
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များ ဝိုင်းရံပိတ်ဆို့ထားသည့် မြဝတီ၊ သင်္ဃန်းညီနောင်ရှိ စစ်တပ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ ကို ယနေ့ (ဧပြီ ၅) နေ့လယ်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး ၁၀၀ ကျော်၊ စစ်တပ်သုံးမော်တော်ယာဉ်များ သိမ်းဆည်းထားသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်က စတင်တိုက်ခိုက်ခံရချိန်မှစပြီး လေတပ်ပစ်ကူဖြင့် ၂ ရက်ဆက်တိုက် ခုခံခဲ့သော်လည်း ယနေ့ (ဧပြီ ၅) နေ့လယ်ပိုင်းတွင် တော်လှန်ရေးအင်အားစုက ထိုစခန်းများကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကြောင်းက အကြောင်းကြားတယ်။ ဗျူဟာရသွားပြီ။ လက်နက်တွေလည်း အများကြီးရတယ်။ ကားတွေလည်း အများကြီးရတယ်။ ဗျူဟာရသွားတာ သေချာသွားပါပြီ” ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်း၊ ပေါလော၊ သံပရာနှင့် ဇရပ်ဖြူကုန်းရွာများမှာ ခမရ ၃၅၆ နှင့် ၃၅၇ တို့ကို ဝိုင်းရံထားသည့် ရွာများဖြစ်သည်။
ထိုတပ်ရင်းများကို ယမန်နေ့ (ဧပြီ ၄) နံနက်ပိုင်းက စတင်ပြီး မဟာမိတ်တပ်များက ထိုးစစ်ဆင်ခဲ့သည်။
ယနေ့ (ဧပြီ ၅) မွန်းလွဲ ၃ နာရီအထိ စစ်တပ်က လေကြောင်းသုံး ပစ်ခတ်နေဆဲဖြစ်ရာ ဝှေ့ရှမ်းရွာတွင် အိမ်ခြေ ၁၀၀ ကျော်ပျက်စီးခဲ့ပြီး သင်္ဃန်းညီနောင်ရွာမှာ မီးလောင်ပြင်လိုဖြစ်နေသည်၊ အနီးရှိ ကျေးရွာများအားလုံးမှာ စစ်ဘေးရှောင်နေကြရသည်ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
“၂ ရက်ရှိပါပြီ။ မနက်ဆို ၅ နာရီလောက်ကတည်းက အကုန်လုံး ကတုတ်ကျင်းထဲကိုပဲ ဝင်နေရတယ်။ ကြဲပြီးရင် ကင်းထောက်လာတယ်။ ဂျက်ဖိုက်တာက ကင်းထောက်တယ်။ ၁၀ မိနစ် ၁၅ မိနစ်ဆို ကြဲဖို့ ထပ်တက်လာပြီး တောက်လျှောက်ကို ကြဲနေတော့တာ” ဟု သူက ဆက်ပြောသည်။
မတ် ၇ က စတင်ပြီး မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ရွာရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၅၅ ၊ ၃၅၆ နှင့် ၃၅၇ တို့ကို KNLA တပ်မဟာ ၆ က ဦးဆောင်ပြီး မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တပ်ရင်း ၃ ရင်း ရှိသည့်အနက် ခမရ ၃၅၅၊ ခမရ ၃၅၆ နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။
မတ် ၈ တွင် လေတပ်က ကြဲချသည့်ဗုံး သင်္ဃန်းညီနောင် ရွာသစ်ရှိ သဘာဝတရားရိပ်သာအဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ အသက် ၇၀ အရွယ် အမျိုးသား ၂ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ တွင် သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ ၃၅၆ သို့ ပျံသန်းလာသည့် စစ်ရဟတ်ယာဉ်ကို ထိုဒေသအခြေစိုက် ကော်ဘရာ စစ်ကြောင်းက ပစ်ခတ်ခဲ့ရာ အမှတ် ၄၄ ခြေမြန်တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦးတို့ သေဆုံးသွားသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။
စစ်ကောင်စီက ထိုဖြစ်ရပ်ကို အခြားတိုက်ခိုက်ခံရမှုများကဲ့သို့ပင် သတင်းအမှောင်ချထားသည်။
၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီကို အကြီးအကျယ် ထိုးစစ်ဆင်ရာ အောင်မြင်မှုများ ဆက်တိုက်ရလာသည်။
ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က ရှမ်းမြောက်ဒေသတွင် စစ်စခန်း ရာနှင့်ချီ သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်၏ ဖိအားကြောင့် စစ်ကောင်စီနှင့် အပစ်ရပ်ထားသည်။
ရခိုင်တပ် (AA) က ရခိုင်ဒေသတွင် စစ်ထိုးနေရာ စစ်ကောင်စီက စခန်းအများအပြား ပေးလိုက်ရသည်။ ကချင်တပ် (KIA) ကလည်း ၎င်း၏ ကျယ်ပြန့်သော ထိုးစစ်ကို ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် အစပြုလိုက်ရာ ယခုအခါ စခန်းပေါင်း ၆၀ ကျော် သိမ်းယူနိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။