သတင်း

မြဝတီမြို့တွင် ဘိုးဘွားရိပ်သာ ဗုံးကြဲခံရ၊ ၂ ဦး သေဆုံး

စစ်လေယာဉ် ကြဲချသည့်ဗုံး ကရင်ပြည်နယ် မြဝတီရှိ သဘာဝတရားရိပ်သာကို ထိမှန်ရာ ၂ ဦး သေဆုံးပြီး ဘိုးဘွား ၈ ဦးထက်မနည်း ဒဏ်ရာရသွားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွာသစ်ရွာမှ သဘာဝတရားရိပ်သာ၏ ဆေးခန်းသည် ယနေ့ (မတ်လ ၈ရက်) နံနက်က စစ်ကောင်စီတိုက်လေယာဉ်ကြဲသည့် ဗုံးထိမှန်သဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦး သေဆုံးကာ ဘိုးဘွား ၈ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း သိရသည်။

ရွာသစ်ရွာသည် စစ်ကောင်စီတပ်၏ စစ်ဗျူဟာအခြေချရာ သင်္ဃန်းညီနောင်ရွာ၏ အရှေ့ဘက် ၁ ကီလိုမီတာကျော်အကွာတွင် ရှိသည်။

သင်္ဃန်းညီနောင်တွင် ခမရ ၃၅၅၊ ၃၅၆ နှင့် ၃၅၇ စခန်းများ ရှိသည့်အနက် သင်္ဃန်းညီနောင်ရွာ၏ အနောက်ဘက်ရှိ ၃၅၅ တပ်ရင်းနှင့် သင်္ဃန်းညီနောင်ရွာအလယ်ရှိ ရဲစခန်းကို ကရင်လက်နက်ကိုင် KNU/KNLA တပ်မဟာ ၆ လက်အောက်ခံစစ်ကြောင်းများက မတ်လ ၇ ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေသည်။

“ဒီနေ့မနက် လေယာဉ်နဲ့ ကြဲတဲ့ အလုံးကြီး ၂ လုံးက အဘိုးအဘွားဆောင်အပေါ်ကို တစ်လုံး တည့်တည့်ကျတယ်။ ဆရာတော်စံမြန်းဆောင်ဘက်ကို တစ်လုံးကျပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

“ဆရာတော်စံမြန်းဆောင်မှာ လူမရှိတဲ့အတွက် မထိပါဘူး။ အဘိုးအဘွားဆောင်ကို တည့်တည့်ကျတဲ့အတွက် အဘိုး ၂ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားပါတယ်”

Myanmar Now က ရရှိထားသည့် ဓာတ်ပုံ ၂ ပုံတွင် အင်္ကျီကျွတ်နေပြီး ခန္ဓာကိုယ်၌ သွေးများပေနေသူတစ်ဦး ဝါးခုတင်ပေါ်တွင် ဘေးတိုက်လဲနေသည်။

စစ်တပ်က ကြဲချသည့်ဗုံး ကျရောက်ပေါက်ကွဲသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွာသစ်ရွာမှ သဘာဝတရားရိပ်သာကို ထိမှန်ပြီး ဒဏ်ရာရသွားသူတစ်ဦး (ဓာတ်ပုံ – ငှက်ငယ်လေး Facebook)

ဒုတိယဓာတ်ပုံတွင် အပြာရောင်အင်္ကျီဝတ်ထားသူတစ်ဦး ညာဘက်လက်ဖျံရိုး ကျိုးနေပြီး ပက်လက်အနေအထားဖြင့် အပြာရောင်သံခုတင်ပေါ်တွင် ရှိနေသည်။

ဗုံးစထိမှန်မှုကြောင့် ဒဏ်ရာရသည့် အဘိုးအဘွား အနည်းဆုံး ၈ ရှိပြီး ၎င်းတို့ကို မြဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲသည် မတ်လ ၈ ရက်နေ့အထိ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို လေကြောင်းမှ ဗုံးကြဲသည်၊ တော်လှန်ရေးအင်အားစုကလည်း  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သည်ဟု သိရသည်။

ရွာသစ်ရွာ သဘာဝတရားရိပ်သာတွင် တရားအားထုတ်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် အဘိုးအဘွားနှင့် အရပ်သား ၂၀၀ နီးပါး နေထိုင်သည်၊ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု  လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲ ဒုတိယနေ့ဖြစ်သည့် မတ်လ ၈ ရက် နံနက်ပိုင်းတွင် စစ်လေယာဉ် ၂ နာရီခြားတစ်ကြိမ် ရောက်လာပြီး သင်္ဃန်းညီနောင်ရှိ ကရင်တော်လှန်ရေးတပ်များရှိရာကို ဗုံးကြဲတိုက်ခိုက်နေကြောင်း တိုက်ပွဲအကြောင်း သိသည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကို ထောက်ခံရေးသားလေ့ရှိသည့် Kyaw Swar တယ်လီဂရမ်ချန်နယ်တွင်လည်း ခမရ ၃၅၅ တပ်ကို စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးနေကြောင်း မတ်လ ၈ ရက် နံနက်ပိုင်းတွင် ရေးသားထားသည်။

