
ရှမ်းမြောက်အခြေစိုက် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၂၀ ကျော် အကြာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအကျဆုံးသော လမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့်နည်းတူ နိုင်ငံအနောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတချို့လည်း ပြတ်တောက်နေသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းအများအပြားအပြင် အချက်အချာကျ မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာအကျဆုံး သိန္နီမြို့ကို တိုင်းရင်းသားအဖွဲ့များက ထိန်းချုပ်ထားကာ ချင်းရွှေဟော်၊ ကျူကုတ် (ပန်ဆိုင်း) စသည့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မြို့များကိုလည်း သိမ်းပိုက်ထားသည်။
တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်ကို ဟန့်တားနိုင်ရန် အဓိကလမ်းများကြီးများကို ပိတ်ဆို့ထားရာ တရုတ်နှင့် နယ်စပ်မှ ကုန်သွယ်နေသည့် မြန်မာ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
တရုတ်ကို တင်ပို့နိုင်သည့် လမ်းကြောင်းတချို့ကို ရှာဖွေနေသော်လည်း ကုန်သွယ်မှုပမာဏကြီးမားသည့် လမ်းကြောင်းများ ပိတ်ဆို့သွားကြောင်း မန္တလေးမှ အမည်မဖော်လိုသည့် ကုန်သည်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“အခုလောလောဆယ်တော့ နယ်စပ်လမ်းကြောင်းဆိုလို့ မြဝတီတစ်ခုပဲ ကျန်တော့တယ်။ ကျန်တာကတော့ အကုန်အလုပ်မဖြစ်သလောက်ပဲ။ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်မှုဆိုလည်း တန့်သွားတာ ကြာပြီ။ ရှမ်းမြောက်ဆိုရင်လည်း ရက် ၂၀ လောက်ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခုမှ အဓိကကုန်သွယ်နေခြင်းဖြစ်ပြီး ထိုလမ်းကြောင်းများမှ ကုန်သွယ်မှုတန်ဖိုးသည် စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းရှိသည်။
စစ်ကောင်စီ၏ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကမူ လုံခြုံရေးအခြေအနေကြောင့် မူဆယ်နှင့် ချင်းရွှေဟော်တွင် ကုန်သွယ်ရန် အခက်အခဲရှိနေကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
“လက်တလော လုံခြုံရေးအခြေအနေများအရ မြန်မာတရုတ်ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုစခန်းများမှ ကုန်သွယ်ရေးလိုင်စင်ကျပြီးသည့် ပို့ကုန်နှင့် သွင်းကုန်ကို ပင်လယ်ရေကြောင်းနှင့် အခြားနယ်စပ်လမ်းကြောင်းများမှ ပြောင်းလဲတင်ပို့ခွင့်ပြုမည်ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ လွယ်ဂျယ်၊ ကန်ပိုက်တီ ကုန်သွယ်ရေးလမ်းကြောင်း၌ တိုက်ပွဲများရှိနေ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားဘက်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့ရန် စီစဉ်နေကာ မိုင်းလားအခွန်ဌာနကလည်း ကုန်စည်စည်းကြပ်ခွန်များကို နိုဝင်ဘာ ၁၃ ရက်မှ စတင်လျှော့ချမည်ဟု ထုတ်ပြန်ကြေညာထားသည်။
မြန်မာအနေဖြင့် ပင်လယ်ရေကြောင်းအပြင် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုမှ ကုန်သွယ်လျက်ရှိပြီး ထိုလမ်းကြောင်းများမှ ကုန်သွယ်မှုတန်ဖိုးသည် တစ်နိုင်ငံလုံး ကုန်သွယ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေချိန် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ စစ်တပ်စခန်းများကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားသည်။
“ရိခေါဒါရ်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုရှိတယ်။ အဲ့ဒီ ၂ ခုလုံးကို တစ်နေကုန် ကျွန်တော်တို့နဲ့ တိုက်ခိုက်မှုဖြစ်ပြီးတော့ မနေ့က ညနေ ၅ နာရီမှာ အပြီးသိမ်းပြီးတော့ ရှင်းလင်းနိုင်ခဲ့တယ်။ ပြောချင်တာကတော့ ရိခေါဒါရ်တစ်မြို့လုံးကတော့ ကျွန်တော်တို့က အားလုံးထိန်းချုပ်ထားပြီး ဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။
မြန်မာသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေသည်။ အိန္ဒိယနှင့် နှစ်နိုင်ငံကုန်သွယ်မှုကို တမူးနှင့် ရိဒ်နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင်ပြုလုပ်နေသည်။
ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကြားရှိ ရိဒ်ဂိတ်သည် စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ကုန်စည်ကူးသန်းရောင်းဝယ်မှုမရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အခြားနယ်စပ်ဂိတ်ဖြစ်သည့် တမူးဂိတ်သည် လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းနှင့် မဏိပူပြည်နယ်ကြားတွင် ရှိပြီး နှစ်နိုင်ငံလူအဝင်အထွက်နှင့် ကုန်သွယ်ရေးတွင် အရေးပါဆုံးဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ထိုနယ်စပ်ဂိတ်တွင် ကုန်သွယ်မှုမရှိသလောက်ဖြစ်သွားပြီး ဒေသအခြေစိုက် ကုန်သည်တချို့မှာ လုပ်ငန်းရပ်နား၍ မန္တလေးမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း တမူးအခြေစိုက် ကုန်သည်တစ်ဦးက ယခုနှစ် ဧပြီလအတွင်း ပြောဆိုထားသည်။
“မြေပြင်မှာက (တမူးကုန်သွယ်ရေး) ဂိတ်နားတောင် သွားမကပ်ရဲဘူး။ လမ်းခရီးလည်း အဲ့လိုပဲ။ အစစ်အဆေးတွေ အမျိုးမျိုး။ တစ်ခါတလေ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ဂိတ်ဖွင့်တယ်လို့သာ ပါးစပ်က ပြောတာ ဘယ်မှ သွားလို့မရတဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။
အိန္ဒိယနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ စစ်ကောင်စီက ထိုဒေသများအတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ သုံး၍ ဗုံးကြဲ၊ ပစ်ခတ်နေရာ အရပ်သားထိခိုက်သေဆုံးမှု၊ အိုးအိမ်များ မီးလောင်ပျက်စီးမှုတို့ ရှိနေကာ ဒေသခံအများအပြားမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ကရင်နီ(ကယား)၊ စစ်ကိုင်း၊ ကချင်၊ ချင်း စသည်ဖြင့် နိုင်ငံအနှံ့အပြားတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန် တစ်နှစ်ကြာ အပစ်ရပ်ထားသော ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲပြန်ဖြစ်လာသည်။
ရှမ်းမြောက်တိုက်ပွဲများ၌ စစ်တပ်အထိနာနေချိန် ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ ချိန်ခါလီနှင့် ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်းနှစ်ခုကို စီးနင်းသိမ်းပိုက်ခဲ့ကာ တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း အဝင်အထွက်ပြုလုပ်နိုင်သည့် ကုန်လမ်းရေလမ်းများကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် ရခိုင်ဒေသထွက်ကုန်များရောင်းချမှုအပြင် အိမ်းနီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုကိုပါ ရိုက်ခတ်လာနိုင်သည်ဟု ကုန်သည်များက ခန့်မှန်းသည်။
“ရခိုင်ဘက်ကလည်း အခုအတိုင်းဆိုရင်တော့ ပိတ်သွားပြီပေါ့။ ရခိုင်ဘက်က ရေထွက်ကုန်တွေက ရှမ်းမြောက်ကနေ တရုတ်ကို သွားတယ်။ အခုလောလောဆယ် ရှမ်းမြောက်က သွားမရတော့ ရန်ကုန်ကနေ Cargo Flight နဲ့ သွားတယ်ပေါ့။ အခု မန္တလေးမှာလည်း Cargo Flight ဆင်းဖို့ သယ်ဖို့ စီစဉ်နေတာရှိတယ်။ သို့သော်လည်း ရခိုင်က အခုလို ပိတ်လိုက်ပြီဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး” ဟု မန္တလေးမြို့မှ ကုန်သွယ်လုပ်ငန်းရှင်က ဆိုသည်။
နယ်စပ်လမ်းကြောင်းများ ပိတ်ဆို့နေ၍ လေကြောင်းမှ တင်ပို့ရန် စီစဉ်နေသော်လည်း စရိတ်ကြီးမားသဖြင့် အခြားနိုင်ငံများနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်း နည်းပါးနိုင်သည်ဟုလည်း သူက ပြောသည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းရုံး (KNU) လှုပ်ရှားသည့် ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းတစ်ခုတည်းသာ ကုန်သွယ်မှုပြုလုပ်နိုင်သော်လည်း အာရှလမ်းမကြီးတစ်လျှောက်တွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။
တရုတ်မှကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှ တစ်ဆင့်ခံတင်သွင်း၍ မြဝတီလမ်းကြောင်းမှ တင်သွင်းနေပြီး ထိုလမ်းကြောင်းသာ ပိတ်သွားပါက အကျပ်ရိုက်နိုင်ကြောင်း ထိုလုပ်ငန်းရှင်က ဆိုသည်။
“အရေးကြီးကုန်တွေ ပြတ်နိုင်တာပေါ့။ ဆေးဝါးတို့ဘာတို့ဆိုရင် ထိုင်းဘက်ကပဲ အများဆုံးသွင်းတယ်။ တရုတ်ကုန်လည်း ထိုင်းကို ချပြီးမှ မြဝတီဘက်ကို သယ်တာကိုး။ တရုတ်သွင်းကုန်တော်တော်များများက ထိုင်း Laem Chabang ဆိုတဲ့ ဆိပ်ကမ်းမှာ ချပြီး မြဝတီဘက်က တင်သွင်းတာ များတယ်။ အဲ့လမ်းသာ ပိတ်သွားရင်တော့ တော်တော်လေး အကျပ်ရိုက်မှာပေါ့” ဟု ၎င်းက ဆိုသည်။
နယ်စပ်လမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် ကုန်မတင်ပို့နိုင်၍ ပြည်တွင်းထွက်ကုန် ဈေးကျသော်လည်း သွင်းကုန်ဈေး မြင့်တက်လာနိုင်သည်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာအထိ မြန်မာအနေဖြင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်သွယ်ထားသည့်အနက် နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ ၅ ဒသမ ၃ ဘီလျံရှိကြောင်း စစ်ကောင်စီ၏ စီပွားကူးသန်းဝန်ကြီးဌာနက ဆိုသည်။