
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဉ် မော်တော်ယာဉ်နှင့် သယ်လာသည့် လက်နက်ခဲယမ်းများ မီးလောင်သွားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထိုလက်နက်များမှာ ၎င်းတို့၏ လက်နက်များဖြစ်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၂) တွင် ပြောသည်။
ယနေ့ (ဇန်နဝါရီ ၂၂) နံနက်တွင် PNLO ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတွင် ရှိသူများကို စစ်တပ်က ခေါ်ယူမေးမြန်းနေကြောင်း အဆိုပါရုံး၏ ဒုတာဝန်ခံ ဗိုလ်ကြီး ခွန်တီးလားက Myanmar Now ကို ပြောသည်။
“ရုံးမှာ ရှိနေတဲ့အချိန် လာပြီးတော့မှ လိုက်ခဲ့ပေးဖို့ အေးဆေးစကားပြောဖို့ဆိုပြီး ခေါ်သွားတာပါ။ အဆက်သွယ်ရပါတယ်။ အားလုံးအေးဆေးပါပဲ။ လက်နက်က ကျွန်တော်တို့တပ်ဖွဲ့တွေ အသုံးပြုမဲ့ဟာတွေပါ” ဟု ဗိုလ်ကြီး ခွန်တီးလားက ပြောသည်။
စစ်တပ်က ခေါ်ဆောင်သွားသူတို့မှာ ဆက်ဆံရေးရုံးမှ တာဝန်ခံ ဗိုလ်မှူး ခွန်မင်းသိမ်း၊ ဗိုလ်ကြီး ခွန်ကျော်စွာဝင်းသိမ်း၊ ဗိုလ်ကြီး ခွန်လှဝင်းတို့ ဖြစ်သည်ဟု သိရသည်။
ဇန်နဝါရီ ၂၀ ရက်နေ့ ညသန်းခေါင်တွင် ဟိုပုံးမြို့နယ်၊ စံဖူးရွာအနီး တိုက်ပွဲဖြစ်ပြီး လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး သိမ်းဆည်းရမိသည်၊ တိုက်ပွဲအနီး နေအိမ် ၂၇ လုံး မီးလောင်သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်က ဆိုသည်။

မြို့တော် တောင်ကြီးနှင့် ကပ်လျက် တည်ရှိသော ဟိုပုန်းတွင် မီးလောင် ပျက်စီးသွားသော ရိုင်ဖယ်လက်နက် အများအပြားကို စစ်ကောင်စီ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်မူ ထိုလက်နက်များသည် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသော၊ မိုင် ၈၀ ခန့်သာ ကွာဝေးသော ကယားပြည်နယ် ခေါ် ကရင်နီဒေသသို့ သယ်ဆောင်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြနေကြသည်။
ယနေ့ နံနက်တွင် စံဖူးကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး သက်ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းနေကြောင်း၊ ဒေသခံအများအပြားကမူ တိုက်ပွဲထပ်ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း မီးလောင်သွားသော အဆောက်အအုံများအတွင်း မီးသင့်ရုပ်အလောင်းတချို့လည်း တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
“မီးလောင်သေတဲ့ အလာင်းတွေက ဘယ်သူဘယ်ဝါတော့ အတည်ပြုမရဘူးပေါ့၊ ရွာတွေရဲ့ ခန့်မှန်းချက်အရ အဲဒီ သေတဲ့သူတွေက စစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့သူတွေကို မီးလောင်တဲ့ အထဲကို ပစ်ချလိုက်တဲ့ ပုံစံပဲ။ ခုလိုပြေးနေရတဲ့အချိန်မှ ဘယ်သူဘယ်ဝါဆိုတာ အာရုံမစိုက်နိုင်တော့ ကောင်းကောင်းမသိရဘူး”
စစ်ကောင်စီတပ်ဘက်မှ သုံးဦးနှင့် PNLA ဘက်မှ တစ်ဦး သေဆုံးကြောင်း ကြားသိရသဖြင့် ထိုသူများ၏ ရုပ်အလောင်းများဟု ယူဆရကြောင်း ဆိုသည်။
မီးလောင်ပျက်စီးသွားသည့် နေအိမ် ၂၀ ကျော်အတွက် မည်သည့်အဖွဲ့အစည်းက တာဝန်ယူ ဖြေရှင်းပေးမည်ကို သိလိုကြောင်း၊ ဟန်ပြအနေဖြင့် ဆန် တစ်အိတ်၊ နှစ်အိတ် ပေးရုံဖြင့် မလုံလောက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဟိုပုံးမြို့အရှေ့ဘက် ၈ မိုင်ခန့်အကွာ တောင်ကြီး-တာချီလိတ်ကားလမ်းမကြီးဘေး စံဖူးကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်ကာ ပအို့ဝ်းလူမျိုးများနေထိုင်သည့် ကျေးရွာလည်း ဖြစ်သည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော PNLO/PNLA သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက်နေဆဲဖြစ်သည်။
၂၀၂၃ နိုဝင်ဘာလဆန်းမှ စတင်၍ ကရင်နီဒေသတိုက်ပွဲများ ပိုမိုပြင်းထန်လာချိန်တွင် နယ်မြေထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်းသို့ စစ်ရှောင်လာသော ကရင်နီဒေသခံများကို PNLO က ကူညီပေးနေသည်။