သတင်း

တိုက်ပွဲရပ်ထားသော်လည်း တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေး

မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တရုတ်ဘက်က ပိတ်ပင်ထားခြင်း မရှိသော်လည်း မြန်မာဘက်၌ ကုန်သွယ်မှုယန္တရားမရှိတော့သဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ တစ်ပိုင်တစ်နိုင် ကုန်စည်တင်သွင်းသူများသာ ရှိနေသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ယာယီအပစ်ရပ်ကာ တိုက်ပွဲများ ရပ်နားထားသည်မှာ တစ်လခွဲနီးပါး ကြာပြီဖြစ်သော်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်မစနိုင်သေးဟု သိရသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအကျဆုံးသော လမ်းကြောင်းများမှာ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဖြတ်တောက်ခံထားရသည်

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာအကျဆုံး သိန္နီမြို့၊ နယ်စပ်ဂိတ်ပေါက်များရှိရာ ချင်းရွှေဟော်နှင့် ကျူကုတ် (ပန်းဆိုင်း) တို့ကို စစ်ဆင်ရေးအစပိုင်း၌ပင် တိုင်းရင်းသားအဖွဲ့များက သိမ်းယူခဲ့ပြီး မူဆယ်မြို့အနီးရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်တွင် ထိန်းချုပ်နိုင်ခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တအာင်းအဖွဲ့ TNLA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ် စခန်းကြီးငယ်များနှင့် မြို့အများအပြားကို သိမ်းယူပြီးနောက် တရုတ်၏ကြားဝင်မှုဖြင့် ယခုနှစ် ဇန်နဝါရီ လ ၁၁ ရက်နေ့တွင် စစ်ကောင်စီနှင့် ယာယီအပစ်ရန် သဘောတူခဲ့ကြသည်။

မြန်မာ-တရုတ်ကုန်သွယ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် လက်ရှိ၌ ကုမ္ပဏီနှင့် အေဂျင့်များမရှိတော့ဘဲ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“နယ်စပ်ကုန်သွယ်ရေးက ပြန်စဖို့ မလွယ်သေးဘူးလို့ ယူဆတယ်။ ၁၀၅ မိုင်က လူတော်တော်များများ၊ အေဂျင့်တွေ၊ ကုမ္ပဏီတွေ တော်တော်များများကလည်း ကျိုင်းတုံ၊ တာချီလိတ်နဲ့ မိုင်းလားဘက်တွေကို ရောက်သွားကြတယ်။ လုပ်လို့ရတာ သွားလုပ်နေကြတာရှိတယ်” ဟု ၎င်းက ဆိုသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားပြီး မူဆယ်မြို့ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အလုံးစုံလည်ပတ်နိုင်သည့် အနေအထားမရှိဟုလည်း သိရသည်။

ထို့အတူ MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင်လည်း ကုန်သွယ်မှုမရှိသေးကြောင်း နယ်စပ်ရှိ ကုန်သည်များက ဆိုသည်။

တောလမ်းဖြင့် ကုန်သွယ်

၁၀၂၇ စစ်ဆင်းရေးအတွင်း မန္တလေး-လားရှိုး-မူဆယ်လမ်းနှင့် မန္တလေး-လားရှိုး-ချင်းရွှေဟော်လမ်းတို့တွင် တံတားနှင့် လမ်းများ ပျက်စီးသွားကာ အခြေအနေမတည်ငြိမ်သေး၍ ကုန်သွယ်မှုမရှိဟု မူဆယ်မှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တိုက်ပွဲတွေမရှိမှဘဲ လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရမယ် ထင်တာပဲ။ တိုက်ပွဲတွေမငြိမ်သေးတဲ့ကာလမှာ အကုန်လုံးစိတ်ပူကြတာပဲလေ။ ကားဆိုလည်း ကားဆရာတွေ စိတ်ပူကြတယ်။ ကုန်ဆိုလည်း ကုန်ပိုင်ရှင်တွေ စိတ်ပူကြတယ်။ မသွားရဲကြဘူး”

