ဆောင်းပါး

လူထုအုံကြွမှုတပ်ဦးမှ အလုပ်သမားများ

စစ်တပ်က အာဏာသိမ်းပြီး ခြောက်ရက်မြောက် ဖေဖော်ဝါရီ ၆ နံနက်ခင်းတွင် ရာထောင်ချီသော အလုပ်သမားများသည် ရန်ကုန်မြို့ အင်းစိန်လမ်းမတစ်နေရာသို့ ဒိုင်နာကားများဖြင့် အလျှိုလျှိုစုရုံးရောက်ရှိလာသည်။

ထမင်းချိုင့်ကိုယ်စီဆွဲလာသော အလုပ်သမအများစုပါဝင်သည့် စက်ရုံအသီးသီးမှ အလုပ်သမားသုံးထောင်ကျော်သည် စုရပ်မှ လမ်းလျှောက်ချီတက်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တိုက်ပွဲကို စွန့်စွန့်စားစား စတင်လိုက်ကြသည်။

“စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ဟု တညီတည်းကြွေးကြော်ကာ ချီတက်လာသူတို့သည် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) နှင့် ဆက်စပ်နေသော အလုပ်သမားများဖြစ်သည်။

အလုပ်သမားတို့ လမ်းပေါ် စွန့်စားပြီး ထွက်ခဲ့ခြင်းမှာ မတရားမှုကို တွန်းလှန်ရေးအတွက်ဖြစ်သည်ဟု ထိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပြသည်။

“စစ်အာဏာသိမ်းသွားတဲ့အချိန်မှာ ဒါကြီးက အလုပ်သမားထုအတွက် မတရားမှုမဟုတ်တော့ဘူး၊ တစ်နိုင်ငံလုံးရဲ့ မတရားမှုကြီးရယ်လို့ အားလုံးက ခံယူကြတယ်၊ အားလုံးကလည်း ရှုတ်ချတယ်၊ မကျေနပ်ကြဘူး” ဟု ၎င်းကဆိုသည်။

ဤသို့ဖြင့် နိုင်ငံအတွက် သမိုင်းဝင်မည့် ၂၀၂၁ ဖေဖော်ဝါရီ လူထုအုံကြွလှုပ်ရှားမှုတွင် အလုပ်သမားတို့သည် ထိပ်ဆုံးမှ အစပြု ပါဝင်လာကြသည်။

မိတ်ဖက်များနှင့် တိုင်ပင်ခြင်း

ဖေဖော်ဝါရီ ၁ တွင် စစ်တပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အမှောင်ထုသို့ ရောက်ခဲ့ရသည့် အခြေအနေတွင် ပြည်သူလူထု၏ ရင်တွင်းမကျေနပ်မှု အစိုင်အခဲများရှိနေသော်လည်း လမ်းမပေါ်ထွက်လာရန် ရက်အနည်းငယ် ကြာခဲ့သည်။

အာဏာသိမ်းပြီး သုံးရက်မြောက်နေ့တွင် အလုပ်သမားအဖွဲ့အစည်းများ အစည်းအဝေးထိုင်ပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် ဆုံးဖြတ်ချက်များချခဲ့ကြသည်ဟု မမိုးစန္ဒာမြင့်က ပြောသည်။

ထိုဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၄ တွင် စက်ရုံ ၁၀ ခုမှ အလုပ်သမားများသည် လုပ်ငန်းခွင်တွင်ပင် အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်၊ ကမ္ဘာမကျေဘူးသီချင်းသီဆိုပြီး ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။

နောက်တစ်နေ့တွင် အလုပ်သမားအများအပြားနေထိုင်ရာ လှိုင်သာယာမြို့နယ် နေရာအနှံ့အပြားတွင် အာဏာဖီဆန်ရေး CDM ကို ထောက်ခံအားပေးလှုံ့ဆော်မှု ပေါ်ပေါက်လာရာ ဟန့်တားမှုနှင့် ရင်ဆိုင်ရသည်။ 

“အလုပ်သမားတွေက စစ်အာဏာရှင်စနစ်ရဲ့ မတရားမှုတွေကို လုံးဝမကြိုက်ဘူး။ လုပ်ငန်းခွင်မပျက် CDM လုပ်တာတောင်မှ သူတို့တွေက ချက်ချင်းကြီး ဖိအားတွေ ပေးလာတဲ့အပေါ်မှာ အလုပ်သမားတွေက ပိုပြီးတော့ ခံပြင်းလာတယ်” ဟု မမိုးစန္ဒာမြင့်က ထိုနေ့က အခြေအနေကို ရှင်းပြသည်။

ထိုနေ့တွင်ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (UYSU)၊ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)၊ နိုင်ငံရေးတက်ကြွသူလူငယ်အချို့တို့နှင့် အရေးပေါ်စည်းဝေးပြီး လှုပ်ရှားမှုစတင်ရန် ယာယီဆုံးဖြတ်ခဲ့သည်။

“လူထုလှုပ်ရှားမှုလုပ်တဲ့အခါမှာ လိုချင်တဲ့(လူဦးရေ) အရေအတွက် ရတယ်ဆိုရင် ထွက်မယ်ဆိုပြီး ဆုံးဖြတ်ချက်အနေနဲ့ ယာယီထားလိုက်တယ်” ဟု မမိုးစန္ဒာမြင့်က ပြောသည်။

၆ ရက်နေ့ နံနက်စောစောတွင်မှ FGWM က အလုပ်သမားသုံးထောင်ကျော် စုစည်းမိသည့်အတွက် ပါရမီစိန်ဂေဟာကို စုရပ်လုပ်ကာ လှည်းတန်းကို ချီတက်မည့်အစီအစဉ်ကို နံနက် ၇ နာရီတွင် အတည်ပြုလိုက်ကြသည်။

ထိုလှုပ်ရှားမှုတွင် STUM မှ ကိုကျော်ကျော်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားအချို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မအိသဉ္ဇာမောင်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကိုနှင့် လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ ပူးပေါင်းခဲ့သည်။

ထိုနေ့က အလုပ်သမားစစ်ကြောင်း ချီတက်လာရာလမ်းတလျှောက် ပြည်သူအချို့ကလည်း ပူးပေါင်းချီတက်ခဲ့သည်မှာ လှည်းတန်းခုံးကျော်တံတားမရောက်မီ ရဲအင်အားအလုံးအရင်းဖြင့် လာရောက်တားဆီးသည့်အချိန်ထိဖြစ်သည်။

မွန်းတည့်နေပူပူအောက်မှ အလုပ်သမားစစ်ကြောင်း လှည်းတန်းသို့ ရောက်ရှိလာချိန်တွင် ရပ်ကွက်နေပြည်သူများ၊ လမ်းသွားလမ်းလာများ စုပေါင်းလာပြီး လူဦးရေသောင်းဂဏန်းအထိ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။ 

ရဲတပ်ဖွဲ့က ဆက်လက်ပိတ်ဆို့ထားချိန်တွင် အလုပ်သမားများက စစ်အာဏာရှင်စနစ်ကျဆုံးပါစေ၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး ဆက်လက်ကြွေးကြော်ပြီး လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာကြသည်။

အလုပ်သမားစစ်ကြောင်းသည် နေ့လယ်တစ်နာရီခန့်အချိန် မူလစုရပ်သို့ မရောက်မီတွင် လူစုခွဲလိုက်ကြသည်။

ထိုအချိန်၌ လှည်းတန်းလမ်းဆုံရောက် လူစုသည် တဖြည်းဖြည်းအင်အားကောင်းလာပြီး ထောင်ဂဏန်းအထိ တိုးလာခဲ့သည်။ ရဲများကလည်း စည်းသုံးစည်းသားကာ ဆက်လက်ပိတ်ဆို့ထားပြီး လူထုကလည်း စည်းမကျော်ဘဲ ကြွေးကြော်သံများတိုင်ခြင်း၊ သီချင်းသီဆိုခြင်းဖြင့် ညနေ လေးနာရီကျော်အထိ ဆက်လက်ဆန္ဒပြခဲ့ကြသည်။

အရေးတော်ပုံကြားက အလုပ်သမားများ၏ အခက်အခဲ

စစ်အာဏာသိမ်းမှု တစ်လပြည့်တော့မည်ဖြစ်ရာ ပြည်နယ်နှင့်တိုင်းအသီးသီးမှ မြို့ကြီးမြို့ငယ်များတွင် လူထုက နေ့စဉ် လမ်းပေါ်ထွက်နေကြသည်။ ရန်ကုန်ရှိ စက်ရုံအလုပ်ရုံများမှ သောင်းနှင့်ချီသော အလုပ်သမားထုကို စစ်အာဏာရှင်ကျဆုံးရေး လမ်းပေါ်သပိတ်တိုက်ပွဲများတွင် ယနေ့အထိ နေ့စဉ်မပြတ် တွေ့မြင်နေရသည်။

သို့သော် တစ်နေ့လုပ်အားခ ၄၈၀၀ ကျပ်သာရရှိသည့် အခြေခံအလုပ်သမားလူတန်းစားသည် အနာဂတ်ကောင်းမွန်ရေးရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်နေကြရသည်ဟု မမိုးစန္ဒာမြင့်က ပြောသည်။ 

“ဒီအချိန်မှာ အလုပ်ထုတ်တာတွေ၊ အလုပ်ပြုတ်တာတွေ၊ လစာမရတာတွေကို သူတို့က တွေးမပူတော့ဘူး၊ မစဉ်းစားတော့ဘဲနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ပဲ သူတို့ရှိနေကြတာကို ကျွန်မတို့ တွေ့ရတယ်၊ အင်မတန်မှလည်း အလုပ်သမားတွေကို လေးစားတယ်၊ ဂုဏ်လည်းဂုဏ်ယူတယ်” ဟု ၎င်းက ထပ်ပြောသည်။

အလုပ်သမားများသည် အစိုးရအဆက်ဆက် အဖိနှိပ်ခံများဖြစ်ခဲ့ရာ လမ်းပေါ်သပိတ်တိုက်ပွဲများ မကြာခဏ ဖော်ဆောင်ရသူများဖြစ်သည်။

NLD အစိုးရ ငါးနှစ်တာကာလတွင်လည်း အလုပ်သမားထုအတွက် ပြုပြင်ပြောင်းလဲမှု ထင်သလောက်မရှိဘဲ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတချို့ ထိန်းသိမ်းခံခဲ့ရသည်။  

ဥပဒေအရလည်း အပြည့်အဝကာကွယ်မှုမရသည့် အလုပ်သမားများသည် ၎င်းတို့ဘက်တွင် ရပ်တည်မှုမပေးသည့် ဝန်ကြီးဌာန၊ ဌာနဆိုင်ရာများနှင့်သာ တွေ့ကြုံခဲ့ရသည့်အတွက် စစ်အာဏာရှင်စနစ်တိုက်ဖျက်သည့် ၂၀၂၁ တွင် ရှေ့တန်းကထွက်ခဲ့ခြင်းဖြစ်ကြောင်း မမိုးစန္ဒာမြင့်က ဆက်ပြောသည်။ 

“အခြေခံသမဂ္ဂအားကောင်းတဲ့ စက်ရုံတွေကျတော့ CDM မှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်ပေးကြတာ ရှိသလို အများစုကတော့ လစာမဲ့ခွင့်နဲ့ စက်ရုံတွေပိတ်ထားတာမျိုးလည်း တွေ့ရတယ်” ဟု  မမိုးစန္ဒာမြင့်က ရှင်းပြသည်။  

“သူတို့ရဲ့ နောက်ကွယ်မှာ မိသားစုတွေ ရှိကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့အတွက် သူတို့ရဲ့အနီးစပ်ဆုံး အိမ်လခတွေ အဆောင်လခတွေရှိတယ်ပေါ့နော်၊ ဒါတွေလည်း ကျွန်မတို့မှာ ပူရတယ်” ဟု ၎င်းကဆိုသည်။ 

