝေးသည်။ တောလမ်းအတိုင်း ချီတက်ခဲ့ရခြင်းဖြစ်သည်။ လူသူလက်နက်အင်အား အစစအရာရာ သာလွန်သည့် အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲစခန်းကို တိုက်ခိုက်ရေး စစ်ရေးအပြင်အဆင်က သာမန်မျှသာ။ မြေကြီးပေါ်ဝိုင်းဖွဲ့ကာ စစ်ဗျူဟာခင်းခြင်းဖြစ်သည်။

“ဒီနေရာ မိုင်းရှိတယ်နော်။ မသွားနဲ့နော်၊ နည်းနည်းကျွံပြီးတော့ နောက်နားမှာနေ” ဟု တုတ်ချောင်းစဖြင့် မြေကြီးပေါ် ခြစ်ရင်း စောဝင်းမြင့်က ညွှန်ကြားနေသည်။ ဝေါလေရဲစခန်းတည်နေရာကို အလွတ်ရနေသူ ၎င်းမှာ စစ်ကြောင်းမှူးအဖြစ်လည်း တာဝန်ယူထားသည်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ဝေါလေရဲစခန်းကို စောဝင်းမြင့်ဦးဆောင်သော KNDO အဖွဲ့က လူအင်အား ၅၀ ခန့်ဖြင့် သွားရောက်တိုက်ခိုက်မည်ဖြစ်သည်။

“အဲဒီအဝင်တစ်ချက်ကို မင်းတို့ပစ်ရမှာ ၅ မိနစ်လောက်ပဲ။ ပစ်ပြီးရင် မင်းတို့ပြန်လာရမယ်၊ ဒီမှာ မြောင်းရှိတယ် ဒီမြောင်းထဲမှာ နေလို့ရတယ်” ဟု စစ်ကြောင်းမှူးစောဝင်းမြင့် သူ့လူများကို အတိအကျ မှာကြားနေသည်။ 

“စခန်းသိမ်းမယ်၊ PDF တွေကိုကယ်မယ်”

ဝေါလေရဲစခန်းတိုက်ပွဲအပြီး ဖမ်းဆီးခံရသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

ဝေါလေရဲစခန်းကို သွားရောက်တိုက်ခိုက်ရသည့် ရည်ရွယ်ချက်မှာ စခန်းသိမ်းရန်နှင့် စစ်ကောင်စီက ဖမ်းဆီးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန်ဖြစ်သည်။ အသက် ၂၀ ဝန်းကျင် အမျိုးသမီးလေးဦးနှင့် အမျိုးသားငါးဦး စုစုပေါင်း PDF လူငယ် ၉ ဦးကို ကယ်ထုတ်မည်ဖြစ်သည်။

ထိုလူငယ်များမှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် မြို့ပြကို စွန့်ခွာပြီးနောက် PDF တပ်ဖွဲ့ဝင်ဖြစ်လာသူများဖြစ်သည်။ KNU ထိန်းချုပ်နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသူများဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း စခန်းပြောင်းရွှေ့ရင်း မြဝတီမြို့နယ်တစ်နေရာတွင် ထို PDF လူငယ် ၉ ဦး အဖမ်းခံရသည်။ စစ်ကောင်စီတပ်က ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ဝေါလေရဲစခန်းတွင် ချုပ်နှောင်ထားခြင်းဖြစ်သည်။ 

ဝေါလေရဲစခန်းကို မျက်စိစပါးမွေးစူးနေသည့် KNDO က စခန်းကို ဝင်တိုက်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို PDF လူငယ် ၉ ဦးပါ ကယ်ထုတ်ရန် ကြံစည်ထားသည်။ 

“PDF ကလေးတွေကို ကယ်ဖို့လည်း ဟုတ်တယ်။ ပြီးတော့ အဲဒီရဲစခန်းကို ဖြုတ်ချင်တယ်။ လူကို ခဏခဏဖမ်း၊ ခဏခဏပိုက်ဆံတောင်း၊ အဲဒါ စိတ်ညစ်စရာကောင်းတယ်လေ” ဟု KNDO ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်စလုံးက ပြောသည်။ 

