
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြီးခဲ့သည့် ဇူလိုင် ၉ ရက်တွင် တရုတ်အာဏာပိုင်များက ပိတ်ပစ်လိုက်သည်ဟု နယ်စပ်ကုန်သည်များက ပြောကြသည်။
“၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း” အတွင်း တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် အာရက္ခတပ် (AA) တို့ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်၊ MNDAA ထိန်းချုပ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) အပြင် TNLA က နမ့်ခမ်းမြို့တွင် အသစ်ဖွင့်လှစ်လိုက်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ ထိုနေ့တစ်ရက်တည်း ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။
တရုတ်အာဏာပိုင်များက တစ်စုံတစ်ရာ တွေ့ဆုံညှိနှိုင်းအသိပေးမှုမျိုးမရှိဘဲ တစ်ဖက်သတ် ပိတ်ပစ်လိုက်ခြင်းသာဖြစ်သည်ဟု နမ့်ခမ်းမြို့အခြေစိုက် နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
“ဂိတ်တွေပိတ်လိုက်တဲ့ အကြောင်းပြချက်ကို တရုတ်ဘက်က အခုထိ ထုတ်ပြောဆိုတာမျိုး မရှိသေးဘူး။ ရာဇသံပေးလိုက်တဲ့ ပုံစံမျိုးဖြစ်နေတာလေ။ ကုန်သွယ်မှုတွေလည်း အားလုံးရပ်ကုန်ပြီ“ ဟု ထိုသူက ဆိုသည်။
ပိတ်ထားသည်မှာ ၁၀ ရက်ကျော် ကြာမြင့်ပြီဖြစ်ပြီး မြောက်ပိုင်းတပ်များ ထိန်းချုပ်နယ်မြေတွင် တရုတ်၏ အကျိုးစီးပွားများရှိနေသေးသောကြောင့် နယ်စပ်ဂိတ်များ အချိန်မရွေးပြန်လည်ဖွင့်လှစ်နိုင်သည်ဟု ယူဆရကြောင်း အထက်ပါ ကုန်သည်က သုံးသပ်သည်။
ယခုနှစ် ဇွန် ၂၅ ရက်တွင် စတင်သည့် “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါသည့် လားရှိုးမြို့အပြင် ကျောက်မဲ၊ နောင်ချိုမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်လာသောကြောင့် တရုတ်ဘက်က နယ်စပ်ဂိတ်များ ပိတ်၍ ဖိအားပေးခြင်း ဖြစ်သည်ဟု TNLA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်။
သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်သည့် တစ်ခုတည်းသော နယ်စပ်ဂိတ် မူဆယ်မြို့တွင်မူ နယ်စပ်ဂိတ်များကို ဖွင့်လှစ်ထားဆဲဖြစ်ပြီး ကုန်သွယ်မှုနှင့် လူအဝင်အထွက်များ ပုံမှန်ရှိနေကြောင်း သိရသည်။

မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခု ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်တွင် ကျင်စန်းကျော့၊ ဆင်ဖြူ၊ မန့်ဝိန်း၊ နန်းတော်ဂိတ်တို့ ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်ခေါင်းဆောင်များကို တရုတ်က ခေါ်ယူ တွေ့ဆုံခဲ့ပြီး စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ ပါဝင်ပူးပေါင်းနေမှုကို ထောက်ပြ ပြောဆိုခဲ့သည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
ဇူလိုင် ၃ က လားရှိုးတွင် ထိုးစစ်စတင်သည့်နောက်တွင်လည်း MNDAA ထိန်းချုပ်သည့် မြို့တော် လောက်ကိုင်၌ မှီခိုအားထားနေရသည့် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများကို တရုတ်အာဏာပိုင်များက ဖြတ်တောက်ခဲ့သည်။
ထို့နောက် MNDAA နှင့် TNLA တို့က လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးတွင် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ ယာယီအပစ်ရပ်မည်ဟု တစ်ဖက်သတ် ကြေညာခဲ့သော်လည်း စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေ၍ တိုက်ပွဲရပ်တန့်ခြင်းမရှိခဲ့ပေ။
အထက်ပါနှစ်ချက်ကို ကြည့်ခြင်းဖြင့် တရုတ်၏ မြင်သာသည့် ဖိအားပေးမှုများဖြစ်ပြီး ယခုစစ်ဆင်ရေးတွင် တရုတ်၏ အရေးပါမှု မြင့်တက်လာစေသည်ဟု မြေပြင်သတင်းရင်းများက ဆိုကြသည်။
စစ်ကောင်စီကလည်း MNDAA ထိန်းချုပ်သည့် လောက်ကိုင်အပြင် သိန္နီမြို့ကိုလည်း ၃ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သလို TNLA ထိုးစစ်ဆင်နေသော နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်တို့ကိုလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

တစ်ဖက်သတ်အပစ်ရပ်သည့် ၄ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရကြောင်း TNLA က ယမန်နေ့က ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ၏ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ မှ ၃၁ ရက်နေ့အထိ ထိုးစစ်များ ရပ်ထားမည်ဖြစ်ကြောင်း MNDAA က ယနေ့ ထုတ်ပြန်ထားသည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ခံထားရသောကြောင့် ကုန်သည်များနှင့် ကုန်တင်ကုန်ချအလုပ်သမားများ၏ အခက်အခဲအပြင် ဒေသတွင်းအဓိကထုတ်လုပ်သည့် မီးသွေးနှင့် ကြံစျေးကွက်များ ယာယီရပ်ဆိုင်းသွားသည်ဟု ကုန်သည်များက ဆိုသည်။
ယခုနှစ်အစောပိုင်းက မြောက်ပိုင်းတပ်များ ထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် သတ္တု၊ ဆီလီကွန်ကျောက်၊ ပြောင်းဖူး၊ ကြံ၊ ပဲမျိုးစုံ၊ ကျွန်းသစ်၊ မီးသွေး စသည်များကို တရုတ်သို့ တင်ပို့ပြီး တရုတ်နိုင်ငံ ဘက်မှ စက်ပစ္စည်း၊ စားသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို တင်သွင်းခဲ့ကြသည်။
TNLA နှင့် MNDAA ထိန်းချုပ်နယ်မြေများသည် ပထဝီအနေအထားအရ တရုတ်နှင့် ထိစပ်နေပြီး ကုန်သွယ်မှုတွင် အမှီအခိုကင်း၍ မရသည့် တစ်ဆက်တည်းတွင် တရုတ်၏ အကျိုးစီးပွားများသည်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် တည်ရှိနေသည်။
သို့ရာတွင် ဒုတိယလှိုင်းအပစ်ရပ်ရေးကို တရုတ်က မြောက်ပိုင်းအဖွဲ့များကို ဖိအားပေးနေခဲ့ပြီး မန္တလေးတိုင်းတွင်မူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။