ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လုံခုတ်ရွာအုပ်စုအတွင်းရှိ ဘိုးဘပိုင်မြေဧက ၅၆၀ ကျော်ပေါ်တွင် နေထိုင်လုပ်ကိုင်ကြသည့် အိမ်ထောင်စု ၂၅၀ ကျော်ကို ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အပြီးသတ်မထွက်ခွာလျှင် အင်အားသုံး ဖယ်ရှားမည်ဟု စစ်ကော်မရှင်၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်များက ခြိမ်းခြောက်ထားကြောင်း သိရသည်။
ဟိုပုံးမြို့၏ မြောက်ဘက် အချက်အချာကြသည့် ထိုမြေနေရာပေါ်တွင် ဒေသခံ ပအိုဝ်းတိုင်းရင်းသား ၄၀၀ ကျော်နေထိုင်ပြီး ထိုနေရာရှိ စိုက်ပျိုးမြေများ၌ ဘိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်း၍ တောင်ယာလုပ်ငန်း လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းနေသူများဖြစ်သည်။
၁၉၉၂ ခုနှစ် နဝတနှင့် နအဖအစိုးရလက်ထက်တွင် စစ်တပ်အတွက် သိမ်းယူခဲ့သည့် မြေဧကပေါင်း ၁၈,၀၀၀ ကျော်ထဲတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် သိမ်းဆည်းမြေများကို ပြန်စွန့်လွှတ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ယခုအိမ်ထောင်စု ၂၅၀ ကျော်၏ မြေများကို ပြန်လည်စွန့်လွှတ်ခဲ့ကြောင်း ယနေ့(ဖေဖော်ဝါရီလ ၁၃ ရက်) အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေသခံတောင်သူများက ပြောသည်။
ထိုသို့စွန့်လွှတ်ရာတွင် မူလတောင်သူများပြန်မပေးဘဲ နိုင်ငံတော်သို့ စွန့်လွှတ်ပေးခြင်းဖြစ်သဖြင့် ထိုမြေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးနှင့် ပအိုဝ်းပြည်သူစစ်(PNO) အဖွဲ့ဝင်အချို့က လုပ်ပိုင်ခွင့်ရယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ညီညွတ်သောအခြားလုပ်ငန်းများလုပ်ကိုင်ရန်ဆိုကာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေများအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးက လျှောက်ထားရယူခဲ့ပြီး မိရိုးဖလာမြေယာပိုင်ရှင်များကို ကျူးကျော်အဖြစ်သတ်မှတ်၍ အဓမ္မဖယ်ရှားရန်ကြိုးစားလာကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မြေလွတ်၊ မြေလပ်၊ မြေရိုင်းပြန်လျှောက်တာကို ကျွန်တော်တို့ သဘောမတူဘူး။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတာလည်းမရှိဘူး။ ဒီမြေတွေက စွန့်လွှတ်ထားပြီးသားမြေတွေဖြစ်တယ်။ ဟိုးဘိုးဘွားအစဉ်အဆက်ကတည်းက တောင်သူတွေရဲ့မြေတွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ထိုမြေများပေါ်တွင် အိမ်ခြေပေါင်း ၂၅၀ ကျော်ရှိပြီး တိုက်အိမ်၊ ဝါးထရံအိမ်စသည်ဖြင့် အခိုင်အမာတည်ဆောက်နေထိုင်နေကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးက မြေလွတ်၊ မြေလပ်၊ မြေရိုင်းခေါင်းစဉ်တပ်ရယူခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ၎င်းက ဆိုသည်။
ထိုမြေများသည် မိရိုးဖလာမြေယာစီမံခန့်ခွဲမှုစနစ်များအရ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့ကြပြီး ဒေသခံများကြား ပိုင်ဆိုင်မှုရှင်းရှင်းလင်းလင်းရှိသော်လည်း မြေယာပိုင်ဆိုင်မှုအထောက်အထားများမရှိကြောင်း၊ ထို့ကြောင့် မြေယာပိုင်ဆိုင်ခွင့်အတွက် တရားဝင်ပိုင်ဆိုင်မှုများရရှိရန် ကြိုးစားနေကြောင်း ၎င်းကဆိုသည်။
