သတင်း

ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ် ရှမ်းမြောက်တွင် တိုက်ပွဲပြန်ဖြစ်

တရုတ်၏ ကြားဝင်မှုဖြင့် နှစ်လခွဲကြာ အပစ်ရပ်ထားကြပြီးနောက် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်ကြား လားရှိုးမြို့အနီး ပြန်လည်ပစ်ခတ်နေကြသည်။

ယခုနှစ်ဆန်းက တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားကြသည့် MNDAA နှင့် စစ်တပ်တို့ ရှမ်းပြည်နယ် လားရှိုးမြို့အနီး ယမန်နေ့ (မတ် ၂၆) နံနက်က တိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ယူနန်ပြည်နယ်၊ ဟိုင်ဂင်ဟိုတယ် ဆွေးနွေးပွဲ သဘောတူညီချက်အရ အပစ်ရပ်ထားပြီး နှစ်လခွဲအကြာတွင် သဘောတူညီချက် ကျိုးပေါက်သွားခြင်း ဖြစ်သည်။

တိုက်ပွဲမှာ လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ကျေးရွာနှင့် လုံမွန်းကျေးရွာအကြား နံနက် ၁၀ နာရီခွဲမှ စတင်ပြီး ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

မြို့ပေါ် အမှတ် (၅) ရပ်ကွက်နှင့် တစ်ဆက်တည်းရှိသော ကုန်းညောင်ကျေးရွာတွင် တပ်စွဲထားသည့် အမှတ် (၅၅) ခြေလျင်တပ်ရင်းမှ စစ်သားများက MNDAA လှုပ်ရှားနယ်မြေကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကုန်းညောင်ရွာသားတစ်ဦးက ပြောသည်။

“စစ်တပ်က စပြီး ထိုးစစ်ဆင်တာပဲလေ။ သူတို့ ရှိတဲ့နေရာနဲ့ အဝေးကြီးသွားတာကို။ ဘယ်သူက အရင်စပစ်လဲ ဆိုတာတော့ မသိရသေးပါဘူး”

တိုက်ပွဲအပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကုန်းညောင်ကျေးရွာရှိ စစ်တပ်က တိုက်ပွဲဖြစ်ရာ နေရာဘက်သို့ လက်နက်ကြီး ၃ ကြိမ် ပစ်ကူခဲ့ကြောင်း သူက ဆိုသည်။

တိုက်ပွဲဖြစ်ခဲ့သည့်နေရာသည် လားရှိုးမြို့အထွက် မိုင်းယော်တိုက်နယ်အနီး တည်ရှိပြီး ယမန်နှစ် နှစ်လယ်ကတည်းက MNDAA နှင့် နိုင်ငံအနှံ့မှ စစ်အာဏာရှင်တော်လှန်သူ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် တပ်မဟာ(၆၁၁) တို့ စစ်ရေးလှုပ်ရှားနေသည့်နယ်မြေ ဖြစ်သည်။

အထက်ပါ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် အခြေအနေအသေးစိတ်များကို မသိရှိရသေးပေ။

မြို့ခံ အမျိုးသားတစ်ဦးက ယနေ့ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ လားရှိုးမြို့ပေါ်တွင် စစ်တပ်၏ တပ်မတော်နေ့အခမ်းအနား ပြုလုပ်လုပ်သည့် အရိပ်အယောင် မတွေ့ရကြောင်း ဆိုသည်။

မြို့လယ်တွင် တိုင်းစစ်ဌာနချုပ် အထိုင်ချသလို မြို့နယ်အတွင်း အမြောက်တပ်၊ ခြေလျင် ခြေမြန် တပ်ရင်း ၅ ခု အထက် ရှိနေသည်။ ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း ရှိသည်။

လားရှိုးမြိုဝန်းကျင် နေရာအများအပြားကို မြောက်ပိုင်းအဖွဲ့ဝင်များ၊ တပ်မဟာ (၆၁၁) တို့က ထိန်းချုပ်ထားသည်။

လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနှင့် ညမထွက်ရအမိန့် ကြေညာထားသောကြောင့် ဖမ်းဆီးစစ်ဆေးခံရသည့် လူ၁၀ ဦးကျော် သေဆုံးခဲ့သလို ဒေသခံ ထက်ဝက်ခန့်က ပိုမိုလုံခြုံမည်ဟု ဒေသများသို့ ရွှေ့ပြောင်းသွားကြောင်း မြို့ခံများက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် ရှမ်းမြောက်မြို့နယ်များကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်မည် ဆိုသည့် သတင်းများ ပြီးခဲ့သည့် ရက်အနည်းငယ်က ထွက်ပေါ်လာသေးသည်။