သင်္ဃန်းညီနောင်တိုက်ပွဲတွင် KNU/KNLA တပ်မဟာ ၆ လက်အောက်ခံ ကော်ဘရာစစ်ကြောင်းမှ တပ်ခွဲမှူး ဂျွန်နေဇာဆိုသူလည်း တိုက်ပွဲတွင် သေဆုံးသွားကြောင်း စစ်ကောင်စီတပ်၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက တစ်ပြိုင်နက်တည်းရေးသားနေကြသည်။

စစ်ကောင်စီလိုလားသည့် Saw Ba Maung တယ်လီဂရမ်ချန်နယ်က ခမရ ၃၅၅ သည် KNU/KNLA ၏ စစ်ဆင်မှုကို ဆက်လက်ခုခံနေသည်ဟု ဖော်ပြသည်။

တိုက်ပွဲအခြေအနေ ပိုမိုသိရှိနိုင်ရန် KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် ပဒိုစောကလယ်စေးတို့ကို Myanmar Now က စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်သေးပေ။

သင်္ဃန်းညီနောင်တိုက်ပွဲတွင် မြဝတီရှိ စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်စခန်း၏ ပစ်ခတ်မှုကြောင့် သင်္ဃန်းညီနောင်ရွာ အရှေ့ဘက် ရွာသစ်ရွာက အမျိုးသမီး ၁ ဦး လက်နက်ကြီးအစထိမှန် သေဆုံးထားသလို အမျိုးသား ၃ ဦး ဒဏ်ရာရထားကြောင်း ကရင်ပြည်နယ်သတင်းများ အထူးပြု ဖော်ပြနေသည့် KIC က ရေးသားသည်။

Myanmar Now က စကားပြောခွင့်ရသည့် ဒေသခံ အမျိုးသားတစ်ဦးကလည်း တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်ရွာအပါအဝင် သင်္ဃန်းညီနောင်အရှေ့ဘက်ရှိ မြို့သစ်နှင့် ရွာသစ်တို့မှ ဒေသခံအများစု ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်းပြောသည်။

“ရှောင်တဲ့သူကတော့ များတယ်။ တစ်ရွာလုံးနီးပါးပဲ။ သူခိုးတွေရှိတော့ အိမ်မှာ အိမ်စောင့်လောက်ပဲ ထားပြီး ရှောင်ကြတာ။ ဒီနေ့လည်း လေယာဉ်တွေက လာနေတာပဲ။ ဒါကြောင့် လူတွေတော့ ပြန်လာမနေရဲသေးဘူး။ လေယာဉ်က ပစ်ချမှာစိုးလို့ပါ” ဟု သူက ဆိုသည်။

သင်္ဃန်းညီနောင်သည် မြဝတီမြို့နှင့် ကော့ကရိတ်ကြားတွင် ရှိပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော အာရှလမ်းမဖြတ်သန်းရာ ကျေးရွာဖြစ်သည်။

သင်္ဃန်းညီနောင်တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၌ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေစဉ်တွင် ပေါ်ပေါက်လာသည့် မြန်မာပြည်တောင်ပိုင်းက KNU ၏ တိုက်စစ်ဖြစ်သည်။

စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချရှိသည့် သင်္ဃန်းညီနောင်ကိုသာ KNU ဘက်က ထိန်းချုပ်နိုင်မည်ဆိုပါက သင်္ဃန်းညီနောင်အရှေ့ဘက်နယ်စပ်မြို့ဖြစ်သည့် မြဝတီသည် KNU/KNLA ၏ စစ်ရေးခြိမ်းခြောက်မှု ပိုခံရမည့် အခြေအနေရှိသည်။

KNU ၏ နိုင်ငံခြားရေးဌာနအတွင်းရေးမှူး Nimrod ကလည်း KNU သည် ထိုင်း-မြန်မာနယ်စပ်အပြင် ၎င်းတို့အုပ်ချုပ်ရာ နယ်မြေတွင် လုံခြုံရေးကို အတတ်နိုင်ဆုံး တာဝန်ယူပေးမည်ဟု ထိုင်းလွှတ်တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောထားသည်။

ထို့ပြင် ၎င်းက ထိုင်း-မြန်မာနယ်စပ်က ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန် ချိတ်ဆက်ဆောင်ရွက်မည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာစစ်ကောင်စီနှင့် နီးစပ်သည့် အတွက် စိုးရိမ်မကင်းဖြစ်ရကြောင်း ဆိုသည်။

ဆက်လက်၍ Nimrod က ထိုင်းအစိုးရနှင့် ထိုင်းကြက်ခြေနီအသင်းသည် TBC (the Border Consortium) အပါအဝင်   CIDKP (Committee for Internally Displaced Karen People) ကဲ့သို့သော ဒေသခံ အရပ်ဘက်အဖွဲ့များနှင့် ချိတ်ဆက်လုပ်သင့်သည်ဟု ထိုင်းလွှတ်တော်က ပြုလုပ်သည့်ဆွေးနွးပွဲတွင် တိုက်တွန်းထားသည်။

KNU ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် KNU ၏ ခရိုင် ၇ ခု၊ တပ်မဟာ ၇ ခု နယ်မြေတွင် လူ ၇ သိန်း ၆ သောင်းကျော် ထွက်ပြေး ခိုလှုံလာကြကြောင်း သိရသည်။

Show More

Related Articles

Back to top button