အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နိုင်ငံတကာအရေးအခင်းများအကြား မြန်မာ့တော်လှန်ရေး ရှေ့လားရာ

တော်လှန်ရေးအင်အားစုကို နိုင်ငံအများအပြားက ထောက်ခံချိန် စစ်တပ်ကလည်း သူ့ရွေးကောက်ပွဲ အသိအမှတ်ပြုမှု ရရန် ကြိုးပမ်းနေသဖြင့် နိုင်ငံတကာ၏ ရပ်တည်ချက်က လွန်စွာ အရေးပါလာသည်။

တော်လှန်ရေးအင်အားစုကို နိုင်ငံအများအပြားက ထောက်ခံချိန် စစ်တပ်ကလည်း သူ့ရွေးကောက်ပွဲ အသိအမှတ်ပြုမှု ရရန် ကြိုးပမ်းနေသဖြင့် နိုင်ငံတကာ၏ ရပ်တည်ချက်က လွန်စွာ အရေးပါလာသည်။

စစ်အာဏာသိမ်းထားသည်မှာ လေးနှစ်ကျော်လာပြီ ဖြစ်သော်လည်း ဤနှစ်များအတွင်း နိုင်ငံတကာတွင်လည်း ကြီးမား၍ မခန့်မှန်း နိုင်သော အရေးအခင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ နိုင်ငံတကာအသိုက်အဝန်းအပေါ် သက်ရောက်မှုများပြားသောကြောင့် မြန်မာ့အရေးအပေါ် အာရုံစိုက်မှု နည်းပါးလာသည်ကို တွေ့မြင်နေရသည်။

သို့ရာတွင် လွန်ခဲ့သော လေးနှစ်ကာလကို ပြန်လည်သုံးသပ်မည်ဆိုပါက နိုင်ငံတကာအရေးအခင်းများကြောင့် မြန်မာ့တော်လှန်ရေး နောက်ဆုတ်သွားခြင်းမရှိဘဲ၊ နိုင်ငံတကာ၏ အာရုံစိုက်မှု လျော့နည်းသွားသည့်ကြားမှပင် လက်နက်ကိုင်တော်လှန်ရေးက သမိုင်းတွင်မကြုံဖူးသော အောင်ပွဲကြီးများ ရရှိခဲ့သည်။

ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ ဂါဇာကမ်းမြှောင်ဒေသ၌ ဖြစ်ပွားခဲ့သော အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့် မရှေးမနှောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အိမ်နီးချင်း တရုတ် နိုင်ငံနှင့် နယ်စပ်ထိစပ်နေသော မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်မှ စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ဖြင့် အာဏာသိမ်း စစ်တပ်ကို ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စတင်ထိုးစစ်ဆင်ခဲ့သည်။ ပြည်တွင်းစစ်သမိုင်းတွင် မကြုံဖူးသော စစ်တပ်၏ ပြိုလဲခြင်းများကို ၂၀၂၄ ခုနှစ် တစ်နှစ်လုံး မြင်တွေ့ခဲ့ရသည်။ 

ထိုအချိန်မှစ၍ စစ်တပ်သည် သမိုင်းဝင်စစ်ရှုံးနိမ့်မှုများမှ ပြန်လည်နလံထူရန် ယနေ့အချိန်ထိ ကြိုးစားနေဆဲ ဖြစ်ပြီး ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးပါ။ 

သို့ရာတွင် တော်လှန်ရေးအင်အားစုများ၏ အောင်ပွဲများက နိုင်ငံတကာ အသိုက်အဝန်းအကြား ကူညီထောက်ပံ့မှု များ တိုး၍ပေးလာစေရန် အကြောင်းတရား ဖြစ်မလာဘဲ၊ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေမလား ဆိုသည့် စိုးရိမ်းမှုများကိုသာ မြင့်တက်စေခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ထိုကဲ့သို့ အဘယ်ကြောင့်ဖြစ်ခဲ့ရသည် ကို တော်လှန်ရေးခေါင်းဆောင်များ အလေးထား အဖြေရှာသင့်ပါသည်။

တစ်ဖက်တွင် ပြည်တွင်းစစ်တွင် ရှုံးနိမ့်နေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တန်ပြန်ဒရုန်းစစ်ဆင်ရေး ဆင်နွှဲနိုင်ရန်အတွက် စစ်တပ်တွင် ဒရုန်းတပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ ဒရုန်းများတပ်ဆင်ရန် ရုရှားနှင့် တရုတ်နိုင်ငံ တို့၏ အကူအညီများကို လွန်ခဲ့သောနှစ်အတွင်း ရယူနိုင်ခဲ့သည်။ စစ်ရှုံးနေသည့်ကြားမှ မဟာမိတ် အာဏာရှင်နိုင်ငံများ၏ အကူအညီကို မင်းအောင်လှိုင် တိုး၍ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲနည်းလမ်းကို လက်ရှိပြဿနာများ ဖြေရှင်းရန် နိုင်ငံရေးနည်းလမ်းအဖြစ် အသံကျယ်ကျယ်လောင်လောင် ပြောဆိုလာပြီး၊ နိုင်ငံတကာအသိုက်အဝန်းကို စည်းရုံး နေချိန်တွင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုသည် လက်ရှိဖော်ဆောင်နေသည့် စစ်ရေးနည်းလမ်း တစ်ခုတည်းကိုသာ အာရုံစိုက်နေခြင်းဖြင့် မလုံလောက်တော့သည်ကို အထူးသတိပြုသင့်ပါသည်။ 

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ တည်ဆောက်နိုင်မည့် နိုင်ငံရေးအရ စုစည်းညီညွတ်မှုကို ပြသနိုင်မှသာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံတကာ၏ ကူညီ ပံ့ပိုးမှုများကိုလည်း တိုးမြှင့်နိုင်မည်ဟု သုံးသပ်တွေ့ရှိရပါသည်။ 

အထူးသဖြင့် ဇူလိုင်လကုန် စစ်ကောင်စီသက်တမ်းကုန်ဆုံး၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အကြို ပြုလုပ်လာမည့် အပြောင်းအလဲများနှင့် အချိန်ကိုက် တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးအရ စုစည်း ညီညွတ်မှုကို ပြသပြီး၊ ရွေးကောက်ပွဲကို တန်ပြန်နိုင်ငံရေးအံတုမှုအဖြစ် ထုတ်ဖော်ပြသရန် အလွန်အရေးကြီးပါကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Related Articles

Back to top button