စစ်ကောင်စီလက်လွှတ်လိုက်ရသည့် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တရုတ်ဘက်က ပိတ်ပင်ထားခြင်း မရှိသော်လည်း မြန်မာဘက်၌ ကုန်သွယ်မှုယန္တရားမရှိတော့သဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ တစ်ပိုင်တစ်နိုင် ကုန်စည်တင်သွင်းသူများရှိသည်ဟု သိရသည်။

အံစာတုံးဟုခေါ်သည့် အသေးစားမှန်လုံကားများကို ထိုင်ခုံများဖြုတ်၍ လူသုံးကုန်နှင့် စားသောက်ကုန် တင်ဆောင်ကာ ခက်ခဲကြမ်းတမ်းသည့် တောလမ်းမှ ပြည်တွင်းကို သယ်ယူကြသည်ဟု ဆိုသည်။

မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် စခန်း ၅ ခုရှိသည့်အနက် မူဆယ်၊ ချင်းရွှေဟော်ကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်ရှိ ကန်ပိုက်တီးဂိတ်သည်လည်း တိုင်ပွဲများကြောင့် သွားလာမရဖြစ်နေရာ လွယ်ဂျယ်နှင့် ကျိုင်းတုံ (မိုင်းလား) ကို ပိုမိုအားပြုလာရသည်ဟု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ သစ်သီပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“ငွေကုန်ကြေးကျများစွာနဲ့ ထိုးဖောက်ပြီး သွားနေရတယ်။ စရိတ်စကများတယ်။ လမ်းခရီး ကြန့်ကြာတယ်။ ပုပ်သိုးကုန်၊ ကုန်စိမ်းတို့ဆို အဆင်မပြေဘူး။ ဒါပေမဲ့ သွားနေကြတယ်။ ရှိတဲ့အပေါက်ကို ဇွတ်တိုးရတဲ့ ပုံစံဖြစ်နေတာပေါ့”

ကချင်ပြည်နယ်အတွင်းရှိ လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ကို အားပြုလာကြသော်လည်း မူဆယ်နယ်စပ်ဂိတ်နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ အလွန်လျော့နည်းနေသည်ဟု သိရသည်။

မူဆယ်မြို့အနီးရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ကာ ကုန်တင်ကားများ မီးလောင်နေစဉ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်နိုင်ခြေ

မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ကြီးဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မှီခို အားထားခဲ့သည့် လုပ်ငန်းရှင်များသည်လည်း ယခုအခါ ကြုံရာကျပန်းနှင့် ဆက်စပ်လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နေကြရသည်။ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသဖြင့် အလုပ်အကိုင်ဆုံးရှုံးမှုသာမက သွားလာရခက်ခဲခြင်းကိုပါ ရင်ဆိုင်နေရသည်။

မူဆယ်လမ်းကြောင်း ပုံမှန်ပြန်ပွင့်ရန် မျှော်လင့်သော်လည်း ယခင်အခြေအနေများနှင့် မတူညီနိုင်ကြောင်း ​၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေစိုးမိုးမှု အခင်းအကျင်းသစ်သည် နယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ်ရိုက်ခတ်နိုင်ကြောင်း မူဆယ်မှ ပွဲရုံပိုင်ရှင်က ဆိုသည်။

