သတင်း

KIA ထိုးစစ် ကချင်ပြည်နယ်တွင် စတင်

ထောင်နှင့်ချီသော KIA နှင့် မဟာမိတ်တပ်သားများက ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီး စစ်မျက်နှာသစ်ဖွင့်လှစ်လိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်တပ်များက စစ်သည်အင်အား ထောင်ဂဏန်းသုံးပြီး ယနေ့ (မတ် ၇) နံနက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီကို စစ်မျက်နှာသစ်ဖွင့်လှစ်လိုက်သည်။

ကနဦးသတင်းများအရ KIA နှင့် မဟာမိတ်တို့သည် KIA ဌာနချုပ် လိုင်ဇာအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ မြစ်ကြီးနားလေတပ်စခန်းနှင့် ဝိုင်းမော်၊ ဒေါ့ဖုန်းယန်၊ ဗန်းမော် စသည့်မြို့များမှ စစ်စခန်းများကို နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အခြေစိုက် အမှတ် ၁၂၃ ခြေလျင်တပ်ရင်း (ခလရ) ဇန်နဝါရီလအတွင်းက သိမ်းပိုက်ပြီးနောက် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – မြတ်ပန်း/ Myanmar Now)

ရက္ခိုင့်တပ်တော် AA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များက KIA ဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

ထိုးစစ်စတင်ပြီး နာရီပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

KIA သိမ်းနိုင်ခဲ့သည့် စခန်းများမှာ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာအခြေစိုက် စစ်တပ် ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၂၁ အပါအဝင် နွမ့်လန့်(Numlang)၊ ကုန်းလော(KungLaw)၊ မလိယန်တို့တွင် အခြေစိုက်သည့် တပ်စခန်းများ၊ ဒေါ့ဖုန်းယန်မြို့၊ လိုင်ဇာမြို့အနီးရှိ ခယာတောင်နှင့် ဘွမ်ရဲတောင် စစ်ကောင်စီတပ်စခန်းများဖြစ်သည်။

“ရှေ့တန်းက ကာကင်းစခန်းတွေ သိမ်းလို့ရပြီ ပြောတယ်။ ဘယ်နေရာက စခန်းတွေဆိုတာ အတိအကျတော့ ပြောလို့မရသေးဘူး။..လေကြောင်းနဲ့ လာပစ်တာရှိပါတယ်။ လိုင်ဇာမြို့ပေါ်မှာလည်းပဲ လက်နက်ကြီးနဲ့ ပစ်တာတွေရှိပါတယ်။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်တဲ့အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့နံနက်စီးနင်းနေသည့် စခန်းများသည် မြစ်ကြီးနား-ဗန်းမော်လမ်းကို အသုံးပြုနေသည့် ပြည်သူများကို ပိတ်ဆို့ကန်သတ်နေသည့် နေရာများဖြစ်သလို လိုင်ဇာမြို့နေလူထု လုံခြုံရေးကို အနှောင့်အယှက်ပေးနေသော စစ်တပ်၏ ဗျူဟာကျသည့် စခန်းများဖြစ်သောကြောင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့နံနက်တွင် စီးနင်းသည့် စစ်တပ်စခန်းများအနက် ခါရာတောင်၊ ဘွမ်ရယ်တောင်တို့မှာ လိုင်ဇာမြို့အနောက်ဘက် ၆ ကီလိုမီတာအကွာက အခိုင်အမာတည်ဆောက်ထားသည့် ဗျူဟာမြောက်တပ်စခန်းများဖြစ်ကာ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို နေ့ညမပြတ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် နေရာများဖြစ်သည်​။

“ခရာဘွမ်၊ ဘွမ်ရယ်ဘွမ်တစ်ဝိုက်က ကာကင်းစခန်းတွေကိုတော့ သိမ်းလို့ရပြီ။ စခန်းကြီးတွေကတော့ တိုက်တောင်မတိုက်ရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဒီစခန်းတွေက လိုင်ဇာကို ထိန်းတဲ့စခန်းတွေပဲ ဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ ခဏခဏပစ်တာရှိတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းအတွက် အခရာကျတဲ့စခန်းတွေဖြစ်ပါတယ်”