မြဝတီ – ဝေါလေလမ်းပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဝေါလေရဲစခန်းသည် PDF အဖွဲ့ဝင် လူငယ်များကို မကြာခဏ ဖမ်းဆီးလေ့ရှိသည်ဟု ဆိုသည်။ ထို့ပြင် ဖြတ်သန်းသွားလာသည့် ကားများကို တားဆီးစစ်ဆေးတတ်သဖြင့် ထိုစခန်းကို တိုက်ခိုက်ဖျက်ဆီးရန် သုံးလကြာ ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်စလုံးမှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း KNDO ထံ ဘက်ပြောင်းခဲ့သူဖြစ်သည်။ လက်ရှိတွင် DKBA အဖွဲ့မှာ စစ်ကောင်စီဘက်မှ ဝင်တိုက်ပေးလျက်ရှိသည်။​

ဝေါလေရဲစခန်းကို စစ်ကြောင်းမှူး စောဝင်းမြင့်ဦးဆောင်သော KNDO ကွန်မန်ဒိုအဖွဲ့က ဇွန် ၁၃ ရက်တွင် ဝင်ရောက်တိုက်ခိုက်သည်။ ဗိုလ်စလုံးမှာ တိုက်ပွဲအတွင်း ကိုယ်တိုင်မပါဝင်ခဲ့ပေ။ ဌာနချုပ်စခန်းမှနေ၍ ကြီးကြပ်နေခဲ့သည်။

“ကျွန်တော် မအိပ်ဘူး။ ကျွန်တော့်လူတွေ အလုပ်လုပ်တဲ့အချိန်မှာ ကျွန်တော်က တိုက်ပွဲကို ထိန်းရမယ်လေ။ အကွက်ဆင်ရမယ်လေ” ဟု ဗိုလ်စလုံးက ပြောသည်။ 

“ရဲစခန်းကို သိမ်းမယ်၊ မီးနဲ့ရှို့မယ်၊ အချုပ်ထဲမှာရှိတဲ့သူတွေ အားလုံးကယ်ထုတ်လာဆိုပြီး သူတို့ကို ညွှန်ကြားလိုက်တာ” 

ရဲစခန်းကိုတိုက်ရန် စစ်ကြောင်းချီသည့်အခါ သတင်းပေါက်ကြားမှု မရှိစေရေး ရွာများကို ရှောင်ကွင်းလျက် တောလမ်းအတိုင်း တိတ်တိတ်ဆိတ်ဆိတ် ချီတက်ရသည်။

ဝေါလေရဲစခန်းကိုဝင်တိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူရောက်မလာနိုင်စေရန် လူထက်ဝက်ခန့် ကို သေနတ်တစ်ပစ် အကွာအဝေးရှိ ဝေါလေဗျူဟာကုန်းကို သွားရောက်ပစ်ခတ်ရန် ဗိုလ်စလုံးက သူ့လူများကို ညွှန်ကြားခဲ့သည်။

“သူတို့ထင်တာက ဗျူဟာကုန်းကို လာတိုက်တယ်ထင်တာ၊ ကျွန်တော်တို့က ခြိမ်းခြောက်တာပါ။ တကယ်သိမ်းတာက ရဲစခန်း” 

ဗိုလ်စလုံး၏ အကြံအစည် အောင်မြင်သည်ဟု ဆိုရပေမည်။ ရဲစခန်းအတိုက်ခံရချိန်တွင် အင်အား ၁၀၀ ကျော်ရှိ ဝေါလေဗျူဟာကုန်းမှ စစ်သားများ စစ်ကူမပေးနိုင်ခဲ့ပေ။ ဗျူဟာမှူးအဆင့် အရာရှိ စခန်းထိုင်သည့် ထိုဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့်သာ ပစ်ကူခဲ့သည်။ 

စစ်ကြောင်းမှူး စောဝင်းမြင့်ဦးဆောင်သော KNDO အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ဝေါလေရဲစခန်းကို ဇွန်လ ၁၃ ရက်နေ့ အရုဏ်မတက်မီ သိမ်းပိုက်နိုင်ခဲ့သည်။ နာရီဝက်ခန့်ပင် မကြာလိုက်ပေ။ 

