
သို့သော်လည်း မြဝတီနှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် KNU အပြင် လက်နက်ကိုင်တပ်အများအပြား ရှိနေဆဲဖြစ်ပြီး မြို့ကို မည်သူက အပိုင်စားရယူပြီး စီမံခန့်ခွဲမည်နည်းဆိုသည့် နောက်ဆက်တွဲမေးခွန်းများလည်းရှိနေပြီး မြို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အနာဂတ်သည် မရေမရာဖြစ်နေသည်။

စစ်တပ်ကင်းစင် ထိုင်းနယ်စပ်တစ်ခွင်
မြဝတီမြို့က စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သော မြို့အနောက်ဘက်အဝင်ရှိ စစ်ကောင်စီ၏ ခလရ (၂၇၅) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။
ခလရ (၂၇၅) ကို ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလ ၈ ရက်တွင် စတင်တိုက်ခိုက်ပြီး ဧပြီလ ၁၁ ရက် နံနက် (၄) နာရီတွင် အပြီးသိမ်းနိုင်ခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ သေပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်က ၂ ဦးဒဏ်ရာရကြောင်း KNLA တပ်မဟာ (၆) ဗျူဟာမှူး နယ်ဒါးထူးက Myanmar Now ကို ပြောသည်။

စစ်ပွဲပဋိပက္ခအတွင်း ထိခိုက်လွယ်သူများမှာ လက်နက်မပါသည့် ပြည်သူများဖြစ်ရာ အရပ်သားထိခိုက်သေကျေမှုများလည်း မြဝတီတွင် ရှိသည်။
တိုက်ပွဲဖြစ်ရာနေရာနှင့် သိပ်မဝေးသည့် မြဝတီ စိမ်းလဲ့မြိုင်ကားဝင်းနှင့် မြေနီကုန်းအရပ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာရသူ ၄ ဦးရှိပြီး မကောက်ရသေးသော ကလေးအလောင်း ၂ လောင်းလည်း ရှိနေသည်ဟု မြဝတီတွင် စစ်ပွဲအတွင်း ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။
ဒဏ်ရာရလူနာတချို့ကို မြဝတီဆေးရုံကြီးသို့ ကယ်ဆယ်ရေးအဖွဲ့က ပို့ထားပြီး အချို့ကို ထိုင်းနိုင်ငံ မဲဆောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။
ထိုင်းဘက် ထွက်ပြေးရန် ပြင်နေသည့် စစ်ကောင်စီတပ်သားများ
စစ်ကောင်စီတပ်ရင်းမှ ကျန်သည့် တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) များ လုံခြုံရေးယူထားသည့် မြဝတီမြို့အတွင်း ဝင်ပြေးသွားသည်။
၎င်းတို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက် ကူးနိုင်ရန် ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ် (၂) တံတားထိပ် ကုန်တင်ယာဉ်များ နားနေဆောင် မြန်မာဘက်အခြမ်းတွင် စုရုံးတည်ရှိနေသည်။

BGF သည် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ထားပြီး ကရင်အမျိုးသားတပ် (KNA) အဖြစ် ရပ်တည်ရန် ပြင်ဆင်နေသည့် အဖွဲ့ဖြစ်သည်။
အမှတ် (၂) တံတားတွင် ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာဂဏန်းအထိ ရှိနိုင်ကြောင်း မြဝတီဒေသခံတချို့ထံမှ သိရသည်။
ယခုသတင်းရေးသားချိန်အထိ ထိုင်းဘက်ကူးရန် စောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မဲဆောက်မြို့ရှိ ထိုင်းအာဏာပိုင်များက ဝင်ခွင့်မပေးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တံတားထိပ်တွင် ပိတ်မိနေသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အမှတ် (၂) တံတားတွင် စုရုံးရောက်နေသည့် စစ်ကောင်စီတပ်များတွင် လက်နက်များရှိနေ၍ လူထုကို ပစ်ခတ်မှုများဖြစ်နိုင်သောကြောင့် အမှတ် (၂) တံတားထိပ် မသွားကြရန် ကြေညာချက်ထုတ်ပြန် သတိပေးထားသည်။