လောက်ကိုင်နှင့် ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချခဲ့သည့် တပ်သားများ၊ တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်ရှိသူများအထိပါ လားရှိုးမြို ရှေ့တန်းခုခံစစ်အတွက် ပြန်ပို့ထားကြောင်း ဒေသခံများက ဆိုကြသည်။

အပစ်ရပ်သဘောတူညီမှုကို စစ်ကောင်စီ သို့မဟုတ် ညီနောင်မဟာမိတ် ၃ ဖွဲ့က ချိုးဖောက်ပါက စတင်ချိုးဖောက်သည့်အဖွဲ့ကို တရုတ်အစိုးရက အပြင်းအထန် ဖိအားပေးလာနိုင်ကြောင်း စစ်ရေးအရင်းမြစ်များက ဆိုသည်။ 

အထက်ပါ တိုက်ပွဲများနှင့်ပတ်သက်၍ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံ Myanmar Now က အွန်လိုင်းမှတစ်ဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။

နေပြည်တော်တွင် တပ်မတော်နေ့ချီတက်ပွဲအတွက် အလုပ်များနေသော စစ်ကောင်စီကလည်း ရှမ်းမြောက်ဒေသ တိုက်ပွဲအခြေအနေများကို သတင်းအမှောင်ချထားသည်။

သိန္နီမြို့ဘက်သို့ ကွတ်ခိုင်မြို့ဘက်မှ လာသည့် MNDAA တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

SSPP နှင့် တိုက်ခိုက်ခြင်း

တစ်ရက်တည်းမှာပင် ကိုးကန့်တပ်သည် ၎င်း၏ နိုင်ငံရေးမဟာမိတ်ဖြစ်သော ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်လည်း  ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု သိရသည်။

မွန်းလွဲ ၂ နာရီခွဲခန့်က သိန္နီမြို့၏ အရှေ့မြောက်ဘက်တွင် MNDAA နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုက Myanmar Now ကို ယနေ့ ပြောသည်။

MNDAA က ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့သည်၊ ယမန်နေ့ ညနေ ၄ နာရီကတည်းက SSPP တပ်ဖွဲ့ဝင်များ ရှိရာကို စစ်ထိုးလာသည်ဟု ဗိုလ်မှူးကြီးစိုင်းဆုက ဆိုသည်။

ယနေ့တွင်လည်း SSPP စစ်ကြောင်းကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု သူက ဆက်ပြောသည်။

သိန္နီမြို့နယ်သည် SSPP စစ်ရေးလှုပ်ရှားသော ဒေသတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ ချမှတ်ခဲ့သော်လည်း မြို့ကို မထိန်းချုပ်နိုင်ခဲ့ပေ။

၂၀၂၃ အောက်တိုဘာလတွင် စတင်သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အကူအညီရယူကာ စစ်ကောင်စီတပ်ကို တိုက်ပြီး သိန္နီမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

ထိုနောက်ပိုင်းတွင် MNDAA သည် သိန္နီကို ရှမ်းပြည်နယ် အထူးဒေသ (၁) ၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်ကာ ကျေးလက်ဒေသများကိုပါ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ဖြန့်ကြက်စိုးမိုးလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်များဖြစ်ကြသော MNDAA နှင့် SSPP တို့အကြား ပွတ်တိုက်မှု ဖြစ်လာကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း SSPP တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးထားကြောင်း ရှမ်းဘာသာစကားဖြင့် ရေးသားသည့် Facebook စာမျက်နှာတချို့တွင် ဖော်ပြနေကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင်လည်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးလှုပ်ရှားရာနေရာလည်းဖြစ်ရာ မြို့တွင်းအလံလွှင့်တင်မှုဖြင့် နှစ်ဖွဲ့အကြား ဆက်ဆံရေး တင်းမာခဲ့သည်။

နှစ်ဖွဲ့လုံးသည် FPNCC အဖွဲ့ဝင်များ ဖြစ်ကြသည်။

Show More

Related Articles

Back to top button