
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ အချက်အချာကျသည့် သိန္နီမြို့ အဝင်အထွက်ဂိတ်များကို မြောက်ပိုင်းမဟာတပ်များနှင့် ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားပြီး မြို့ကို သိမ်းယူနိုင်ရန် ကြိုးစားနေကြသည်။
သိန္နီသည် ရှမ်းမြောက်ဒေသ တိုက်ပွဲများကို စစ်ကောင်စီ ကွပ်ကဲသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးနှင့် ၂၅ မိုင်ခန့်သာ ကွာဝေးသည်။
“၁၀၂၇ စစ်ဆင်ရေး” တတိယနေ့ဖြစ်သည့် အောက်တိုဘာ ၂၉ နံနက်အစောပိုင်းတွင် သိန္နီမြို့အထွက် တိုးဂိတ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့သည်။ ထို့နောက် ယမန်နေ့ နံနက်ပိုင်းတွင် သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ရုံးနှင့် မြို့အဝင် သိန္နီတံတားရှိ စစ်ကောင်စီ တပ်စခန်းများကိုပါ ဆက်လက်သိမ်းပိုက်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် ကိုးကန့်တပ် MNDAA နှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပူးပေါင်းတပ်ဖွဲ့ဝင်များ ပါဝင်သည်ကို တွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးတပ်များသည် စစ်ကောင်စီ၏ စစ်ကူလမ်းကြောင်းကို ဟန့်တားရန် ရည်ရွည်ပြီး မြို့အဝင် သိန္နီတံတားကိုလည်း ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ မြို့ပေါ်ရှိ စစ်ကောင်စီ ထွေအုပ်ရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း MNDAA ပြောခွင့်ရအရာရှိ လီကျာဝင်းက Myanmar Now ကို ယမန်နေ့ (အောက်တိုဘာ ၃၀) ညနေပိုင်းတွင် ပြောသည်။
“မြို့ပေါ်ကိုတော့ ထိန်းထားနိုင်ပြီ။ သိန္နီမြို့နယ်တစ်ခုလုံးကိုတော့ လုံးဝ ထိန်းချုပ်ထားတာတော့ မရှိသေးဘူး။ မြို့နဲ့အနီးတွေမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ရှိနေသေးတယ်။ ချင်းရွှေဟော်မြို့လိုမျိုး စစ်ကောင်စီ လုံးဝ ကင်းရှင်းသွားတဲ့ အနေအထားထိတော့ မရောက်သေးဘူး“ ဟု MNDAA ပြောခွင့်ရအရာရှိက ဆိုသည်။
သိန္နီမြို့အထွက် တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိန်းချုပ်ထားပြီး ကုန်ကားများဖြင့် ပိတ်ဆို့ထားလိုက်သည်။ သိန္နီ – မူဆယ်နှင့် သိန္နီ – ချင်းရွှေဟော် လမ်းစုံလမ်းခွဲတွင်လည်း စစ်ကောင်စီ စစ်ကူယာဉ်တန်း တက်မလာနိုင်ရန် လမ်းများကို ဖျက်ဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။

သိန္နီမြို့အဝင် တံတားနှင့် သိန္နီလမ်းခွဲသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကျသည့် နေရာဖြစ်သည်။ ထိုလမ်းပိုင်းကို ဖြတ်ပြီးမှ တရုတ်နယ်စပ် မူဆယ်နှင့် ချင်းရွှေဟော်သို့ ရောက်နိုင်သည်။
ထို့ပြင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် တက်လာမည့် စစ်ကောင်စီ စစ်ကူယာဉ်တန်းသည်လည်း ထိုနေရာကို ဖြတ်သန်းပြီးမှ တိုက်ပွဲပြင်းထန်နေသည့် မြန်မာ-တရုတ် နယ်စပ်ဒေသများသို့ ရောက်နိုင်မည်ဖြစ်သည်။
ရက်ပိုင်းအတွင်း ပြင်းထန်လာနိုင်သည့် စစ်ပွဲအတွက် သိန္နီမြို့ခံများက ဆန်အပါအဝင် အခြေခံစားသောက်ကုန်များကို အလုအယက် ဝယ်ယူစုဆောင်းနေကြကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့ပေါ်မှာ ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ မြို့အဝင်အထွက် လမ်းတွေ ဖျက်ဆီးထားတော့ မြို့ပေါ်မှာ ကုန်ကားတွေ ပိတ်မိနေတာရှိတယ်။ ဆန်တွေ ဝယ်ထားပြီး အိမ်မှာပဲ နေကြတယ်“ ဟု သူက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် လူမှုစာမျက်နှာများတွင် တွေ့ရသည့် ရုပ်သံဖိုင်တစ်ခုတွင် ဆိုင်ကယ်ဖြင့် ဆန်သယ်နေကြသည့် ဒေသခံများက MNDAA တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြို့အဝင်တိုးဂိတ်ကို ဖြတ်သန်းနေကြောင်း တွေ့ရသည်။

တော်လှန်ရေးတပ်များသည် သိန္နီမြို့အနီး အထိုင်ချထားသည့် စစ်ကောင်စီ၏ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆) တပ်စခန်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စစ်ဆေးရေးဂိတ်ဖြစ်သည့် ရေပူစစ်ဆေးရေးဂိတ်ရှိ စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။
နောက်ထပ်မဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်သည့် တအာင်းတပ် TNLA ကလည်း သိန္နီမြို့နယ် မိုင်းလီတပ်စခန်းကို ယမန်နေ့ညပိုင်းက သိမ်းနိုင်ခဲ့ပြီး နောက်ထပ်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် အစပြုသည့် ၁၀၂၇ စစ်ဆင်ရေး ၄ ရက်မြောက်နေ့တွင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA တပ်များသည် တရုတ်နယ်စပ် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ဒေသကို သိမ်းနိုင်ခဲ့ပြီး စစ်ကိုင်းတွင်လည်း စစ်ရေးအရှိန်မြှင့်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
ယနေ့ (အောက်တိုဘာ ၃၁) နံနက်တွင် ကချင်ပြည်နယ် KIA လိုင်ဇာဌာနချုပ်ရှိရာ ပတ်ဝန်းကျင်ကို စစ်ကောင်စီ၏ ခါယာစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင့်တပ်တော် (AA) တပ်စခန်းများရှိရာ ပတ်ဝန်းကျင်အပါအဝင် မုန်လိုင်ခက်စစ်ရှောင်စခန်းပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ တစ်ပြိုင်နက်တည်းတွင် မြစ်ကြီးနား- ဗန်းမော် ကားလမ်းမပေါ်တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း ပါရှိသည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ချက်များတွင်မူ ရှမ်းမြောက်ဒေသထိုးစစ်ဆင်ခံရမှုအကြောင်း ဖော်ပြထားခြင်း မရှိပေ။ ယနေ့ (အောက်တိုဘာ ၃၁) စစ်ကောင်စီ သတင်းစာတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသတင်းကို ၂ မျက်နှာတိတိ ရေးသား ဖော်ပြထားသည်။
ချင်းဒေသတော်လှန်ရေးအဖွဲ့များကမူ လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ထိုမြို့ကို စစ်ကောင်စီနှင့် ထက်ဝက်စီ ထိန်းချုပ်ထားသည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)