ဆန္ဒပြနိုင်ရေးအတွက် ခွင့်ပေးရန် အလုပ်ရှင်ကို ညှိနှိုင်း၍မရသောကြောင့် ၎င်းတို့အနေဖြင့် ဥပဒေပါခွင့်ရက်များ အသုံးပြုပြီး လမ်းပေါ်ထွက်နေရကြောင်း၊ ယခုလကုန်လျှင် ဆက်ပြီးတောင့်ခံရမည့် အရေးကို စိုးရိမ်နေရကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲရင့်က ပြောသည်။ 

“အလုပ်သမားတွေကတော့ ဒီတစ်လကိုပဲ မြင်ထားကြတာပေါ့။ ဒီတစ်လမှာတော့ ငါတို့(လစာ)ရချင်ရ မရချင်နေ။ လွတ်လပ်တဲ့ဒီမိုကရေစီရဖို့အတွက် ငါတို့ လမ်းပေါ်ထွက်ပြီး တိုက်မယ်ဆိုတဲ့ အနေအထားနဲ့ပဲ တက်တာပေါ့” ဟု ၎င်းကဆက်ပြောသည်။ 

လက်ရှိတွင် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားတစ်သိန်းခန့်သည် လမ်းပေါ်တွင် တိုက်ပွဲဝင်နေသည်ဟု ၎င်းက ခန့်မှန်းသည်။

ရန်ကုန်ဆန္ဒပြပွဲများတွင် အလုပ်သမားခြောက်သိန်းခန့် ပါဝင်နေပြီဟုလည်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

အနစ်နာခံခြင်း

မြန်မာတွင်သာမက ကမ္ဘာ့သမိုင်းကိုပါ ပြန်လှန်ကြည့်ပါက ခေတ်အဆက်ဆက် နိုင်ငံအပြောင်းအလဲဖော်ဆောင်ရာတွင် လူဦးရေထုထည်အများဆုံးဖြစ်သည့် အလုပ်သမားမပါဝင်ခဲ့သည့် တော်လှန်ရေးမရှိဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် We Generation Network မှ ရုံးမန်နေဂျာ ကိုဝဏ္ဏစိုးက ပြောသည်။  

“နိုင်ငံ တစ်စုံတစ်ရာ ကံဆိုးမိုးမှောင်ကျနေတဲ့အချိန်မှာ အများဆုံးအနစ်နာခံမှာက အလုပ်သမားတွေပဲဖြစ်တယ်၊ အခြေခံလူတန်းစားတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်အခွင့်အရေးအတွက်ရော အမှန်တရားအတွက်ရော အလုပ်သမားတွေက ရှေ့ဆုံးက ပါဝင်ဖို့လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ ပြန်ထွက်သွားသကဲ့သို့ အသစ်ဝင်လာမည့်အခြေအနေလည်း မရှိတော့သဖြင့် အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ပိုကြုံလာရဖွယ်ရှိသည်ဟု သူက ယူဆသည်။

“ဒီတိုက်ပွဲကို မဖြစ်မနေတိုက်ဖို့လိုသလို လုပ်ငန်းရှင်ထဲမှာမှ စစ်အာဏာရှင်ကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းရှင်မျိုးကိုပါ ကျွန်တော်တို့ တိုက်ထုတ်ရမှာဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ထောက်တိုင်ကိုပါ ကျွန်တော်တို့ ရိုက်ချိုးရမှာဖြစ်တယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့ဘဝဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ တစ်ခါပြန်ပြီး ကျရောက်ဦးမယ်။ ဒုက္ခသုက္ခတွေ ရောက်ကြဦးမယ်” ဟု ကိုဝဏ္ဏစိုးက အကြံပြုသည်။

မြန်မာ့သမိုင်းတွင် ရေနံမြေအလုပ်သမားများက စတင်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး ၁၃၀၀ ပြည့်အရေးတော်ပုံသည် ဥဒါန်းတွင်ခဲ့သည်။ 

