ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှု ငွေပေးချေရေးယန္တရား ပထမဆုံး စတင်လည်ပတ်နေပြီဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယမန်နေ့ (ဇူလိုင် ၂) တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံပို့ကုန်အတွက် ရူပီးငွေ ၁ ကုဋေကျော် (စစ်ကောင်စီငွေလဲနှုန်း တစ်ရူပီးလျှင် ၂၅ ကျပ်ဖြင့် တွက်ချက်လျှင် ကျပ်သန်း ၂၅၀ကျော်) ကို ရန်ကုန်မြို့ရှိ ငွေပေးချေမှုလုပ်ကိုင်ခွင့်ရ အိန္ဒိယ ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank) က စာရင်းရှင်းပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဤငွေပေးချေရေးယန္တရားမှ အကျိုးရှိစေရန် နှစ်ဖက်စလုံးမှ စီးပွားရေးလုပ်ငန်းများကို တိုက်တွန်းအပ်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရူပီးနှင့် ကျပ်ပေးချေမှုအတွက် လုပ်ကိုင်ခွင့်ရဘဏ်အဖြစ် ပန်ဂျပ်အမျိုးသားဘဏ်၊ မြန်မာဘက်မှ CB ဘဏ်နှင့် UAB ဘဏ်တို့ကို ခွင့်ပြုထားသည်။ နယူးဒေလီမြို့ရှိ ပန်ဂျပ်အမျိုးသားဘဏ်တွင် (Special Rupee Vostro Account SRVA) စာရင်းဖွင့်လှစ်ဆောင်ရွက်ရမည်ဟု စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာဘဏ်များသည် SRVA ဘဏ်စာရင်းအောက်မှ ပို့ကုန်၊ သွင်းကုန်သမားများအတွက် ရူပီးငွေစာရင်းဖွင့်ကာ အိန္ဒိယသို့ တင်ပို့သည့် ပို့ကုန်မှရမည့် ရူပီးငွေများကို သွင်းကုန်တင်သွင်းရာတွင် ပြန်လည်ပေးချေရမည်။ ထိုငွေများကို အခြားသွင်းကုန်သမားများထံ လွှဲပြောင်းရောင်းချနိုင်မည်ဟုလည်း သိရသည်။
ကုန်သွယ်ရေးတွင် ဒေါ်လာအသုံးပြုမှု ကြီးမားနေဆဲဖြစ်ပြီး လက်ရှိတွင် ပန်ဂျပ်ဘဏ်တစ်ခုတည်းနှင့်သာ ချိတ်ဆက်နိုင်ခြင်း၊ နှစ်နိုင်ငံဘဏ်နှင့် ကုန်သည်များကြား ယုံကြည်မှုခိုင်မာရန် လိုအပ်ခြင်းတို့ကြောင့် အသုံးပြုသူနည်းနေဦးမည်ဟု မန္တလေးမှ ကုန်သည်ကြီးတစ်ဦးက သုံးသပ်သည်။
“ချက်ချင်းလက်ငင်းကြီးတော့လည်း မလွယ်ဘူးပေါ့။ ဒေါ်လာနဲ့အသားကျနေတဲ့ ငွေပေးငွေယူကိစ္စက ဒီဟာကို ချက်ချင်းပြောင်းလဲဖို့တော့ နည်းနည်းလေး အခက်အခဲရှိနေသေးတာပေါ့” ဟု သူက ပြောသည်။
“(ဒေါ်လာမသုံးရတဲ့ပုံစံ) မဖြစ်သေးပါဘူး။ ဖြစ်လို့လဲမရသေးဘူး။ တချို့တရုတ်ကုမ္ပဏီတွေဆိုလို့ရှိရင် ယွမ်နဲ့တောင် ပေးချေတာ လက်မခံဘူး။ ဒေါ်လာနဲ့ပေးချေမှပဲ သူတို့က ရောင်းပေးတာ။ အိန္ဒိယမှာလည်း အဲဒီလိုရှိနေသေးတယ်။ အဲ့ဒါကြောင့်မို့ ရူပီးနဲ့ ကျပ်နဲ့က အရမ်းကြီး အကောင်အထည်မပေါ်သေးတာပေါ့”
အိန္ဒိယနှင့် ကုန်သွယ်သည့်အခါ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှစ်ခုစလုံးတွင် ရူပီးနှင့်ကျပ် ပေးချေမှုကျင့်သုံးမည်၊ ထိုစနစ်သည် အိန္ဒိယမှ တင်သွင်းသည့် ဆေးဝါးနှင့် အခြားသွင်းကုန်များအတွက် ဒေါ်လာလိုအပ်ချက် လျှော့ချနိုင်မည်၊ ကုန်စည်နှင့် ငွေပေးချေမှု လွယ်ကူချောမွေ့ကာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် စစ်ကောင်စီကို တစ်နိုင်ငံလုံး ခုခံတိုက်ခိုက်နေကြခြင်း၊ နိုင်ငံ၏ စီးပွားရေး၊ လုံခြုံရေး ချွတ်ခြုံကျနေချိန်တွင် အိန္ဒိယနယ်စပ်၌ ကုန်သွယ်မှုမရှိသလောက်ဖြစ်နေခြင်းတို့ကြောင့် ထိုအစီအမံမှာ စာရွက်ပေါ်တွင်သာ ရှိလိမ့်မည်ဟု နယ်စပ်ကုန်သည်တစ်ဦးက ဝေဖန်သည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ ကုန်သည်အများအပြားလည်း နယ်စပ်ဒေသများကို စွန့်ခွာ၍ အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြကြောင်း သိရသည်။
အိန္ဒိယနှင့် နယ်နိမိတ်ချင်းဆက်နေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။ စစ်ကောင်စီက ထိုဒေသများအတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ သုံး၍ ဗုံးကြဲ၊ ပစ်ခတ်နေရာ အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ် မီးလောင်ပျက်စီးမှုတို့ ရှိနေကာ ဒေသခံအများအပြားမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်ရာတွင် ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချကာ သက်ဆိုင်ရာနိုင်ငံသုံး ငွေကြေးနှင့် ကျပ်ငွေကို တိုက်ရိုက်ပေးချေခွင့်ရရန် ကြိုးပမ်းလာခဲ့သည်။
နိုင်ငံခြားသုံးငွေပြတ်လပ်လာခြင်း၊ ကုန်သွယ်ရေးလိုငွေမြင့်တက်လာခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာနှင့် ရွှေဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်လာခြင်းတို့ကို ကြုံတွေ့နေရပြီး ပြည်ပ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်မည့် ကုန်ပစ္စည်းဖလှယ်သည့်စနစ်ကို ကျင့်သုံးရန် စစ်ကောင်စီက စီစဉ်နေသည်။