ခရာတောင်၊ ဘွမ်ရယ်တောင်တို့တွင် အခြေစိုက်ထားသည့် စစ်တပ်စခန်းများသည် လိုင်ဇာမြို့ကို နေ့ညမရွေး ပစ်ခတ်ခြိမ်းခြောက်နေသည့် နေရာဖြစ်ရာ ထိုစခန်းများကို တိုက်ခိုက်ရန် ကာလရှည် စီစဉ်ပြီးနောက် KIA, AA နှင့် PDF တို့ ပူးပေါင်း၍ တိုက်ခိုက်စဉ် နေရာအများအပြားကို ရရှိထားပြီဟု ဒေသအခြေစိုက် နိုင်ငံရေးသမားတစ်ဦးကလည်း ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ အခြေစိုက် အမှတ် ၁၂၃ ခြေလျင်တပ်ရင်း (ခလရ) ဇန်နဝါရီလအတွင်းက သိမ်းပိုက်ပြီးနောက် တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – မြတ်ပန်း/ Myanmar Now)

“ဒီထိုးစစ်ကတော့ အဲဒီစခန်းတင်မဟုတ်ဘူး။ လိုင်ဇာတစ်လျှောက်၊ ဝိုင်းမော်တစ်လျှောက်၊ ပြီးရင် ဗန်းမော်ဘက်တစ်ကြောမှာ ထိုးစစ်ဆင်တာ။ ဒီဘက်ကုန်း ကုန်ရင်တော့ ဝိုင်းမော်တစ်ကြောလုံးကတော့ ရန်သူကင်းရှင်းနယ်မြေ ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

လိုင်ဇာမြို့အနီး တိုက်ပွဲများတွင် အဓိက လက်နက်ကြီးပစ်ကူပေးသည့် ခရာတောင်၊ ဘွမ်ရယ်တောင်ပေါ်ရှိ စစ်စခန်းများ စီးနင်းတိုက်ခိုက်ခံနေရချိန် လိုင်ဇာအထက် ပါဂျောင်၊ နာဖော့တောင်ပေါ်အခြေစိုက် တပ်စခန်းကနေ လက်နက်ကြီးပစ်ကူပေးလျက်ရှိသလို လေကြောင်းဖြင့်လည်း ဆက်တိုက်လာရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

KIAနှင့် ပူးပေါင်းအဖွဲ့တို့က လိုင်ဇာအနီးတစ်ဝိုက်ရှိ အခြေစိုက်တပ်စခန်းများကို စီးနင်းတိုက်ခိုက်နေစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လိုင်ဇာမြို့ ရပ်ကွက် (၁) တွင်ရှိသော ဝေကြိုင်ဒုက္ခသည်စခန်းအတွင်း ကျရောက်ပေါက်ကွဲရာ ဒေသခံ ကလေးငယ်တစ်ဦးအပါဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးအေးလှိုင်၊ အသက် ၄၅ နှစ်အရွယ် လဖိုင်ဂျာအွန်လုနှင့် ၎င်း၏ ၉ နှစ်အရွယ် သားဖြစ်သူ အင်ဂွမ်းဂွန်ဆန်တူဆိုသူတို့ဖြစ်သည်ဟု ၎င်းက ပြောသည်။

“သားအမိက အိမ်ထဲမှာ ရှိနေတာ။ အိမ်ခလယ်တည့်တည့်မှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး ဆုံးသွားတာ။ စခန်းထဲကို လက်နက်ကြီးက တစ်လုံးပဲ ကျတာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများမှာ ယနေ့ မွန်းလွဲပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည်၊ သိမ်းထားသည့် စခန်းအရေအတွက်ကိုမူ တိတိပပမသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Show More

Related Articles

Back to top button