“ခါတိုင်းလိုမျိုး ခဏတစ်ဖြုတ် စစ်ဖြစ်တာတို့၊ အခြေအနေမတည်ငြိမ်တာတို့၊ ရောဂါကြောင့် ပိတ်တာတို့ မဟုတ်တော့လေ။ ပြီးတော့ ဒီဘက်မှာက အုပ်ချုပ်တဲ့သူက တစ်စုတစ်ဖွဲ့တည်းမဟုတ်တော့ ဘယ်လိုဘယ်ပုံဖြစ်မလဲ ခန့်မှန်းရခက်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ကို အခွန်နှစ်ဆင့် တရားဝင်ပေးဆောင်ရသည့် လမ်းကြောင်းကဲ့သို့ မူဆယ်နှင့် ချင်းရွှေဟော်ဘက်တွင်လည်း စစ်ကောင်စီနှင့် မြောက်ပိုင်းအဖွဲ့များကို အခွန်နှစ်ဆင့်ပေးဆောင်၍ အကောင်အထည်ဖော်နိုင်သော်လည်း လာမည့်ခြောက်လအတွင်း ဖြစ်နိုင်ခြေအလွန်နည်းသည်ဟု ထိုပွဲရုံပိုင်ရှင်က မှတ်ချက်ပြုသည်။

တိုက်ပွဲများကြောင့် အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်ဆိုင်မှုနှင့်ပတ်သက်၍ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်သူရကို ဆက်သွယ်မေးမြန်းရာတွင် လမ်းကြောင်းပြောင်း ကုန်သွယ်ခွင့်ပြုကာ ဖြေရှင်းနေသည် ဆိုသော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီအနေဖြင့် ကိုးကန့်၊ တအာင်းလက်နက်ကိုင်အဖွဲ့တို့နှင့် တိုက်ပွဲများတွင် အရှုံးကြီးရှုံးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအကြောင်း အထူးတလည်ထုတ်ဖော် ပြောဆိုခြင်း မပြုတော့ပေ။

သို့သော် ယခုလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တရုတ်သံရုံးက ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော် တက်ရောက်ခဲ့စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်အဆက်ဆက်မှ ယနေ့ထက်တိုင် တရုတ်နှင့် ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြသည်ဟု ထည့်သွင်းပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ “၁၀၂၇” စစ်ဆင်ရေးတွင် ဆက်တိုက်ရှုံးနိမ့်နေစဉ် နောက်ကွယ်၌ တရုတ်ပါနေသယောင် စစ်ကောင်စီဘက်က အသံထွက်ခဲ့ပြီးနောက် ကျူးကျော်စစ်ဟု တံဆိပ်ကပ်မှုနှင့်အတူ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း ပေါ်ပေါက်ခဲ့သည်။

စစ်ကောင်စီဘက် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးအကြောင်း အသံတိတ်နေသော်လည်း ယခုလ ၁၉ ရက်နေ့က ဒုအာဏာသိမ်းခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအစည်းအဝေးတွင် တရားမဝင်ကုန်သွယ်ရေးမှုများမှတစ်ဆင့် လက်နက်ကိုင်အဖွဲ့များထံ ငွေကြေးစီးဆင်းနိုင်သည်ဟု ထည့်သွင်းပြောဆိုသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) က နေပြည်တော်၌ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က နှစ်နိုင်ငံကုန်သွယ်ရေးအကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် တရုတ်၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ပြီးနောက် MNDAA နှင့် TNLA တို့က ၎င်းတို့ ထိန်းချုပ်မြို့များတွင် ဒေသအုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နေသည်။

ကိုးကန့်ဒေသတွင် အလုပ်သမားများ၊ ဝန်ထမ်းများလိုအပ်သဖြင့် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများ တည်ထောင်ခွင့်ပြုလိုက်သည်ဟု ကိုးကန့်တပ် (MNDAA) က ယခုလ ၁၈ ရက်တွင် ကြေညာသည်။

တအာင်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ရှင်းလင်းမှုလုပ်သလို ကုန်ကားများနှင့်ပတ်သက်၍ TNLA က ကောက်ခံမည့် အခွန်နှုန်းထားများလည် လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည်ကို တွေ့ရသည်။

သို့သော် မြောက်ပိုင်းညီနောင်သုံးဖွဲအနေဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ၂၀၂၃-၂၄ ဧပြီမှ ဖေဖော်ဝါရီ ၂ အထိ နယ်စပ်ထွက်ပေါက် ၅ ခုမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂၂၇ သန်းကျော် ကျဆင်းသွားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button