ဝေါလေရဲစခန်းတွင် ရဲအင်အား ၂၈ ဦးရှိသည့်အနက် ၂၀ က ထွက်ပြေးသွားသည်။ ပြန်လှန်ပစ်ခတ်စဉ် ရဲသုံးဦး သေဆုံးသည်။ ကျန်ရဲငါးဦးနှင့် မိသားစုဝင်များကို  သူတို့ လက်ရဖမ်းဆီးနိုင်ခဲ့သည်။ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်။ 

စခန်းသိမ်း ဝီစီသံကြောင့် အပျော်ကြီးပျော်ရသူ PDF ရဲဘော် 

နာရီဝက်ခန့် သေနတ်သံ၊ ဗုံးသံများကြားလိုက်ရပြီးနောက် ပြန်ဆုတ်ရန် ရဲအချင်းချင်း အော်ဟစ်ပြောဆိုသံများ အချုပ်ခန်းတွင်းမှ အတိုင်းသားကြားနေရသည်ဟု ရဲဘော်ဂျိုးဆိုသူ PDF တပ်ဖွဲ့ဝင် လူငယ်က ပြောသည်။

စစ်ကောင်စီ၏ ဝေါလေရဲစခန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ – ပေးပို့) 

အသက် ၂၂ နှစ်အရွယ် ရဲဘော်ဂျိုးမှာ အခြား PDF ရဲဘော်များနှင့်အတူ စစ်ကောင်၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ဖြစ်သည်။ အဖမ်းခံရပြီး ဝေါလေရဲစခန်းရှိ အချုပ်ခန်း၌ ထိန်းသိမ်းခံထားရသည်မှာ သုံးလကျော်ရှိပြီ ဖြစ်သည်။​

“သူတို့အချင်းချင်း ဆူနေကြတာ။ စခန်းက ဗိုလ်လေးဆိုတဲ့တစ်ယောက်ပြောတာ မင်းတို့ကောင်တွေက ကင်းအိပ်တာကိုး။ ဒီမှာ ရန်သူလာပြီဆိုပြီး ပြောကြဆိုကြတာ ကြားတယ်” ဟု ဝေါလေရဲစခန်းကို ကရင်လက်နက်ကိုင်များ လာရောက်တိုက်ခိုက်သည့် နံနက်က အဖြစ်အပျက်ကို ရဲဘော်ဂျိုးက ပြောသည်။

ယခင်ကလည်း ဝေါလေရဲစခန်းကို မကြာခဏ လာရောက်ပစ်ခတ်လေ့ရှိသဖြင့် စခန်းသိမ်းတိုက်ပွဲဟု မထင်မိပေ။ သံရှည်ဆွဲမှုတ်လိုက်သော ဝီစီသံကြားလိုက်ရချိန်တွင် စခန်းကို မိမိတို့ရဲဘော်များ သိမ်းပိုက်နိုင်ပြီဟု ရဲဘော်ဂျိုးနားလည်လိုက်သည်။ အချုပ်ခန်းအတွင်းမှ အပြင်ဘက်ကို စူးစမ်းနေမိသည်။

ဝီစီသံထွက်ပေါ်လာပြီး မကြာမီ အချုပ်ခန်းတံခါးကို လူတစ်ယောက် လာဖွင့်ပေးသည်။​ စစ်ကြောင်းမှူး စောဝင်းမြင့်ဖြစ်သည်။ ကပ်လျက်အချုပ်ခန်းရှိ ရဲဘော်ဂျိုး၏ ဇနီးနှင့် အခြားရဲဘော်များကို လာရောက် တံခါးဖွင့်ပေးသူမှာလည်း စောဝင်းမြင့်ပင်။ 

“မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကိုယ့်အမျိုးသမီးနဲ့ ဖက်ကြတာပေါ့။ ဝမ်းသာဖို့ တအားကောင်းတယ်။ တအား လွတ်လပ်သွားတယ်ပေါ့။ စိတ်ထဲမှာ ချုပ်တည်းခဲ့ရတဲ့အရာတွေ အများကြီးကို ဖွင့်ချလိုက်ရသလိုပဲ” ဟု ရဲဘော်ဂျိုးက ဆိုသည်။

သံဆူးကြိုးများ ကာရံထားသည့် ၁၅ ပေပတ်လည် အချုပ်ခန်းတွင် ရဲဘော်ဂျိုးတို့အဖွဲ့ ရောက်နေသည်မှာ တိတိကျကျဆိုရလျှင် ၁၀၅ ရက်ရှိပြီဖြစ်သည်။ 

အချုပ်ခန်းတွင်ရှိနေစဉ် ကာလတစ်လျှောက်လုံး မိမိတို့ရဲဘော်ရဲဘက်များ လာရောက်ကယ်တင်မည်ဟု ယုံကြည်မျှော်လင့်ရင်း အားတင်းကျော်ဖြတ်ခဲ့ရသည်။ ကံကောင်းသဖြင့် စစ်ကြောရေးမရောက်ခဲ့သော်လည်း အပြင်လုံးဝမထွက်ရဘဲ အချုပ်ခန်းထဲတွင်သာ ဆက်တိုက် နေခဲ့ရသည်။ 

“ကျွန်တော့်ရဲဘော်တွေ၊ ညီအစ်ကိုတွေ၊ ဆရာတွေက ကျွန်တော်တို့ ဒီအထဲမှာ ရောက်နေတာသိရင် မဖြစ်ဖြစ်အောင် လာကယ်မှာဆိုတဲ့စိတ်နဲ့ အားတင်းထားနိုင်ခဲ့တယ်” ဟု ရဲဘော်ဂျိုးက ဆိုသည်။

တစ်နေ့တစ်နေ့ အချုပ်ခန်းထဲတွင် အချိန်ကုန်ရသည်။ အတူအဖမ်းခံထားရသည့် ရဲဘော်ရဲဘက်များနှင့်လည်း မတွေ့မမြင်ရပေ။ မနီးမဝေးရှိ ဘုန်းကြီးကျောင်းမှ ပဋ္ဌာန်းရွတ်သံများသာ  ကြားရတတ်သည်။​ အမှောင်လွှမ်းသည့် ညဘက်တွင် ကျောချရာကြမ်းပြင်အောက်မှ ကင်းများထိုးတတ်သည်။

နေ့စဉ် အစားအသောက်ကလည်း ဆိုးရွားလှသည်။။ သိုးနံ့ထွက်နေသော ထမင်းတွင် တီကောင်ပင် ပါလာတတ်သည်။ အဓိကဟင်းလျာ ငါးခြောက်ဟင်းတွင် ငါးခြောက်ခေါင်းထဲ လောက်ကောင်များ၊ ပန်းကန်ဆေးအိုးတက်ရာတွင် သုံးသည့် သံသပွတ်အူ အပိုင်းအစများ ပါလာတတ်သည် ဟုလည်း ရဲဘော်ဂျိုးက ပြန်ပြောင်းပြောပြသည်။

“ဟင်းချက်ကျွေးရင် အိုးတိုက်ခွေထဲက စတီးဖတ်တွေ အမြဲပါတယ်။ မသေရုံတစ်မည် စားတော့စားခဲ့ရတယ်။ အာလူးလေးဘာလေး စားရတဲ့နေ့က ရက်ရာဇာပဲ” ဟု သူက ဆိုသည်။

အချုပ်ခန်းမှ လွတ်မြောက်လျှင် လွတ်မြောက်ချင်း အတူလွတ်လာသူ ရဲဘော်ရဲဘက်များကို လိုက်နှုတ်ဆက်သည်။ မျက်နှာချင်းမဆိုင်ရသည်မှာ သုံးလကျော်ပြီဖြစ်သည်။ 

