အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံတွင် သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ

စစ်တပ်ခြေစိုက်စခန်းများအနီးတွင် တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှ တုံ့ပြန်နေသဖြင့် ဖယ်ခုံမြို့ခံများအပြင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများအကြား သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေ၍ စစ်ရေးပြင်းထန်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်မှ စတင်ပြီး ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။

“ဖယ်ခုံမှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့ (ဇန်နဝါရီ ၈) ကလည်း ဖြစ်တယ်။ ဒီရက် (ဇန်နဝါရီ ၉) လည်း ဖြစ်နေတယ်။ မြေပြင်တိုက်ပွဲကတော့ ပြင်းထန်တယ်” ဟု ၎င်းက ယနေ့တွင် ပြောသည်။

တိုက်ပွဲတွင် KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပါအဝင် ကရင်နီဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သည့် အမှတ် (၃၃၆) နှင့် (၄၂၁) တပ်ရင်းများ ရှိပြီး အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လည်း အခြေစိုက်သည်။

စစ်ကောင်စီအခြေစိုက်စခန်းများအနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်နေပြီး စစ်တပ်စခန်းနှစ်ခုကို တိုက်ခိုက်နေသည်ဟု မြေပြင်စစ်ရေးရင်းမြစ်များနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

မြေပြင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသလို ယမန်နေ့ ညနေက ဖယ်ခုံမြို့တွင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့စဉ် ဒေသခံများ ထိခိုက်ဒဏ်ရာရသည့်အကြောင်း ကြားရသည်ဟုလည်း ၎င်းက ဆိုသည်။

တိုက်ပွဲများပြင်းထန်နေ၍ ဖယ်ခုံမြို့ပေါ်ရှိ ရဲစခန်း မီးလောင်ခဲ့သလို မြို့မြောက်ဘက် ထိုင်တော်မူဘုရားကုန်းပေါ် တပ်စွဲထားသည့် စစ်ကောင်စီစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှမ်းပြည်နယ်သတင်းများကို ဖော်ပြနေသည့် Shan News သတင်းဌာနတွင် ရေးသားထားသည်။

လက်ရှိတွင် ဖယ်ခုံမြို့ပေါ်မှ အပါအဝင် ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ကရင်နီတော်လှန်ရေးအင်အားစုများ လှုပ်ရှားနယ်မြေဖြစ်သော ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကယားပြည်နယ်အတွင်း စစ်ကောင်စီက အင်တာနက်လိုင်းများဖြတ်တောက်ထား၍ ဒေသခံများနှင့် အဆက်အသွယ်ပြတ်တောက်နေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်အခြေစိုက် ရွှေပြည်အေးနှင့် လွယ်ပတာစခန်းကုန်းများကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ ပြည်နယ်မြို့တော် လွိုင်ကော်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မြို့၏ ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“နေရာအတော်များများတော့ ရအောင်တော့ ယူထားပြီ။ ကျန်တဲ့နေရာကတော့ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေလောက်ပဲ ကျန်မယ်။ မြို့ထဲမှာ သူတို့ တပ်စွဲထားတဲ့နေရာ သုံးလေးငါးခုလောက် ကျန်မယ်”

ကရင်နီဒေသတိုက်ပွဲများသည် လတ်တလောတွင် လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ဖြစ်ပွားနေပြီး ပြည်နယ်တစ်ခုလုံးနီးပါးကို ကရင်နီတော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်များ မီးလောင် ပျက်စီးမှုများ ရှိသည်ဟု KNDF ထံမှ သိရသည်။

“လေကြောင်းတိုက်ခိုက်မှုကတော့ နေ့စဉ်နှင့်အမျှ လုပ်နေဆဲပဲ။ မြို့ထဲမှာ အဆောက်အအုံကြီးတွေ၊ နောက်တစ်ခုက ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အဲလိုနေရာတွေကို ပိုပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်။ ဒီရက်ပိုင်းမှာလည်း နေအိမ်တချို့ မီးလောင်တာတွေလည်း ရှိပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button