“ဒါက ကျွန်တော်တို့မြင်တာက ပအိုဝ်းအချင်းချင်း အနိုင်ကျင့်တဲ့ကိစ္စရပ်လို့ ကျွန်တော်တို့မြင်တယ်။ လောလောဆယ်ရှိနေတဲ့နေရာကို တရားဝင်ဖြစ်ချင်တယ်” ဟု သူက ပြောသည်။
တရားဝင်မြေယာပိုင်ဆိုင်ခွင့်အတွက် ငွေကြေးပေးသွင်းလျှောက်ထားရန်လည်း ဒေသခံတို့က အဆင်သင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဟိုပုံးမြို့နှင့်နီးကပ်စွာတည်ရှိပြီး နေရာထိုင်ခင်းအချက်အချာကျသည့် ထိုမြေများသည် ကာလတန်ဖိုးအရ ဈေးကောင်းရသောနေရာများဖြစ်၍ ဥပဒေနားလည်သူတို့က မြေလွတ်မြေရိုင်းဟု လျှောက်ထားကာ လုပ်ပိုင်ခွင်ရယူခြင်းဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ပြောရေးဆိုခွင့်ရှိသူ မလီလီက ဆိုသည်။
“အခုတောင်သူတွေနေတဲ့နေရာ အိမ်တွေရှိနေပြီးသားနေရာတွေက အချက်အချာကျတယ်။ နေလို့ထိုင်လို့လည်းပိုအဆင်ပြေတယ်။ လက်ရှိကာလပေါက်ဈေးနဲ့ဆိုရင် လူထုတွေက မြေအားဖြင့် တန်ဖိုးအားကောင်းတာဖြစ်တဲ့အတွက်ကို ဒီဟာကို လိုချင်လို့ ဖယ်ရှားတာ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တွင် မူလမြေပိုင်ရှင်များကို ထိုနေရာမှထွက်ခွာရန် ဟိုပုံးမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အသိပေးအကြောင်းကြားစာ သုံးကြိမ်ခန့်ပေးပို့ခဲ့ပြီး နေအိမ်များကိုယ်တိုင်ဖျက်၍ ထွက်ခွာကြရန်လည်း ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
၎င်းတို့ထွက်ခွာပြီးနောက် ထိုမြေများပေါ်တွင် အစားထိုးမြေပြန်ပေးမည်ဖြစ်ပြီး အကျယ်ပေ ၃၀ နှင့် ၄၀ မြေကွက်လျှင် ၁၀ သိန်း၊ ပေ ၄၀ နှင့် ၅၀ မြေကွက်လျှင် ကျပ်သိန်း ၂၀ ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒေသခံများထံပေးပို့သော ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲတပ် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ အကြောင်းကြားစာတွင် ထိုမြေများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် ခွင့်ပြုမိန့်ရပြီးဖြစ်၍ မူလနေထိုင်သူများကို ကျူးကျော်များအဖြစ် ပြန်လည်နေရာချထားရန်စီစဉ်ထားကြောင်း ဖော်ပြထားသည်။
၎င်းတို့ကို ငွေကြေးပေးသွင်းခိုင်းစေပြီး နေရာချထားရန် မြေကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ လျှပ်စစ်မီးများ သွယ်တန်းနေကြောင်း ဖော်ပြထားသည်။ ထိုနေရာရှိ အဆောက်အအုံများကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက်တွင် အပြီးသတ်ဖယ်ရှားသွားမည်ဟုလည်း ထိုစာတွင်ပါရှိသည်။
ထို့နေရာကို ၂၀၁၅ ခုနှစ်မှစတင်၍ ဟိုပုံးမြို့တိုးချဲ့ရေးစီမံကိန်းအဖြစ် တောင်သူများထံမှ သဘောတူလက်မှတ် ကောက်ခံခြင်းများရှိခဲ့ပြီး ယခုအခါစီမံကိန်းနှင့်ပတ်သက်၍ ရေရေရာရာ မသိရသေးဘဲ အာဏာပိုင်များနှင့် လုပ်ငန်းရှင်အချို့က ထိုမြေများကို လက်ဝါးကြီးအုပ်လိုခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။
သိမ်းဆည်းမြေများပြန်ပေးရေး၊ တောင်သူများကိုဖယ်ရှားခြင်း၊ ခြိမ်းခြောက်ခြင်း ရပ်တန့်ရေးနှင့် မြေသိမ်းမှု ကြောင့် တောင်သူများ၏ နစ်နာမှုကို ကုစားပေးရေးတို့ကို ပအိုဝ်းလူငယ်အစည်းအရုံးက တောင်းဆိုထားသည်။



