အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ချင်းနှင့် ရခိုင်ပြည်နယ်ကို ကုန်တင်ပို့သည့် အိန္ဒိယနယ်စပ်လမ်းကြောင်း ပြန်ပိတ်

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွက် ကုန်စည်များတင်ပို့ရာတွင် အဓိကကျသည့် အိန္ဒိယနယ်စပ်လမ်းကြောင်းများကို အိန္ဒိယအခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ပြန်ပိတ်လိုက်သည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့အတွက် ကုန်စည်များတင်ပို့ရာတွင် အဓိကကျသည့် အိန္ဒိယနယ်စပ်လမ်းကြောင်းကို ယမန်နေ့ (ဇွန်) ၂၄ တွင် ပြန်လည်ပိတ်ပင်လိုက်သည်ဟု အိန္ဒိယအခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ယမန့် (ဇွန် ၂၄) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထိုနယ်စပ်လမ်းကြောင်းသည် အိန္ဒိယနိုင်ငံ၊ မိုဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအထိ ကုန်စည်များတင်ပို့နေသည့် လမ်းကြောင်း ဖြစ်သည်။

CYLA သည် အစိုးရမဟုတ်သောအဖွဲ့အစည်းအဖြစ် အိန္ဒိယတွင် မှတ်ပုံတင်ထားပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ထိုလမ်းကို CYLA က မေလ ၂၅ ရက်တွင် တစ်ကြိမ်ပိတ်ပင်ခဲ့ဖူးသည်၊ ယင်းနောက် ဇွန် ၁၁ ရက်တွင် ပြန်ဖွင့်ပေးခဲ့သည်။ ယခု ထပ်မံပိတ်ခြင်းမှာ အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်တွင် တိုက်ပွဲများဖော်ဆောင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်းစစ်တပ်၏ ရေကြောင်းကုန်းကြောင်း ပိတ်ဆို့မှုကို ခံနေရသည့် ရခိုင်ပြည်နယ်သို့ ကုန်စည်တင်သွင်းနိုင်ရန် လမ်းဖွင့်လိုက်ခြင်း ဖြစ်သော်လည်း AA သည် ချင်းတော်လှန်ရေးတပ်များနှင့် တိုက်ခိုက်ရန်၊ အင်အားကြီးထွားလာရန် အသုံးချလာခြင်းကြောင့် လမ်းပြန်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ချင်းနှင့်ရခိုင် လက်နက်ကိုင်အင်အားစုများကြား အဆင်ပြေစေရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု CYLA အဖွဲ့ အထွေထွေအတွင်းရေးမှူး Joseph Lalhmingthangah Chinzah က ပြောသည်။

“ဗဟိုလိုင်လူငယ်အစည်းအရုံးရဲ့ ဆောင်ရွက်ချက်က ချင်းနဲ့ရခိုင်အဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုတွေ အရှိန်လျှော့စေဖို့ဖြစ်ပါတယ်” ဟု သူက Myanmar Now ကို အီးမေးမှ ပြောသည်။

ထိုလမ်းကြောင်းသည် အိန္ဒိယအစိုးရက ထိန်းချုပ်ထားသည့် တရားဝင်နယ်စပ်ဂိတ်မဟုတ်ဘဲ နှစ်နိုင်ငံ ဒေသခံအချင်းချင်းကြားနားလည်မှုဖြင့် ကုန်သွယ်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွက် ကုန်စည်များတင်သွင်းနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဟု ယူဆနိုင်သည့် ထိုလမ်းကြောင်းမှ ဒီဇယ်၊ ဓာတ်ဆီ၊ နေ့စဉ်သုံး အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်တို့ ကုန်သွယ်ကြသည်ဟု သိရသည်။

ထိုလမ်းကြောင်းမှ ကုန်စည်များကို တစ်နေ့လျှင် စက်လှေငယ် အစီးရေ ၄၀ ကျော်ဖြင့် သယ်ယူနေသည်၊ လတ်တလော ပိတ်ပင်မှုကြောင့် ချင်းပြည်နယ် ပလက်ဝ၊ လိုင်းလင်းပီမြို့နှင့် AA ထိန်းချုပ်မှုအောက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံမြို့နယ်မှ ဒေသခံများ အခက်တွေ့နိုင်သည်ဟု ပလက်ဝဒေသခံ ကိုအိုက်က ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်သည့် AA ၏ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ သုံးပွင့်ဆိုင် နယ်နိမိတ်ချင်းထိစပ်ရုံမက ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် ပလက်ဝမြို့နယ်ကို ယခုနှစ်ဆန်းပိုင်းကစပြီး AA က နယ်မြေထိန်းချုပ်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို AA က ထိန်းချုပ်လိုက်ပြီးနောက် ပလက်ဝဒေသအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ချင်းပြည်ကောင်စီနှင့် အငြင်းပွားမှု ပိုဖြစ်လာသည်။

ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း စစ်ရေးလှုပ်ရှား၊ ဖော်ဆောင်ခြင်း၊ အုပ်ချုပ်ရေးဖော်ဆောင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မလုပ်ရန် ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုကြေညာချက်သည် AA ကို စစ်ရေးနှင့် နိုင်ငံရေးအားပြိုင်ရန် စိန်ခေါ်သည့် ထုတ်ပြန်ချက်မဟုတ်ဘဲ မေတ္တာရပ်ခံသည့်စာဟု ချင်းပြည်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်က Myanmar Now ကို ပြောထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button