“တအားဝမ်းသာတယ်။ ဒီလိုအဖြစ်အပျက်မျိုးဆိုတာလည်း အခုအချိန်အထိ မကြားခဲ့ရသေးဘူး။ ဒါ ပထမဆုံးဖြစ်တဲ့အတွက် အစပိုင်းမှာတော့ ယုံတောင်မယုံနိုင်ခဲ့ဘူး” ဟု ရဲဘော်ဂျိုးက ပြောသည်။

မိတ်ဆွေရဲဘော်တစ်ယောက်က လက်ထဲ သေနတ်လာထည့်ပေးသည်။ ရဲဘော်ဂျိုး၏ လွတ်မြောက်မှုက အတိုင်းအထက်အလွန်ဖြစ်သွားသည်။ သေနတ်နှစ်ချက် ပစ်ဖောက်ကာ အောင်ပွဲခံလိုက်သည်။

ပါဝင်တိုက်ခိုက်ခဲ့သော KNDO တပ်ဖွဲ့ဝင်အချို့ကို ဝေါလေရဲစခန်းရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီ၏ ဝေါလေရဲစခန်းကို မိမိတို့ရဲဘော်များ သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ရဲစခန်းရှေ့ အလံတိုင်မှ အလံမှာ မြေပေါ်ရောက်နေသည်။ ဖမ်းဆီးထားသည့် ရဲအချို့နှင့် မိသားစုဝင်အချို့ကိုလည်း တွေ့ရသည်။ 

အာဏာသိမ်းပြီးနောက် KNU လှုပ်ရှားနယ်မြေရှိ စစ်ကောင်စီစခန်း အနည်းဆုံးငါးခု သိမ်းပိုက်ခံထားရသည်။ ​သံလွင်မြစ်ကမ်းရှိ ရှေ့တန်းစခန်းများဖြစ်သော သီးမူးထ၊ သော်လဲထ စခန်းတို့ကို ၂၀၂၁ တွင်လည်းကောင်း၊ ကျောက်ညပ်စခန်း၊ ဝေါလေဒေသရှိ မော်ခီးစခန်း၊ သေ့ဘောဘိုးစခန်းတို့ကို ၂၀၂၂ တွင်လည်းကောင်း KNU လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဝေါလေရဲစခန်းတိုက်ပွဲမှာမူ ထူးခြားသည်။ ဖမ်းဆီးခံထားရသည့် PDF အဖွဲ့ဝင် ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အခြားသော စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ရဖမ်းဆီးရမိဖူးသည်။ သို့သော် မိမိဘက်သားကို ကယ်ထုတ်နိုင်ခြင်းမှာ ဝေါလေရဲစခန်းတိုက်ပွဲက ပထမဆုံးပင်ဖြစ်သည်။ 

KNDO စစ်ကြောင်းမှူး စောဝင်းမြင့်နှင့်အဖွဲ့က ကယ်ထုတ်နိုင်ခဲ့သော ရဲဘော်ဂျိုးနှင့် PDF အဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်သည်။

ရဲဘော်ဂျိုးနှင့် အပေါင်းအပါများမှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်တော်လှန်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေရောက်လာခြင်းဖြစ်သည်။​ စိတ်တူကိုယ်တူ စစ်သင်တန်းတက်ရောက်ခဲ့ကြသည်။ ထိုင်း -မြန်မာနယ်စပ်တွင် စခန်းပြောင်းရွှေ့စဉ် စစ်ကောင်စီတပ်နှင့်တွေ့ကာ အဖမ်းခံရခြင်း ဖြစ်သည်။

စစ်ကောင်စီလက်မှ လွတ်မြောက်လာပြီး ရက်ပိုင်းအကြာတွင် ရဲဘော်ဂျိုးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်မှာ စစ်အာဏာရှင်လက်အောက်တွင် ချုပ်နှောင်ခံထားရဆဲဖြစ်ရာ လက်နက်ကိုင် တော်လှန်ရေးဆက်လုပ်မည်ဟု သူက ဆိုသည်။

“ရှေ့ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” ဟု သူက ပြောလိုက်သည်။

(တင်ထက်ပိုင်၊ လင်းထင်နှင့် မောင်ရွှေဝါ ပူးပေါင်းရေးသားသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button