ထို့ပြင် မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး KNU လက်အောက် ကျရောက်သွားပြီဖြစ်ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာနိုင်ဖွယ်ရှိသဖြင့် လူထုကို ဘေးကင်းသည့်နေရာတွင် နေထိုင်ကြရန် လိုကြောင်း KNU က တိုက်တွန်းသည်။
မြဝတီမြို့၏ နောက်ဆုံးအခြေအနေ
စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည်လည်း မြန်မာအချိန် ၁၀ နာရီခွဲတွင် မြဝတီမြို့ပေါ် ပျံပြီး ခလရ (၂၇၅) ရှိရာဘက်သို့ ဗုံးတစ်လုံးကြဲချသွားကြောင်း မြဝတီဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “အခုမနက်ကျမှ အလုံးကြီးတစ်လုံး ဝုန်းခနဲဆိုပြီး ကျသွားတယ်။ အခု လေယာဉ်တွေ လာဝဲနေတာ တွေ့ပါတယ်။ အလုံးကြီးကတော့ တော်တော်ကျယ်ပါတယ်။ လေယာဉ်ကနေ ပစ်ချတဲ့ဟာလို့တော့ ထင်တာပဲ” ဟု ဆိုသည်။
မြို့ထဲကိုမူ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဝင်မလာသေးကြသေးပေ။
မြို့ထဲတွင် BGF တပ်များ ကင်းလှည့်နေကြသလို ထိုင်း-မြန်မာနယ်စပ်က ၂ နိုင်ငံကူးသည့် တံတား ၂ စင်းတွင်လည်း BGF တပ်ဖွဲ့ဝင်များရှိကြသည်။
BGF အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးနိုင်မောင်ဇော်ကလည်း မြဝတီမြို့တွင် တိုက်ပွဲမဖြစ်ရေးနှင့် မြို့တွင်းထိခိုက်မှုမရှိရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေသည်ဟု BGF ခေါင်းဆောင်များ၏ ပြောဆိုချက်ကို ကိုးကား၍ Myanmar Now ကို ပြောသည်။
၎င်းက “ပဋိပက္ခအသွင်ဆောင်ဖို့တော့ မရှိလောက်ဘူးထင်ပါတယ်။ ဒါတွေကတော့ အကြီးအကဲပိုင်းဆိုင်ရာတွေ ဆက်သွားရမယ့်ခရီးပေါ့။ အကိုကြားသလောက်တော့ မြို့ကို မထိခိုက်အောင် မြို့ထဲ တိုက်ပွဲမဖြစ်ဖို့အတွက်တော့ ထိန်းမယ်လို့ အကိုတို့အကြီးအကဲတွေ ပြောတာ ကြားပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးနိုင်မောင်ဇော်က ၂ နိုင်ငံကူးသည့် တံတား ၂ စင်းတွင် လူအသွားအလာ ပုံမှန်အတိုင်းရှိနေဆဲဖြစ်သည်ဟု ပြောသည်။
ဒေသခံများ၏အဆိုအရ ယနေ့ နေ့လယ်ပိုင်းတွင် မြဝတီနှင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်သွယ်ထားသည့် အမှတ် ၂ တံတား ပိတ်သွားသည်ဟု သိရသည်။ ထိုင်းနှင့် မြန်မာ မည်သည့်ဘက်က ပိတ်သည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။
မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသလို မိုဘိုင်းအင်တာနက်များလည်း ပြတ်နေသည်။ Wifi ဖြင့် သုံးသည့် အထိုင်အင်တာနက်များရနေပြီး တယ်လီဖုန်းလိုင်းများလည်း ဧပြီ ၈ ရက် ညနေပိုင်းမှစတင်ကာ ပြန်ရနေသည်။
မြဝတီမြို့ဈေးထဲတွင်လည်း ဆိုင်တချို့ပိတ်သိမ်းသော်လည်း ဧပြီ ၁၁ ရက် နံနက်ပိုင်းအထိ ဈေးရောင်းဈေးဝယ်များ ဆက်လက်ရှိသေးသည်ဟု ဒေသခံတို့က ဆိုသည်။ မြို့ခံများသည် လာမည့်ရက်ပိုင်းအတွင်း ကျရောက်မည့် သင်္ကြန်ပိတ်ရက်များအတွက် အစားအသောက်များ စုဆောင်းနေကြသည်ဟု မြဝတီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“လူတိုးလို့တောင် မပေါက်ဘူး။ ကုန်စည်ကတော့ ဝယ်လို့ရနေပါတယ်” ဟု ၎င်းက ဆိုသည်။
မြဝတီ၏ အနောက်ဘက် မိုင် ၂၀ ကျော်အကွာ ကော့ကရိတ်မြို့နယ်ထဲတွင်မူ မြဝတီကို ပြန်ရရေး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ တင့်ကားများပါဝင်သော စစ်ကြောင်းများကို KNLA တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေသည်။
စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းတွင် အတွဲလိုက်ပစ်ဒုံးများပါပြီး နေ့လယ် ၁၁ နာရီ ၄၅ မိနစ်တွင် ကျုံဒိုးမြို့ကို ဖြတ်ကျော်ကာ ကော့ကရိတ်သို့ ဦးတည်သွားကြောင်း ဒေသတွင်းသတင်းမီဒီယာများက ရေးသားသည်။
စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းကို စစ်ကောင်စီ၏ ဒုတပ်ချုပ်ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက တိုက်ရိုက်ညွှန်ကြားနေပြီး ချီတက်လာသည့် တပ်မှာ တပ်မ (၅၅) မှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု လူထုအာဏာဖီဆန်ရေး CDM တွင် ပါဝင်လာသည့် စစ်တပ်အရာရှိဟောင်းများက ယူဆကြသည်။
စစ်ကောင်စီ၏ စစ်ကူအင်အားသည် ၁၀၀၀ ခန့်ရှိနိုင်သည်ဟု သုံးသပ်မှုများထွက်နေသည်။
KNLA တပ်မဟာ (၆) ဗျူဟာမှူး နယ်ဒါးထူးကလည်း “မနေ့ကနေ စပြီး တက်လာတဲ့အဖွဲတွေကိုတော့ ပြောက်ကျားတိုက်တာ၊ Drone နဲ့ချတာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်” ဟု ဆိုသည်။
စစ်ကူစစ်ကြောင်းနှင့် KNLA ဦးဆောင်သော ပူးပေါင်းတပ်အကြား မည်မျှတိုက်ပွဲပြင်းမည်ကို လတ်တလောတွင် ပြောပြရန် မလွယ်ပေ။
သေချာသည်က စစ်ကောင်စီစစ်ကူယာဉ်တန်းသည် KNU, PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့အနီးမှ မြဝတီမြို့အထိ မိုင် ၂၀ အကွာအဝေးကို ထိုးဖောက်တိုက်ခိုက်ရမည့်အခြေအနေ ရှိနေသည်။ ကော့ကရိတ်တွင်လည်း စစ်ကောင်စီ၏ ခလရ (၉၇) ၊ (၂၃၀) ၊ (၂၃၁) နှင့် အမြောက်တပ်ရင်း (၃၁၂) တို့ ရှိပြီး ယင်းတပ်များသည် KNLA နှင့် ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ခံထားရသည်။
မြဝတီသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းအရ လူဦးရေ ၁၃၉၅၁၀ ဦး နေထိုင်ကြောင်း သိရသည်။
စစ်ကောင်စီက ထုတ်ပြန်သည့် စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ယခုနှစ် ဖေဖော်ဝါရီအထိ မြဝတီမှတစ်ဆင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ရှိသည်။ စစ်ကောင်စီသည် ထိုမှတစ်ဆင့် အခွန်ငွေအများအပြားရနေပြီး မြဝတီတစ်မြို့တည်းမှ ရသည့် ပမာဏသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်မှုအားလုံး၏ ၂၃ ရာခိုင်နှုန်းမျှဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီကို သိမ်းပိုက်အုပ်ချုပ်မည်ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူများက Myanmar Now ကို ပြောထားသည်။
“မြဝတီမြို့ဟာ ကျွန်တော်တို့ရဲ့မြို့ဖြစ်တာပေါ့။ မြဝတီမြို့ဟာ ကျွန်တော်တို့မြို့ဖြစ်တာနဲ့အညီ ကျွန်တော်တို့ကိုယ်တိုင် အုပ်ချုပ်ဖို့ လိုအပ်ပါတယ်” ဟု KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဆိုသည်။
ပဒိုစောကလယ်စေး၏ စကားအရဆိုပါက မြဝတီကို KNU က အုပ်ချုပ်ခွင့်ရသည်အထိ လုပ်ဆောင်မည်ဟု နားလည်ရသည်။
သို့သော်လည်း လက်တွေ့အခြေအနေအရ BGF တပ်များသည် မြို့ထဲတွင် လုံခြုံရေးယူထားသည်ဖြစ်ရာ BGF နှင့် KNU အကြား မြဝတီမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဆက်လုပ်ကြမည်မှာ မေးခွန်းထုတ်စရာဖြစ်နေသလို အလေးထားစောင့်ကြည့်ရမည့် အခြေအနေရှိသည်။
မြဝတီကိုသာ KNU ဘက်က အုပ်ချုပ်ခွင့်ရမည်ဆိုပါက မြဝတီသည် မြန်မာပြည်တောင်ပိုင်းတွင် ပထမဆုံး စစ်ကောင်စီလက်က လွတ်မြောက်သွားသော အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်လာနိုင်သည်။