သတင်း

နောင်ချိုမြို့ CDM ထွေအုပ်ဒုဦးစီးမှူး စစ်ကြောရေးတွင် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး အဖမ်းခံရပြီး ရက်ပိုင်းအတွင်းမှာပင် သေဆုံးကြောင်းကို တစ်နှစ်ကျော် ကြာမြင့်ချိန်မှ မိသားစုဝင်များက သိရှိခဲ့ရသည်။

အသက် ၃၈ နှစ်အရွယ် ဦးဌေးလင်းအောင်သည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းခွင်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်သည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများတွင် ပါဝင်သည့် သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးပမ်းသဖြင့် တိမ်းရှောင်ခဲ့သည်။ 

၂၀၂၂ မတ်လ ၈ ရက်နေ့က ခရီးသွားနေစဉ် ကျောက်မဲမြို့အဝင် တိုးဂိတ်တွင် ဦးဌေးလင်းအောင် ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသည်၊ ကျောက်မဲခရိုင် စစ်ကြောရေးစခန်း၌  ရိုက်နှက်နှိပ်စက်ခံရပြီး ၆ ရက်အကြာတွင် သေဆုံးသည်ကို မကြာသေးမီကမှ သိရကြောင်း သူ၏ မိတ်ဆွေ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဦးဌေးလင်းအောင် ပျောက်ဆုံးနေသောကြောင့် မိသားစုက နိုင်ငံတကာကြက်ခြေနီအသင်း (ICRC) နှင့် နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသော အဖွဲ့အစည်းများထံ ချိတ်ဆက် စုံစမ်းခဲ့ရသည်ဟု သိရကြောင်း ထိုအမျိုးသမီးက ဆိုသည်။

သူ့ကို စစ်ကြောမေးမြန်းသူတို့က လိုအပ်သည့် သတင်းအချက်အလက်ကို မရသဖြင့် ပိုမို နှိပ်စက်ခဲ့သည်ဟု သိရကြောင်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

“လက်နောက်ပြန် ကြိုးတုပ်တယ်၊ ခေါင်းကို အဝတ်နဲ့ အုပ်တယ်၊ သူတို့လိုချင်တဲ့အရာကို လုံး၀ မပေးလို့။ သူက အသေခံခဲ့တာ၊ သူ့အသက်နဲ့ လဲပြီးတော့ သူများလုံခြုံရေးကို ကာကွယ်ခဲ့တာ”

ဦးဌေးလင်းအောင် သေဆုံးခဲ့သည်ကို ယခုလဆန်းပိုင်းတွင် ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုထံမှ သိရပြီး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ရုပ်အလောင်းကို မည်သို့ ဖျောက်ဖျက် သင်္ဂြိုဟ်ခံရကြောင်း ဒေသခံတို့ မသိရသေးပေ။ စစ်ကောင်စီကလည်း ထောင်၊ အချုပ်ခန်းများအတွင်း ဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

ယခုအခါ ကျန်ရစ်သူ ဇနီးနှင့် ကလေးများက ဦးဌေးလင်းအောင်အတွက် နာရေးအလှူ ပြုလုပ်ပေးရန် စီစဉ်နေသည်ဟု သိရသည်။

ဦးဌေးလင်းအောင်နည်းတူ နိုင်ငံအနှံ့အပြားမှ ထွေအုပ်ဝန်ထမ်းအများအပြား CDM တွင် ပါဝင်ခဲ့ကြသည်၊ နောင်ချိုမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအနက် CDM တွင် ပါဝင်သူ ၇၀ ရာခိုင်နှုန်း ရှိခဲ့ပြီး အများစုသည် လားရှိုးအကျဉ်းထောင်တွင် ချုပ်နှောင်ခံရကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

စစ်တပ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ကြစဉ်က ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုံးမတက်နဲ့ ရုန်းထွက်ဟု တိုက်တွန်းခဲ့ကြသည်။

စစ်တပ်က အစိုးရခေါင်းဆောင်များ၊ အာဏာသိမ်းမှု ဆန့်ကျင်သည်ဟု ယူဆရသူများကို ဖမ်းဆီးထားရာ စုစုပေါင်း ၁၉၃၁၁ ဦး ဆက်လက် ချုပ်နှောင်ခံနေရဆဲဖြစ်သည်၊ စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးရသူ အရေအတွက်မှာ  ၃၇၄၅ ဦး အနည်းဆုံး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၄ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သူများကိုသာမက မိသားစုဝင်များကိုပါ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ထောင်ချနေသလို လက်နက်ကိုင် ခုခံသူများကိုလည်း အပြင်းအထန် ချေမှုန်းနေသော်လည်း တစ်နိုင်ငံလုံးအနှံ့မှ ခုခံတိုက်ခိုက်မှုကြောင့် စစ်မျက်နှာအများအပြား ဖွင့်ထားရသည်။

စစ်ကောင်စီ စစ်ကြောရေး၌ ၂၀၂၁ အတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ လုပ်သက် ၁၅ နှစ်ရှိ အလယ်တန်းပြကျောင်းဆရာ အသက် ၄၀ အရွယ် ဦးလှိုင်ဝင်း၊ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာ ဦးဝင်းလွင်တို့ သေဆုံးခဲ့သလို ၂၀၂၂ အောက်တိုဘာအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အသက် ၄၆ နှစ်အရွယ် CDM ကျောင်းဆရာ ဦးစောမိုးထွန်း ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။

CDM တွင် အုပ်ချုပ်ရေး၊ မီးရထား၊ ပညာရေးမှ ဝန်ထမ်းအများအပြား ပါဝင်ခဲ့ကာ စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီးထောင်ချနေသလို အမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကြောရေး၌ အသက်သေဆုံးရသူများလည်း ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button