သတင်း

မြန်မာနိုင်ငံရှိ အိန္ဒိယအကျိုးစီးပွားများ ကာကွယ်ရန် စစ်ကောင်စီကို အိန္ဒိယပြော

မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန် စစ်ကောင်စီဝန်ကြီးကို တိုက်တွန်းခဲ့သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar က ပြောသည်။

မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရေးအတွက် စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေနှင့် ဇွန်လ ၂၆ ရက်တွင် ဆွေးနွေးခဲ့သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar က ပြောသည်။

အိန္ဒိယ၏ ဆောင်ရွက်ဆဲစီမံကိန်းများကို လုံခြုံရေးပေးရန် နယူးဒေလီမြို့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သူက ၎င်း၏ X လူမှုကွန်ရက်တွင် ရေးထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်နေသည့် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများသည် နယ်စပ်ဒေသများသို့ သက်ရောက်နေမှု ရှိနေခြင်းကြောင့် အလွန်စိုးရိမ်ကြောင်းလည်း စစ်ကောင်စီဝန်ကြီးကို ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။

ထိုအခြေအနေကို ဖြေရှင်းရန် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံနိုင်မည့်လမ်း ဖွင့်ထားသည်၊ တရားမဝင် မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုနှင့် လူကုန်ကူးခြင်းတို့သည် အိန္ဒိယနိုင်ငံအတွက် ခက်ခဲမှုများဖြစ်နေသည်ဟုလည်း ဆိုသည်။

မြဝတီတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအကူအညီပေးရန်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်လျှောက်ရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။ အိန္ဒိယသည် မြန်မာ့အရေးတွင် မည်သည့်နည်းနှင့်မဆို ကူညီရန် အသင့်ရှိနေသည်ဟုလည်း အိန္ဒိယပြည်ပရေးရာဝန်ကြီးက ဆိုသည်။

India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်ကလည်း ယခုတွေ့ဆုံမှုတွင် အိန္ဒိယသည် မြန်မာ့အရေးနှင့် ပတ်သက်သော ၎င်း၏ သဘောထားကို စစ်ကောင်စီကို ခေါ်ပြောလာခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“မြန်မာ့အအရေးအပေါ် စိုးရိမ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောတာတွေ ပါဝင်လာတယ်။ အိန္ဒိယဘက်ကို ဖိတ်ခေါ်ပြီးမှ တွေ့ဆုံတာဖြစ်တဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ အရင်တုန်းကလို စစ်ကောင်စီလိုလားချက် လိုက်လျောမှု ပေးတယ်ဆိုတာထက် အိန္ဒိယအစိုးရမူဝါဒကို ဆွေးနွေးတာမျိုးဖြစ်နိုင်မယ်လို့ ယူဆတယ်” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

ဆလိုင်းဒိုခါရ်တို့၏ အဖွဲ့သည် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အိန္ဒိယဘက်က ပိုမိုနားလည်သိရှိရန် ကြိုးပမ်းနေသော အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက အိန္ဒိယအနေနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အပါအဝင် နယ်စပ်ဒေသပြဿနာများကို ဖြေရှင်းမည်ဆိုပါက သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် အရေးကြီးကြောင်း Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့အစိုးရအနေနဲ့ တရားဝင်၊ လူသိထင်ရှား ထိတွေ့ဆက်ဆံဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ ပြဿနာတွေကို အတူတကွ ဖြေရှင်းဖို့ အဆင်သင့်ရှိပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာအလင်းသတင်းစာတွင်လည်း တွေ့ဆုံမှုအကြောင်း ဖော်ပြထားသည်။ သို့သော်လည်း အိန္ဒိယဘက်က ပြောဆိုချက်များ မပါဝင်ပေ။

အိန္ဒိယနှင့် မြန်မာကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပါအဝင် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟုသာ သတင်းတွင် ရေးထားသည်။

အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နာမည်ကျော်စီမံကိန်းမှာ ကုလားတန်မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းသည် ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းကာ စစ်တွေမြို့အနီး ပင်လယ်ထဲ စီးဝင်သည့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဖော်ဆောင်မည့် စီမံကိန်းဖြစ်ပြီး ထိုစီမံကိန်းတွင် ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ်ထွက်ပေါက်ရစေမည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို စတင်ရန် အိန္ဒိယနှင့် မြန်မာတို့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိတွင် ကုလားတန်စီမံကိန်း အဓိဖြတ်သန်းမည့် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြို့များသည် အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပြီဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေး ယင်းတို့နှင့် ပူးပေါင်းရန် AA က မတ်လ ၂၅ ရက်တွင် ကြေညာချက်ထုတ်ခဲ့သော်လည်း အိန္ဒိယအစိုးရဘက်က AA နှင့် တရားဝင်တွေ့ဆုံမှု မရှိသေးပေ။

ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် Vanlalvena နှင့် AA ကိုယ်စားလှယ်တို့ နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The Lairam Times က ဖော်ပြခဲ့သည်။

နိုင်ငံတကာတွင် အိန္ဒိယအစိုးရသည် တရုတ်အစိုးရနည်းတူ အာဏာသိမ်းစစ်ကောင်စီကို သိသိသာသာ အားပေးထောက်ခံနေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button