ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကော့ဘိန်းရဲစခန်းကို စစ်တပ်က ပြန်လည်ရရှိသွားပြီးနောက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒုက္ခသည်များကို နေရပ်ပြန်ခိုင်းနေသည်ဟု ဒေသခံများနှင့် ဒုက္ခသည်အကူအညီပေးသည့် အဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည်လ မတ် ၂၄ ရက်က တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် ကော့ဘိန်းရွာရဲစခန်းကို တစ်လအကြာ ဧပြီ ၂၅ ရက်တွင် အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ပါ စစ်ကြောင်းက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြုကာ ပြန်လည် သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဧပြီ ၂၇ တွင် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် နေအိမ် ၃၀၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ဓမ္မသရွာသို့ သွားရောက်ခဲ့ပြီးနောက် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ခိုင်းရေး စတင်ခဲ့ခြင်းဖြစ်သည်။
တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် သောင်းနှင့်ချီမှာ ၁ လကျော်ကြာမြင့်နေပြီဖြစ်၍ စားဝတ်နေရေး ခက်ခဲနေသည်၊ နေရပ်ပြန်ရန် စစ်တပ်က လှုံ့ဆော်နေသော်လည်း ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသေး၍ ဒုက္ခသည်များက စိုးရိမ်နေကြသည်ဟု ဒုက္ခသည်အရေး အကူအညီပေးနေသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖွဲ့ဝင် မိသုတဂျဝ်က ပြောသည်။
“အဓိကတော့ ရွာသားတွေ ပြောတာကတော့ စကစ စစ်ကြောင်း ရွာထဲမှာ မရှိဘူးဆိုရင် သူတို့ အကုန်လုံး ပြန်လာမှာပေါ့။ ရှိနေသမျှကတော့ သူတို့ မျက်စိရှေ့မှာပဲ အသတ်ခံနေရတယ်၊ အလုခံနေရတယ်၊ ဖျက်ဆီးခံနေရတယ်။ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲတဲ့သူတွေကတော့ အိမ်အနီးအနားမှာပဲ ပတ်ပြီးတော့ တိမ်းရှောင်နေကြရတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း စစ်သားများက ဆိုင်ကယ်၊ အိုးခွက်၊ ပန်းကန်မှ စကာ အိမ်ရှိ ပစ္စည်းအကုန် လုယူနေပြီး မီးရှို့ခံနေရ၍ အိမ်ပြန်လိုကြသည်၊ ရဟန်း၊ သံဃာများနှင့် လူငယ်လူရွယ်များက အနီးအနားရှိ တောတောင်များတွင် နေထိုင်ကာ စစ်တပ် ရွာမှ ထွက်ပါက ၎င်းတို့နေအိမ်များကို ပြန်စောင့်ရှောက်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။
“တော်တော်များများက ရွာက လူကြီး၊ အမျိုးသမီး၊ ကလေး ဖျားနာသူတွေကတော့ မနေရဲကြသေးဘူး။ လူငယ်တွေ ကလေးတွေ အထူးသဖြင့်တော့ ရွာကို လုံးဝ မစွန့်ဘူး သူတို့ရဲ့ ဘေးနားမှာပဲ ခြံတွေမှာ ရှိပြီးမှ ရွာမီးလောင်လို့ရှိရင် အချိန်မီ ငြှိမ်းသတ်နိုင်ရန် တိမ်းရှောင်ပြီးမှ နေနေကြတဲ့ လူတွေလောက်ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။
ကော့ဘိန်းရဲစခန်း ပြန်သိမ်းခံရ
ပြီးခဲ့သည့် မတ် ၂၄ တွင် သိမ်းပိုက်နိုင်ခဲ့သည့် ကော့ဘိန်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက်ခံ Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (Mon Liberation Army) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD) တို့ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ခဲ့သည်။
ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံရပြီးနောက်တွင် အနီးဝန်းကျင်ရှိ အနောက်တောင်ဘက် (အဖြောင့်တိုင်းတာပါက) ၆ မိုင်ကျော်အကွာရှိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဂျိုင်းမြစ်အရှေ့ဘက်ကမ်း တစ်ဆက်တည်းကျေးရွာများဖြစ်သော ဓမ္မသ၊ တရနာ၊ ကော့သတ်၊ ကော့စွယ်တို့ကို စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတပ်များက လက်နက်ကြီးများဖြင့် တစ်လတာအတောအတွင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မတ် ၂၇ ရက်နေ့က မွန်ရွာကြီးတစ်ရွာဖြစ်သည့် “ဓမ္မသကျေးရွာ” ကို တိုက်ခိုက်မီးရှို့ပြီးနောက် ကျေးရွာ ၁၀ ရွာခန့်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဆက်တိုက်ပစ်ခတ်နေခြင်းတို့ကြောင့် မွန်ပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ဧပြီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထို့နောက် ဧပြီ ၂၅ တွင် စစ်သည်အင်အား ၃၀၀ ကျော်၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ကော့ဘိန်းရဲစခန်းကို ပြန်လည် သိမ်းပိုက်ကာ ဒေသတွင်း ပြန်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုဒေသရှိ လူနေအိမ်များ ထိခိုက်မှု နည်းစေရန် ကော့ဘိန်းရဲစခန်းမှ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ခွဲထွက် (NMSP-AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။
“စကစ စစ်တပ်တွေ ကော့ဘိန်းဘက်ကို ပြန်ဝင်တော့ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေက အပြင်မှာ ရှိနေတဲ့အနေအထားမျိုးဖြစ်တယ်။ ကျေးရွာကို ထိခိုက်တဲ့ ပုံစံမျိုး မဖြစ်အောင် အပြင်ကနေ ရှိနေတဲ့ ပုံစံမျိုးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဒေသတွင်း တည်ငြိမ်မှု ရှိပြီဟုဆိုကာ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေး စစ်တပ်က လှုံ့ဆော်နေပြီး ပြန်လာသူများကိုလည်း ဖမ်းဆီးနေသည်၊ အခြေအနေကို သေချာအောင် စုံစမ်းပြီးမှသာ ပြန်သင့်သည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ ကော့ဘိန်းရွာကို ဝင်တဲ့နေ့မှာပဲ (ဧပြီ ၂၅) အသက် ၂၀ အရွယ် ကလေးငယ်မတစ်ယောက်ကို ပစ်သတ်လိုက်တယ်။ ကော့ပလိုင်ဘက်က ရွာသား ၁ ယောက်ကိုလည်း ပစ်သတ်လိုက်တယ်လို့ သိရတယ်။ ဖမ်းဆီးတဲ့ အရေအတွက်ကို သတင်းတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။
အရပ်သားသေဆုံးမှု
ထို့နောက် ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံလိုက်ရသည့် အာဏာသိမ်းစစ်တပ်က တော်လှန်ရေးလက်နက်ကိုင်တပ်များ စိုးမိုးသည်ဟု ၎င်းတို့ ယူဆသည့် ဂျိုင်းမြစ်ကမ်းအနီးရှိ ကျေးရွာများကို နေ့စဉ် ပစ်ခတ်ခဲ့ရာ Myanmar Now က ရရှိထားသည့် စာရင်းများအရ ၁ လ အတွင်းတွင် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
မတ် ၂၇ ရက်က စတင်ပြီး ဂျိုင်းမြစ်ကမ်းဘေးရှိ ဓမ္မသရွာကို စစ်တပ်က ကြည်း၊ ရေ၊ လေ သုံးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ကျွမ်း၊ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
