ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စု ညောင်ဗက်ရွာရှိ ဘိုးဘပိုင်မြေများပေါ်တွင် နေထိုင်သူအချို့ကို စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်တို့က ပြီးခဲ့သည့် မတ်လကုန်တွင် ဖမ်းဆီးထားပြီး ထိုမြေပေါ်မှ ဖယ်ပေးရန် အကျပ်ကိုင်နေကြောင်းသိရသည်။
ညောင်ဗက်ရွာသည် ၁၉၉၂ ခုနှစ် နဝတနှင့် နအဖအစိုးရလက်ထက် စစ်တပ်သိမ်းယူခဲ့သည့် မြေဧကပေါင်း ၁၈,၀၀၀ ကျော်ထဲတွင် ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် စစ်တပ်က ပြန်လည်စွန့်လွှတ်ခဲ့သော မြေဧက ၆၂၅ ထဲတွင် ထိုရွာပြန်လည် ပါဝင်လာခဲ့သည်။ ထိုမြေများမှာ ဟိုပုံးမြို့ မြောက်ဘက် နောင်တောင်း ဘုန်းကြီးကျောင်းအနီး တည်ရှိသည်။
စစ်တပ်ပြန်လည်စွန့်လွှတ်ပြီးနောက် ထိုမြေပေါ်တွင် ညောင်ဗက်နှင့် လုံခုတ်ရွာမှ မူလပိုင်ရှင်များဖြစ်သည့် ပအိုဝ်းတိုင်းရင်းသားအိမ်ထောင်စု ၂၅၀ ကျော်က ပြန်လည်အခြေချနေထိုင်ခဲ့ကြသည်။ သို့သော် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးနှင့် ပအိုဝ်းပြည်သူစစ်(PNO) အဖွဲ့ကတိုကမူ ထိုမြေနေရာများသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေများအဖြစ် လျှောက်ထားရယူပြီးဖြစ်သည်ဆိုခြင်းကြောင့် အငြင်းပွားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူစစ်တပ်ဖွဲ့ဝင်များ၊ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက အချုပ်ကားများ၊ လယ်ထွန်စက်ကြီးများဖြင့် ထိုနေရာသို့ လာရောက်ရှင်းလင်းခဲ့ခြင်းကြောင့် ဒေသခံများနှင့် ပဋိပက္ခပေါ်ပေါက်ခဲ့သည်။ ထို့နောက် ညပိုင်းတွင် ညောင်ဗက်ရွာမှ ရွာသူရွာသား ၁၂ ဦးခန့်ကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ထိုဖြစ်စဉ်ကို သိရှိသည့် ပအိုဝ်းလူငယ်အစည်းအရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွာသူရွာသားများကို ဟိုပုံးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့နေထိုင်သည့် ကျေးရွာမှ ဖယ်ရှားပေးမည်ဟု ခံဝန်ကတိလက်မှတ်ထိုးမှသာ ပြန်လွှတ်ပေးမည်ဟု အကျပ်ကိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုသို့ ဖိအားပေးသဖြင့် ဒေသခံ ၆၀ ခန့်က လက်မှတ်ထိုးခဲ့ရသည်ဟုလည်း သူကဆိုသည်။
“လက်မှတ်ထိုးဆိုတော့လည်း ဘာလက်မှတ်ထိုးခိုင်းမှာလဲဆိုတာကို ရွာသားတွေက ဂဃနဏ သိတာမဟုတ်ဘူး။ ပုံမှန်အတိုင်းပဲပေါ့။ ငါတို့ကိုကျူးကျော်တဲ့သူဆိုပြီးမှ မောင်းထုတ်နေတာဖြစ်တော့ လက်မှတ်ထိုးခိုင်းရင်လည်း ကျူးကျော်ပါတယ်ဆိုတဲ့အကြောင်း ဖယ်ရှားပါမယ်ဆိုတဲ့အကြောင်းကို ဝန်ခံထိုးခိုင်းတာပဲနေမှာပါပေါ့။ ဖြစ်ဖြစ်ချင်းမှာတော့ လက်မှတ်ထိုးဖို့ စိတ်မကူးကြဘူး” ဟု သူက ဆိုသည်။
“ရွာသားတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေကို ထုတ်ချင်တာဖြစ်တဲ့အတွက် လက်မှတ်ပဲ ထိုးကြမယ် ဆိုတာမျိုး ရှိတာပေါ့နော်။ ဆိုတော့အဲ့ဒီမှာ လက်မှတ်သွားထိုးကြတယ်လို့ပြောတယ်။ အယောက်ပေါင်း ၆၀ လောက်ရှိတယ်။ လက်မှတ်ပဲသွားထိုးကြတယ်”
သို့ရာတွင် ဖမ်းဆီးခံရသူအချို့ ပြန်လွတ်လာ၊ မလာ မသိရသေးဟုလည်း သူကဆိုသည်။
ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ အခြေအနေအသေးစိတ်ကို မသိသော်လည်း ထိုမြေများပေါ်တွင် နေထိုင်သူများသည် ဥပဒေရှု့ထောင့်မှ ကြည့်မည်ဆိုပါက ကျူးကျော်သူများဖြစ်သည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက ဆိုသည်။
“အရင် နဝတအစိုးရလက်ထက်ကတည်းက သိမ်းထာတဲ့မြေပေါ့။ ပြီးမှ ၂၀၁၀၊ ၂၀၁၅ လွှတ်တော်နှစ်ခုမှာ အစိုးရစီမံခန့်ခွဲမြေအဖြစ် ပြန်လွှဲပေးတာပေါ့နော်။ လက်ရှိအစိုးရ(စစ်ကော်မရှင်) ကလည်း ပြဋ္ဌာန်းထားတဲ့အတိုင်း မြို့ပြစီမံကိန်း ပြန်လုပ်မယ်ဆိုတဲ့အခါကြတော့ နေထိုင်တဲ့သူက ဥပဒေအရ ကျူးမြေလို့တော့ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က ထိုမြေများကို အစိုးရစီမံခန့်ခွဲမြေအဖြစ် ပြန်လည်လွှဲပြောင်းခဲ့ပြီး နောင်တောင်း ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓတက္ကသိုလ်မြေနေရာကိုသာသနာမြေအဖြစ် အပြီးအတိုင် လွှဲပြောင်းခဲ့သည်ဟု စောခွန်ကျော်ဝင်းက ဆိုသည်။ ကျန်ရှိသည့် မြေဧက ၅၀၀ ကျော်ကို မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။
အစိုးရစီမံခန့်ခွဲမြေအဖြစ် လွှဲပြောင်းထားချိန်တွင် ထိုမြေကို အရောင်းအဝယ်လုပ်၍ အဆောက်အအုံများ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း စောခွန်ကျော်ဝင်းက ပြောသည်။ မည်သို့ပင်ဖြစ်စေ ဥပဒေကြောင်းအရ ဒေသခံများ မထိခိုက်ရန် ကူညီသွားမည်ဟု ၎င်းက ဆိုသည်။
ဒေသခံများကမူ သိမ်းဆည်းမြေများမှာ မူလတောင်သူများထံ စွန့်လွှတ်ခြင်းဖြစ်ပြီး ထိုမြေကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးနှင့်ပအိုဝ်းပြည်သူစစ်(PNO) အဖွဲ့ဝင်အချို့က လုပ်ပိုင်ခွင့်ရယူလိုခြင်းမှာ လက်ခံနိုင်စရာမရှိဟု ဆိုကြသည်။
ထိုမြေများသည် မိရိုးဖလာ မြေယာစီမံခန့်ခွဲမှုစနစ်များအရ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့ကြပြီး ဒေသခံများအတွက် ပိုင်ဆိုင်မှု ရှင်းရှင်းလင်းလင်းရှိသော်လည်း မြေယာပိုင်ဆိုင်မှု အထောက်အထားများ မရှိခြင်းကြောင့် မြေယာပိုင်ဆိုင်ခွင့် တရားဝင်ရရန် ကြိုးပမ်းနေသည်ဟုလည်း မြေပိုင်ရှင်တစ်ဦးက ဆိုသည်။
ထိုမြေများသည် ဟိုပုံးမြို့နှင့်နီးကပ်စွာတည်ရှိပြီး နေရာထိုင်ခင်းအချက်အချာကျခြင်းကြောင့် ကာလတန်ဖိုးအရ ဈေးကောင်းရသော နေရာများဖြစ်၍ ဥပဒေနားလည်သူတို့က မြေလွတ်မြေရိုင်းဟု လျှောက်ထားပြီး လုပ်ပိုင်ခွင့်ရယူခြင်းဖြစ်သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးကပြောဆိုထားသည်။



