သတင်း

၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

လူအဝင်အထွက် လုပ်နိုင်ရန် မူဆယ်နယ်စပ်ဂိတ်ဖွင့်ထားသော်လည်း ကုန်ကားအဝင်အထွက် မရှိ၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေသည်ဟု မူဆယ်မှ ကုန်သည်တစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် စစ်ကောင်စီလက်အောက်ခံ​စခန်းများကို စတင်တိုက်ခိုက်ပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားသည်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ယခုလ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ သိန္နီ၊ နောင်ချို၊ ကွတ်ခိုင် စသည့် မြို့နယ်များရှိ စစ်တပ်စခန်းများကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေသည်။

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် တိုက်ပွဲများဖြစ်နေသည်မှာ ငါးရက်မြောက် ရှိပြီဖြစ်သည်။

လူအဝင်အထွက် လုပ်နိုင်ရန် မူဆယ်နယ်စပ်ဂိတ်ဖွင့်ထားသော်လည်း ကုန်ကားအဝင်အထွက်မရှိ၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေသည်ဟု မူဆယ်မှ အမည်မဖော်လိုသည့် ဆန်ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

နယ်စပ်တွင် ပိတ်မိနေသော အာလူးတင်ကုန်ကားများကို နမ့်ဖက်ကာအနီး အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ကားသမားတစ်ဦး)

“ကုန်စည် အဝင်အထွက်မရှိတော့ဘူး။ ဝင်လာလည်း ဘာမှလုပ်လို့မှ မရတာ။ ထွက်သွားဖို့လည်း ထွက်စရာ ပစ္စည်းမှ မရှိတော့တာ။ တိုက်ပွဲကြောင့် ရိက္ခာကို ကြိုစုကြ၊ ပြုကြပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

“ပြန်စဖို့က မလွယ်ပါဘူး။ သိန္နီတံတား ကျိုးတာ သေချာတယ်ဆိုရင်ပေါ့။ သူတို့ (စစ်ကောင်စီ) ပြန်စီးမိတယ်ဆိုရင်တောင် ဘေလီတံတားတောင်မှ ၁၅ ရက်လောက် အနည်းဆုံး ဆောက်ရဦးမှာပေါ့။ ကြားနေတဲ့ အသံအရဆိုရင် သိန္နီတံတား ပြန်ဆောက်ဖို့မပြောနဲ့ ဒီဘက်က (တော်လှန်ရေးအဖွဲ့များ) စီးမိနေတာ”

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့နှင့် ၂၅ မိုင်ခန့်သာ ဝေးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် အချက်အချာကျသည့် သိန္နီမြို့အဝင်အထွက်ဂိတ်များကို မြောက်ပိုင်းမဟာမိတ်တပ်များနှင့် ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားပြီး မြို့ကို သိမ်းယူနိုင်ရန် ကြိုးစားနေကြသည်။

ပို့ကုန်သွင်းကုန်များ မရှိတော့၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဝန်ထမ်းများ ရုံးမတက်တော့သည့်နည်းတူ လုပ်ငန်းများလည်း ရပ်ထားသည်ဟုပင် သတင်းကြားရကြောင်း မူဆယ်မှ ဆန်ကုန်သည်က ဆိုသည်။

တိုက်ပွဲပြင်းထန်လာပါက ဘေးကင်းရန် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်နေသူများရှိသလို တချို့မှာ ရိက္ခာအတွက် စုဆောင်းကြရာ မူဆယ်နယ်စပ်တွင် အခြေခံစားသောက်ကုန်များပင် ဝယ်ရခက်လာသည်ဟု သိရသည်။

သိန္နီမြို့အဝင်တံတား ကျိုးကျနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – The Kokang)

မန္တလေးမှ နောင်ချိုနှင့် လားရှိုးအထိသာ သွားလာရန် အဆင်ပြေပြီး ထို့ထက်ကျော်လွန် ခရီးဆက်ရန် အဆင်မပြေသဖြင့် ကုန်တင်ကားများ ရှေ့တိုးမရ၊ နောက်မဆုတ်မရ ဖြစ်နေသည်ဟု ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်နှင့်ပြောင်း တင်ပို့နေသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ပိုမိုအားပြုနိုင်ခဲ့သော်လည်း ယခုတိုက်ပွဲများကြောင့် ကုန်သွယ်မှုရပ်တန့်သွားသည်ဟု ဆိုသည်။

“ဒီတစ်လမ်း အားကိုးထားတဲ့နေရာမှာ ဒီတစ်လမ်းမှာ ထပိတ်ပြီဆိုတော့ ဘယ်လိုမှကို လည်ပတ်နိုင်ဖို့က အဆင်မပြေနိုင်ဘူးပေါ့။ မျှော်လင့်ထားတာတော့ ဒီကုန်စည်တွေက ပြန်လည်ပတ်နိုင်တယ်ဆိုရင်တော့ အဆင်ပြေနိုင်တယ်” ဟု ၎င်းက ပြောသည်။

ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားသဖြင့် စီးပွားရေးထိခိုက်နိုင်သည့်အပြင် ကုန်ဈေးနှုန်းလည်း မြင့်တက်လာနိုင်သည်ဟု ယင်းကုန်သည်က မှတ်ချက်ပြုသည်။

စစ်တပ်ကို ဟန့်တားနိုင်ရေး လားရှိုး-မူဆယ်နှင့် လားရှိုး-ချင်းရွှေဟော်လမ်းတို့ကို ပိတ်ပင်လိုက်သည်ဟု စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်တွင် MNDAA က သတင်းထုတ်ပြန်သည်။ အဆိုပါ လမ်းကြောင်းနှစ်ခုမှာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးအပါဆုံးဖြစ်သည်။

လမ်းပြန်ဖွင့်မည့်ရက်ကို အသိပေးမည်ဖြစ်ပြီး ပိတ်ထားသည့်ကာလအတွင်း အသိပေးလိုက်နာမှု မရှိဘဲ ဖြတ်သန်းသွားလာပါက ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ခရီးသည်နှင့် ကုန်တင်ကားများ ဖြတ်သန်းမရဖြစ်နေကာ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့များသို့ ဆက်သွယ်ရာ လမ်းကြောင်းတစ်လျှောက်တွင် ပိတ်မိနေသူများရှိသည်ဟုလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းရွှေဟော်မြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာ လောက်ကိုင်မြို့တွင်လည်း ကားသမားတချို့ပိတ်မိနေပြီး လမ်းပြန်ဖွင့်ရန် စောင့်ဆိုင်းနေသော်လည်း ရေရေရာရာ မသိရသေးကြောင်း မန္တလေးဘက်မှ လောက်ကိုင်မြို့တွင် စားသောက်ကုန် သွားရောက်ရောင်းချသည့် အမျိုးသားတစ်ဦးက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့တွင် တွေ့ရသော MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – The Kokang)

လောက်ကိုင်မြို့လမ်းမများတွင် လူသွားလူလာ နည်းပါးသွားပြီး ဆန်ဝယ်ရ ခက်လာကာ ဈေးနှုန်းလည်း သုံးလေးဆ ထိုးတက်သွားသည်ဟု ၎င်းက ပြောသည်။

လောက်ကိုင်အတွက် အခြေခံစားသောက်ကုန်များကို လားရှိုးမှတစ်ဆင့် အဓိကသွင်းရပြီး ကိုးကန့်အဖွဲ့က လားရှိုး- ချင်းရွှေဟော်လမ်းကို ပိတ်ထားခြင်းကြောင့် ကုန်စည်ပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ကုန်သွယ်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ နယ်စပ် ကုန်သွယ်ရေးဂိတ် ၅ ခုကို အဓိကအသုံးပြုနေပြီး မူဆယ်နှင့် ချင်းရွှေဟော်ဂိတ်တို့သည် အကြီးဆုံးဖြစ်သည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာထိ ခြောက်လအတွင်း မူဆယ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်၊ ချင်းရွှေဟော်မှ ဒေါ်လာ ၆၃၃ သန်းဖိုး ကုန်သွယ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button