သတင်း

မြဝတီမှစခန်းများကို သိမ်းပိုက်ပြီးနောက် KNU ထိန်းချုပ်နယ်မြေကျယ်ပြန့်လာ

မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးအပါဆုံးဖြစ်သည့် မြဝတီမြို့ရှိ စစ်စခန်းများကို ရရှိလိုက်ပြီးနောက် KNU ၏ စိုးမိုးထိန်းချုပ်နယ်မြေ တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်လာနေသည်။

မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးအပါဆုံးမြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ စစ်စခန်းများကို ယခုလ (ဧပြီ) လဆန်းတွင် သိမ်းပိုက်နိုင်ပြီးနောက် ကရင်အမျိုးသားအစည်းရုံး (KNU) ၏ စိုးမိုးထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာနေသည်။

စစ်အာဏာသိမ်းမှုကို အတိအလင်းဆန့်ကျင်သည့် သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော KNU က တော်လှန်ရေးအင်အားစုနှင့် လက်တွဲ၍ အာဏာသိမ်းစစ်ကောင်စီကို အဆက်မပြတ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

KNU တပ်မဟာ ၇ ခုအခြေစိုက်ထားသော သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဘားအံခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွားနေသလို ထိန်းချုပ်နယ်မြေ များပြားလာသဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများကို စနစ်တကျ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

“သေသေချာချာအုပ်ချုပ်နိုင်တဲ့အခွင့်အလမ်းတစ်ခုအပေါ်မှာ သေချာပြန်လုပ်ဖို့ရှိတယ်။ မြို့တွေအနေနဲ့ ဖာပွန်မြို့တို့၊ မြဝတီမြို့တို့အပြင် ကျန်တဲ့နေရာဒေသတွေကို တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ပဒိုစောတောနီးက ဆိုသည်။

“စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းအောင်လုပ်သွားဖို့ရှိတဲ့အပေါ်မှာ ပထမဆုံး ကရင်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ စိုးမိုးဒေသတွေအကုန်လုံး လွတ်မြောက်သွားအောင်လုပ်ဖို့ လိုသလို စစ်ကောင်စီတပ်သားတွေကိုလည်း မောင်းထုတ်ရမှာဖြစ်တယ်”

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးခံတပ် ခလရ (၂၇၅) ကို ဧပြီ ၁၁ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားလည်း ရရှိခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ရန် ၂၀၂၃ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက်ရှိ စစ်တပ်အခြေစိုက်စခန်းများကို KNU ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

အာရှလမ်းမကြီးသည် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့ကို ချိတ်ဆက်ထားပြီး ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့်လမ်းကြောင်းတစ်ခုဖြစ်သည်။

အာရှလမ်းမကြီးပေါ်ရှိ ကုန်တင်ကားများခရီးတစ်ထောက်စခန်းချရာ ကော့ကရိတ်မြို့၏ နေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ကာ စစ်ကောင်စီ၏ ဒေသအခြေစိုက် ခလရ (၉၇) ၊ ခလရ (၂၃၀) ၊ ခလရ (၂၃၁)နှင့် အမြောက်တပ်ရင်း (၃၁၂) တို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်။ စစ်တပ်ကလည်း ပြန်လည်ခုခံနေသည်။

ကော့ကရိတ်မြို့အရှေ့မြောက်ဘက် ၁၉ မိုင်အကွာ သင်္ဃန်းညီနောင်ရှိ စစ်တပ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ ကို ဧပြီ ၅ တွင် KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

သင်္ဃန်းညီနောင်တိုက်ပွဲတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာမှ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း ၆၁၇ ဦး လက်နက်ချခဲ့ရာ KNU နယ်မြေတွင် အရေအတွက်အများဆုံး အစုအပြုံလိုက်လက်နက်ချမှုဖြစ်လာသည်။ စစ်တပ်အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀ ၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများအရှိန်အဟုန်အားကောင်းလာရာ သင်္ဃန်းညီနောက်အရှေ့ဘက် ၉ မိုင်အကွာ မြဝတီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ဖြစ်သော ခလရ ၂၇၅ လည်း ဧပြီ ၁၁ တွင် KNU လက်အောက် ကျသွားသည်။

