ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းစားလုပ်ငန်းများကို ယနေ့ (ဖေဖော်ဝါရီ ၂၃) နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူဦးရေရာနှင့်ချီ ဖမ်းဆီးကာ ဆိုင်ကယ်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းသွားသည်ဟု သိရသည်။
နှစ်နိုင်ငံနယ်နိမိတ်ကို ပိုင်းခြားထားသော ရောက်မြစ်ကမ်းဘေး တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ 1G1-7 ဟိုတယ်ဘေးရှိ အွန်လိုင်းလောင်းကစားရုံကို ဝင်စီးနင်းကာ ဖမ်းမိထားသူများကို အချုပ်ကား နှစ်စီးဖြင့် သုံးကြိမ်ခေါ်ထုတ်သွားသည်ဟု အမည်မဖော်လိုသည့် တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျိုင်းတုံက ဆင်းဖမ်းတယ် ကြားတယ်။ သတင်းကတော့ ရင်ခုန်စရာဖြစ်နေပြီ။ အခွန်ဆောင်ထားတဲ့ သူဌေးနဲ့ ရဲ ပြဿနာတက်မယ် ထင်တယ်။ စစ်သားက အတိအကျ အရင်ဝင်ဖမ်းတာ။ သူတို့ (ရဲတပ်ဖွဲ့) ကို မခေါ်ဘူး။ (ဖမ်းမိသူတွေ) လက်မြှောက်ခိုင်းထားတယ်။ iPhone၊ ရိုးရိုးဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ် အကုန်သိမ်းတာ” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများမှာ တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံသားများဖြစ်ပြီး မွန်းလွဲပိုင်းအထိ ခေါ်ထုတ်နေဆဲဖြစ်ကာ လူဦးရေအတိအကျ မသိရသည့်နည်းတူ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရဟု တာချီလိတ်မြို့ခံက ဆိုသည်။
အွန်လိုင်းလောင်းကစားရုံအတွင်း ညဆိုင်းဆင်းနေသော လူဦးရေရာနှင့်ချီကို ဖမ်းဆီးကာ အချုပ်ကားဖြင့် အသုတ်လိုက်ခေါ်ထုတ်သွားကြောင်း ဒေသအခြေစိုက် သတင်းဌာများက ရေးသားသည်ကိုလည်း တွေ့ရသည်။
တာချီလိတ်မြို့အခြေစိုက် ပရဟိတသမားတစ်ဦးနှင့် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးကလည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် လောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ကို အတည်ပြုသည်။ သို့သော် အသေးစိတ်မသိရဟု ဆိုသည်။
ဖမ်းဆီးမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
လောင်းကစားလုပ်ငန်းများစွာရှိသည့် တာချီလိတ်မြို့တွင် ဟိုတယ်နှင့် ကေတီဗွီလုပ်ငန်းများသည်ပင် ထိုလုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း၊ ယခုစီးနင်းသည့် လောင်းကစားရုံသည် ဂိမ်းစက်ကြီးများဖြင့် ငွေကြေးလောင်းကစားနိုင်သည့်လုပ်ငန်းဖြစ်ကြောင်း တာချီလိတ်မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြန်မာနှင့် တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက် ကျားဖြန့်ဟု ခေါ်သည့် ငွေလိမ်ဂိုဏ်များကို နှိမ်နင်းမှုအရှိန်မြင့်လာချိန် တာချီလိတ်မြို့ရှိ လောင်ကစားလုပ်ငန်းများကို တရုတ်ရဲများက ဆင်းဖမ်းသည်ဟုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
တရုတ်အစိုးရ၏ ဖိအားပေးမှုဖြင့် ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကိုလည်း တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် ကြေညာထားသည်။
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရေး ထိုင်းနှင့် မြန်မာစစ်တပ်ခေါင်းတို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးကျော်လွင်ကို ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွှယ်သည်ဟုဆိုကာ ထိုင်းနှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။