ရေနံမြေအလုပ်သမားများ၏ နစ်နာတောင်းဆိုချက်များကို ဘီအိုစီရေနံကုမ္ပဏီက ဆယ်လတိုင်တိုင် တင်းခံနေသောကြောင့် နယ်ချဲ့အစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့သို့ ကိုယ်တိုင်သွားရောက်တောင်းဆိုရန် အလုပ်သမားများက ဆုံးဖြတ်ခဲ့ကြသည်။

၁၉၃၈ ခုနှစ် နိုဝင်ဘာ ၃၀ (မြန်မာနှစ် ၁၃၀၀ ပြည့်နှစ်) တွင် ထောင်ချီသော ရေနံမြေအလုပ်သမားထုသည် ချောက်မြို့မှ ရန်ကုန်မြို့သို့ ခြေကျင်ခရီးကြမ်းကို စတင်ချီတက်ခဲ့သည်။

ရှေ့ဆုံးတန်းတွင် သုံးရောင်ခြယ်အလံကို လွှင့်ထူလျက် နောက်တွင် စည်တော်ကို ရွမ်းပြီးလျှင် တရားသဖြင့် သပိတ်မှောက်တောင်းဆိုရန် ချီတက်လာသည့် အလုပ်သမားများကို ပြည်သူလူထုက သိမ့်သိမ့်တုန်အောင် အားပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။

အလုပ်သမားအခွင့်အရေးတောင်းဆိုသည့် ၁၃၀၀ ပြည့်အရေးတော်ပုံသည် ဖမ်းဆီးနှိမ်နင်းခြင်းများခံခဲ့ရပြီးနောက် ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင်များက လာရောက်ပူးပေါင်းခဲ့ပြီး ရန်ကုန်ရောက်သည်အထိ ဆက်လက်ချီတက်ခဲ့သည်။

ရွှေတိဂုံစေတီရင်ပြင်တွင် စခန်းချခဲ့သည့် ရေနံမြေသပိတ် အရေးတော်ပုံတပ်ကြီးနှင့်အတူ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ ပြည်သူပြည်သားများက တော်လှန်ရေးကို ညီညီညာညာဆင်နွှဲပြီး သပိတ်ပေါင်းစုံ လူထုအစည်းအဝေးကို ၁၉၃၉ ဇန်နဝါရီ ၈ တွင် ကျင်းပခဲ့သည်။

လူထုအစည်းအဝေးက ချမှတ်လိုက်သည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူလူထုအားလုံး၏ တောင်းဆိုချက်များအတိုင်း မြန်မာပြည်အမြို့မြို့အရွာရွာတွင် လူထုအစည်းအဝေးပွဲများကျင်းပလျက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။

ထိုအရေးတော်ပုံသည် ၂၀၂၁ တွင် ၈၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

ယခု ၂၀၂၁ အရေးတော်ပုံတွင် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနှင့် ဖမ်းဆီးထားသောခေါင်းဆောင်များ အမြန်ဆုံးလွတ်မြောက်ရေးကို ကိုင်စွဲကာ FGWM က တိုက်ပွဲဝင်သွားမည်ဟု မမိုးစန္ဒာမြင့်က ပြောသည်။

“ကိုယ်ချထားတဲ့မူနဲ့ တူတဲ့အဖွဲ့တွေနဲ့တော့ ကျွန်မတို့က လက်တွဲပြီးတော့ လုပ်သွားဖို့တော့ အစီအစဉ်ရှိတယ်” ဟုလည်း ၎င်းက ထပ်ပြောသည်။

“ကျွန်မတို့အလုပ်သမားတွေက အင်မတန်မှ ရိုးသားကြတယ်။ အလုပ်သမားတွေက နိုင်ငံရေးမှာ ပါဝင်တယ်ဆိုတာ အာဏာလိုချင်လို့မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ ဖိနှိပ်ခံဘဝကို ပြောင်းလဲပေးနိုင်တယ်ဆိုရင်ပဲ ကျွန်မတို့အလုပ်သမားတွေက ကျေနပ်တယ်” ဟု မမိုးစန္ဒာမြင့်က ပြောလိုက်သည်။

Show More

Related Articles

Back to top button