မြဝတီကို KNU က တိုက်ခိုက်ပြီးနောက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသည့် ထိုင်းစစ်သားများကို ဧပြီ ၁၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – (အံ့မှူးမဟာ/Myanmar Now)

မြဝတီမြို့တွင် အုပ်ချုပ်ရေးအစားထိုးမည့်အစီစဉ်မှာ လုပ်ငန်းစဉ်ထဲတွင် ရှိနေပြီဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။

“မြဝတီမြို့မှာက အဖွဲ့စုံတွေရှိနေတဲ့အပေါ်မှာတော့ ကျွန်တော်တို့ နည်းလမ်းတွေရှိပါတယ်။ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာက နည်းလမ်းတွေရှိနေပြီးသားပါ။ တစ်ဆင့်ချင်းစီသွားမှာဖြစ်ပါတယ်။ ဒါက မြို့အုပ်ချုပ်ရေးနဲ့ ဆက်စပ်နေတဲ့ဟာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

မြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားချေမှုန်းတိုက်ခိုက်နိုင်၍ နောက်ဆက်တွဲအန္တရာယ်များကို ရှောင်းရှားနိုင်ရန်လိုကြောင်း သူက ဆိုသည်။

မြဝတီမြို့ကို ဆုံးရှုံးမှုသည် အာဏာသိမ်းစစ်တပ်အတွက် ကရင်ပြည်နယ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအရ တစ်ပြိုင်တည်းဆုံးရှုံးခြင်းဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်သည်။

“တပ်မနှစ်ခုစာနီးပါးလောက်ရှိတဲ့ စစ်ဆင်ရေးနယ်မြေတစ်ခုဆုံးရှုံးသွားတာလို့ ပြောလို့ရတယ်” ဟု သူက ဆိုသည်။

ကောကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး စသည့် ပြည်နယ်တောင်ပိုင်းတွင် တော်လှန်ရေးတပ်များက အသားစီးဖြင့် ထိန်းချုပ်ထားနိုင်သည့်တစ်ပြိုင်နက် စစ်တပ်၏ စွမ်းရည်များကို ချေဖျက်လိုက်ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သော်လည်း စစ်ကောင်စီတပ်အင်အားမှာ ကရင်ပြည်နယ်တွင် အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်ရှိရာ ဘားအံ၊ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိရာ ကော့ကရိတ်မြို့တို့ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

သိမ်းပိုက်လိုက်သည့် မြဝတီမြို့သည် ကုန်သွယ်ရေးအရပိုမိုအရေးပါပြီး စစ်ရေးအရအရေးပါသည့် ဘားအံမြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စောင့်ကြည့်ရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က Myanmar Now ကို ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်ထက်တွင် ကုန်သွယ်မှုပမာဏကြီးမားသည့် ထိုင်းနယ်စပ် မြဝတီအပါဝင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စသည့်နိုင်ငံများနှင့်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိပြီး တရုတ်နယ်စပ်ရှိ အကြီးဆုံးကုန်သွယ်ရေးဂိတ်များဖြစ်သည့် မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်တို့ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားသည်။

တိုက်ပွဲမပြတ်ဖြစ်နေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင်လည်း အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအရှေ့ဘက်ပိုင်းရှိ အိမ်နီးချင်း လာအိုနိုင်ငံနှင့် ကုန်သွယ်ရန် ကျိုင်းလပ်နယ်စပ်ဂိတ် ဖွင့်လှစ်ထားသော်လည်း အမှန်တကယ်ကုန်သွယ်မှု မရှိပေ။

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွားသည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

စစ်တပ်အနေဖြင့် နယ်စပ်များဝိုင်းဝန်းပိတ်ဆို့ခံထားရသလိုဖြစ်ပြီး ပင်လယ်ရေကြောင်းထွက်ပေါက်သာ ကျန်တော့သည်ဟု စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအကြောင်း စောင့်ကြည့်လေ့လာသူတို့က ဆိုသည်။

Show More

Related Articles

Back to top button