မတ် ၂၇ ညနေ ၄ နာရီခန့်က ဓမ္မသရွာဘေး ဂျိုင်းမြစ်တွင် ရပ်ထားသည့် စစ်သင်္ဘော ၂ စင်း၏ ပစ်ခတ်မှုကြောင့် အမည်မသိရှိရသေးသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ဓမ္မသရွာ မီးလောင်ကျွမ်းပြီးနောက် မတ် ၃၀ တွင် သံကလောင်ရွာသား ရာဘာခြစ်သူ အသက် ၆၈ နှစ်အရွယ် နိုင်ဟရောင်ကို စစ်တပ်က ပစ်သတ်ခဲ့သည်၊ မတ် ၃၁ တွင် ဓမ္မသရွာတွင် မီးလောင်ကျွမ်းပြီး သေဆုံးနေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မီးငြှိမ်းသတ်သူများက ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ပြင် ဧပြီ ၂၅ ရက်က စစ်တပ် စစ်ကြောင်းထိုး တိုက်ခိုက်ရာတွင်လည်း အသက် ၃၀ အရွယ် ကော့ပလိုင်ရွာသား မင်းအောင်ချမ်းနှင့် အမည်မသိရသေးသည့် အသက် ၂၀ အရွယ် ကော့ဘိန်းရွာသူ ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်။
အထက်ပါလူငယ်၏ ရုပ်အလောင်းကို ဧပြီ ၂၇ တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ကြီးရွယ်အို အဘိုးနှင့်အဘွားကို စိတ်မချ၍ နေအိမ်ပြန်လာသည့် အသက် ၂၀ အရွယ် ကော့ဘိန်းရွာသူကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ (ဧပြီ ၂၇) တုန်းက ကြိုးတုပ်ထားတဲ့ လူငယ်အလောင်းကို တွေ့ရတယ်။ ရွာသားတွေက မပြန်ရဲကြဘူး။ ပြန်တဲ့ရွာသားတွေလည်း အိမ်မှာ ခဏလေးနေပြီးတာ့ ပြန်ထွက်ပြေးလာကြတာတွေ ရှိတယ်။ နယ်မြေရှင်းလင်းမယ်ဆိုပြီး အုပ်စုလိုက်ရောက်လာကြတော့ ပြန်ပြေးကြတယ်။ ဆိုင်ကယ်တွေ အရမ်းပျောက်တယ်။ သတ်ဖြတ်မှုတွေ မရှိဘူးဆိုရင်တော့ ပြန်ချင်ကြတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ကော့ပလိုင်ရွာသား မင်းအောင်ချမ်းသည် မွန်ပြည်သစ်ပါတီခွဲထွက်ကို ထောက်ပံ့သည့် အကြောင်းပြချက်ဖြင့် မတ် ၂၅ တွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်သည်ဟု ဒေသအခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဧပြီ ၂၈ ရက်တွင် ဖော်ပြထားသည်။
ထို့ပြင် အသက် ၃၈ နှစ်အရွယ် ကော့ပလိုင်ရွာသား နိုင်ဆိုက်ဂျီလည်း ပျောက်ဆုံးနေပြီး သေဆုံးသည်ဟု ကြားသိရသော်လည်း အတည်ပြုနေဆဲဖြစ်ကြောင်း အထက်ပါ မွန်သတင်းဌာနက ဖော်ပြသည်။
မတ် ၂၄ တွင် စတင်ခဲ့သည့် စစ်တပ် အထိုင်ချထားသည့် ကော့ဘိန်းရွာ စခန်းသိမ်းတိုက်ပွဲအပြီးတွင် အာဏာသိမ်းစစ်တပ်၏ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးကြောင့် ဂျိုင်းမြစ်ကမ်းဘေးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ သောင်းနှင့်ချီ တိမ်းရှောင်နေကြရသည်။
အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့် ရွာများမှာ မွန်နှင့် ကရင် နယ်မြေအကြား မော်လမြိုင်-ဘားအံ ကားလမ်းအနီးရှိ ဂျိုင်းမြစ်ကမ်းဘေးရှိ ရမ္မဝတီကားလမ်းပေါ်တွင် တည်ရှိသည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် ကော့ဘိန်းနယ်မြေရဲစခန်းနှင့် ဂျိုင်းမြစ်ဒေသကို နယ်မြေပြန်လည်ရယူနိုင်ရန် စစ်ကြောင်းထိုးခဲ့မှုအတွင်း ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက Myanmar Now ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ပထမကြိမ် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။